သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သက်တမ်းဝက် ရွေးကောက်ပွဲ မဲပေးသူများ


အမေရိကန်ပြည်ထောင်စုမှာ လက်ရှိသမ္မတတွေအပေါ် လူထုထောက်ခံမှု ဆန်းစစ်တယ်လို့မြင်နိုင်တဲ့ သက်တမ်းဝက်ရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။ သမ္မတ Donald Trump အုပ်ချုပ်ဖို့ကျန်တဲ့ သမ္မတသက်တမ်း ၂ နှစ်အတွင်း ရွေးကောက်ပွဲရလာဒ်အပေါ် မူတည်ပြီး အခြေအနေတွေ အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ သက်တမ်းဝက်ရွေးကောက်ပွဲအကြောင်းကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုမှာ Democrat ပါတီကိုထောက်ခံသူတွေနဲ့ Republican ပါတီထောက်ခံသူတွေကြား သိသိသာသာ သဘောထားကွဲနေချိန်မှာ သက်တမ်းဝက်ရွေးကောက်ပွဲတွေကို ကျင်းပနေတာပါ။ အောက်လွှတ်တော်အမတ်နေရာ စုစုပေါင်း ၄၃၅ နေရာလုံးအတွက်နဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၅ နေရာအပြင်၊ ပြည်နယ် ၅၀ ထဲက ၃၆ ပြည်နယ်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို မဲဆန္ဒရှင်တွေ မဲပေးရွေးချယ်နေကြပါတယ်။

အခုတခေါက် သက်တမ်းဝက်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေ မဲပေးဖို့ ပိုပြီးတက်တက်ကြွကြွရှိကြတယ်လို့ ရွေးကောက်ပွဲ လေ့လာသူတွေက ပြောကြပါတယ်။ သက်တမ်းဝက်ရွေးကောက်ပွဲတွေထဲမှာ မဲပေးသူ စံချိန်တင်အောင် အများဆုံးဖြစ်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ မဲရုံဖွင့်ချိန်မှာ မဲပေးဖို့ တန်းစီစောင့်နေတဲ့ Virginia ပြည်နယ်ထဲက မဲဆန္ဒရှင် Jamie Krovontka ကမူဝါဒအပြောင်းအလဲတွေဖြစ်လာဖို့အတွက် မဲလာပေးတယ်လို့ ပြောပါတယ်။

"ကျမဖြစ်စေချင်တဲ့အတိုင်း အစိုးရဖက်က စလုပ်လာဖို့မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျမလက်မခံနိုင်တဲ့ မူဝါဒတွေ ချမှတ်လာတယ်လို့ ခံစားရပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေဖြစ်လာဖို့ ကျမရဲ့ မဲတပြားက အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။"

ကျင်းပနေတဲ့ သက်တမ်းဝက်ရွေးကောက်ပွဲမှာ မဲပေးဖို့ စိတ်အားသန်နေကြသူတွေထဲမှာ အာရှနွယ်ဖွား အမေရိကန်နိုင်ငံသားတွေလည်းပါဝင်ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကထက် သိသိသာသာ ပိုများလာတယ်လို့ California ပြည်နယ်က Democrat အမတ် Ted Lieu ကပြောပါတယ်။

"အမေရိကန်မှာ အာရှ Pacific ဒေသနွယ်ဖွား အမေရိကန်တွေ ထက်ထက်သန်သန် ပါဝင်မှုက ၂၀၁၄ ခုနှစ်ကထက် အများကြီးတက်လာတာ တွေ့ရပါတယ်။ မဲမပေးလို့ အစိုးရက လုပ်ချင်တာလုပ်သွားတာကို အာရှ Pacific နွယ်ဖွားအမေရိကန်တွေ စပြီး သဘောပေါက်လာကြပါပြီ။"

အခုသက်တမ်းဝက်ရွေးကောက်ပွဲအတွက် Republican တွေဖက်ကရော Democrat တွေဖက်ကပါ အကြီးအကျယ် မဲဆွယ်မှုတွေလုပ်ခဲ့ကြတာပါ။ သမ္မတ Donald Trump ကိုယ်တိုင် Republican တွေအတွက် အရေးကြီးတဲ့ ပြည်နယ်တွေဆီ ကိုယ်တိုင်သွားပြီး ဟောပြောမဲဆွယ်ခဲ့သလို Democrat တွေဖက်ကလည်း သမ္မတဟောင်း Barack Obama က စည်းရုံးမဲဆွယ်မှုတွေလုပ်ခဲ့ပါတယ်။ မဲပေးတဲ့အင်္ဂါနေ့မှာလည်း Republican ကိုယ်စားလှယ်တွေကို မဲပေးကြဖို့ သမ္မတက Twitter ပေါ်မှာ ရေးသားတိုက်တွန်းနေပါတယ်။

အမေရိကတိုက်အလယ်ပိုင်းက ထောင်သောင်းချီတဲ့လူတွေ အမေရိကန်နိုင်ငံထဲကို ဝင်ရောက်နိုင်ဖို့ လာနေကြချိန်မှာ နိုင်ငံပြောင်းအခြေချမယ့်သူတွေအပေါ် ဆန့်ကျင်တိုက်ခိုက်တဲ့ပြောဆိုမှုတွေနဲ့ သမ္မတ Trump ကမဲဆွယ်ခဲ့ပါတယ်။ Democrat တွေဖက်ကတော့သမ္မတအိုဘားမားလက်ထက်က ပြဌာန်းခဲ့တဲ့ Obamacare တန်ဖိုးနည်းကျန်းမာရေးစောင့်ရှောက်မှုကိစ္စကို အသားပေးမဲဆွယ်ပါတယ်။

Obamacare ကို Republican တွေ ပယ်ဖျက်ဖို့ကြိုးစားနေတာမို့ တကယ်လို့ လွှတ်တော်မှာ သူတို့အသာရသွားရင် ရောဂါအခံရှိသူတွေ ကျန်းမာရေးစောင့်ရှောက်မှုမရတော့ဘဲ ဖြစ်သွားမှာကို Democrat တွေထောက်ပြစည်းရုံးခဲ့ပါတယ်။ အခုသက်တမ်းဝက် ရွေးကောက်ပွဲက ကျန်းမာရေးစောင့်ရှောက်မှုကို အဆုံးအဖြတ်ပေးမယ့်ရွေးကောက်ပွဲဖြစ်တယ်လို့ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Democrat အမတ် Nancy Pelosi ကအင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ တကယ်လို့ Democrat တွေအနိုင်ရခဲ့ရင် ပြည်သူတွေအတွက် ပွင့်လင်းတဲ့လွှတ်တော်ဖြစ်လိမ့်မယ်လို့ ခုလိုဆိုပါတယ်။

"ကျမတို့နိုင်မယ်ဆိုရင် ပွင့်လင်းမြင်သာတဲ့ Democrat လွှတ်တော်ဖြစ်စေရပါတယ်။ ဒါမှ ပြည်သူတွေအနေနဲ့ ဥပဒေပြဌာန်းချက်တွေက သူတို့အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာ မြင်နိုင်မှာဖြစ်သလို ဆုံးဖြတ်ချက်တွေမှာ သူတို့ ပါနိုင်မှာဖြစ်ပါတယ်။"

လောလောဆယ် အောက်လွှတ်တော်မှာ Republican အမတ်တွေအများစု လွှမ်းမိုးထားတာမို့ Democrat တွေဖက်က အသာရဖို့ လက်ရှိထက် အမတ်နေရာ အနည်းဆုံး ၂၃ နေရာ ထပ်ပြီး အနိုင်ရဖို့လိုပါတယ်။ အထက်လွှတ်တော်မှာတော့ လက်ရှိထက် အနည်းဆုံး ၂ နေရာ Democrat တွေဖက်ကနိုင်မှ လွှမ်းမိုးနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ Democrat တွေလွှမ်းမိုးနိုင်မယ်ဆိုရင် Republican သမ္မတ Trump အတွက် ကျန်သေးတဲ့ သက်တမ်း ၂ နှစ်အတွင်း လုပ်ဆောင်မှုတွေအပေါ် အများကြီးအကန့်အသတ်တွေရှိလာနိုင်ပါတယ်။ ဒါပေမဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ခန့်မှန်းချက်တွေအရ အထက်လွှတ်တော်မှာ Republican တွေကပဲ ဆက်အသာရနိုင်ပြီး အောက်လွှတ်တော်မှာတော့ Democrat တွေ အသာရနိုင်ခြေများတယ်လို့ သုံးသပ်နေကြပါတယ်။

ကျင်းပနေတဲ့ သက်တမ်းဝက်ရွေးကောက်ပွဲအတွက် မဲရုံပိတ်ချိန်တွေက ပြည်နယ်အပေါ်လိုက်ပြီး ဒေသစံတော်ချိန် ညနေ ၆ နာရီကနေ နောက်အကျဆုံး ၉ နာရီအထိဖြစ်ပါတယ်။ သမ္မတ Donald Trump အပေါ် ပြည်သူတွေရဲ့ထောက်ခံမှုကို ဆန်းစစ်ရာရောက်တဲ့ ရွေးကောက်ပွဲရလာဒ်အပြည့်အစုံကတော့ အစောဆုံး နိုဝင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့ကျမှ သိရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG