သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲ အာဏာချိန်ခွင်လျှာပြောင်းလဲ


မနေ့ကကျင်းပတဲ့ အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲမှာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီက အောက်လွှတ်တော် အမတ်နေရာအများစု အနိုင်ရတဲ့အတွက် သမ္မတထရမ့်နဲ့ သူ့ရဲ့ Republican ပါတီ အထိနာပြီး၊ အမေရိကန်နိုင်ငံရေးရဲ့ အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားပါပြီ။ ဒါပေမဲ့ အထက်လွှတ်တော်မှာတော့ Republican ပါတီက အမတ်နေရာအများစုအနိုင်ရပြီး၊ ဆက်လက် ထိန်းချုပ်နိုင်တဲ့ အတွက်၊ သမ္မတကိုဝန်းရံပြီး၊ ရှေ့လာမယ့်နှစ်တွေအတွင်း နိုင်ငံရေးအရ ထိပ်တိုက် ရင်ဆိုင်မှုတွေ တိုးလာနိုင်ခြေရှိပါတယ်။ သက်တမ်းဝက်ရွေးကောက်ပွဲ ရလဒ်တွေ နဲ့ ပတ်သက်ပြီး VOA သတင်းထောက် Jum Malone ကသတင်းပေး ပို့ထားတာကို ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

ဝါရှင်တန်မြို့တော်ရှိ ဒီမိုကရက်တစ်ပါတီဌာနချုပ်မှာ ပါတီခေါင်းဆောင် Nancy Pelosi က အောက်လွှတ်တော်ကို ဒီမိုကရက်တွေအများစုနဲ့ ပြန်လည် ထိန်းချုပ်နိုင် ပါပြီလို့ပြောဆို လိုက်ပါတယ်။

“ ကျမတို့အနေနဲ့ တူညီတဲ့အခြေခံအတွက် ပူးပေါင်းဆောင်ရွက်မှာဖြစ်သလို၊ ကျမတို့ ယုံကြည်ရာအတွက်လည်း အခိုင်အမာရပ်တည်ကြဖို့ တာဝန်ရှိပါတယ်။ ကျမတို့ အားလုံးဟာ စိတ်ဝမ်းကွဲပြားမှုတွေကို ဘေးဖယ်ပြီး၊ ဒီမိုကရက် ထိန်းချုပ်မယ့် အောက်လွှတ်တော် အနေနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ပြီး အဖြေရှာကြဖို့ဖြစ်ပါတယ်။”

Nancy Pelosi ဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ တာဝန်ပြန်လည်ထမ်းဆောင် ရမှာဖြစ်ပါတယ်။ သူက အနိုင်ရသွားတဲ့ Virginia ပြည်နယ် မဲဆန္ဒနယ်အမှတ်၁၀ ကိုယ်စားပြု အောက်လွှတ်တော်ဒီမိုကရက်အမတ် Jennifer Wexton ကိုကျေးဇူးတင်ကြောင်းပြောပါတယ်။ Jennifer Wexton ကတော့

“ကျမ ဒီရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး စ ကတည်းကပြောခဲ့သလိုပါဘဲ။ အမေရိကားမှာ အပြောင်းအလဲတွေဖြစ်လာတော့မယ်၊ Virginia ပြည်နယ်၊ မဲဆန္ဒနယ်မြေ အမှတ် ၁၀ မှာလည်း အပြောင်းအလဲတွေဖေါ်ဆောင်တော့မယ်လို့ ပြောခဲ့တာပါ။ အခု ဒီညမှာ ပြောင်းလဲနိုင်ခဲ့ပါပြီ။”

ဒါပေမဲ့ Republican တွေက အထက်လွှတ်တော်မှာ မဆိုသလောက် အမတ်နေရာ အသာစီးနဲ့ ထိန်းချုပ်ခဲ့ရာကနေ အခုရွေးကောက်ပွဲမှာ ဒီမိုကရက် အထက်လွှတ်တော် အမတ်တွေ ရဲ့ မြောက် ဒါကိုတာ၊ Missouri နဲ့ Indiana ပြည်နယ်က နေရာတွေမှာပါ အနိုင်သွားပါတယ်။ Indiana ပြည်နယ်မှာ အနိုင်ရတဲ့ Republican အထက်လွှတ်တော် အမတ် Mike Braun က အောင်ပွဲခံမိန့်ခွန်းပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ဟာ သမာရိုးကျဝါဒီတွေဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ ဦးဆောင်မှုနဲ့ ကျနော် တို့ရဲ့ အတွေးအခေါ်အယူအဆတွေကို သက်သေပြကြမှာပါ။ Indiana ပြည်နယ်မှာ အလုပ်ဖြစ်အောင်လုပ်ပြနိုင်ခဲ့သလို၊ ကျန်အမေရိကန်တခွင်မှာလည်း လုပ်ပြနိုင်မှာပါ။ ဒါနဲ့ ပတ်သက်ပြီး အငြင်းပွားမယ်ဆိုရင် ကျနော်အလေးအနက်တာဝန်ယူ ဖြေရှင်းပေးနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။”

အိမ်ဖြူတော်ပြောခွင့်ရ Sarah Sanders ကလည်း အထက်လွှတ်တော်မှာ Republican တွေဆက်ပြီး ထိန်းချုပ်နိုင်တဲ့အတွက် သမ္မတထရမ့်က ကျေနပ်နေတယ်လို့ပြောပါတယ်။

“သမ္မတကိုယ်တိုင်သွားပြီး ဖိဖိစီးစီး မဲဆွယ်စည်းရုံးပေးခဲ့တဲ့ အထက်လွှတ်တော် အမတ်လောင်း အများစု အနိုင်ရတဲ့အတွက်၊ ဒီနေ့ညမှာတော့ အနိုင်ရအမတ်တွေက သမ္မတ ကိုကျေးဇူး တင်နေကြပါတယ်။ နောက်ဆုံးမှာတော့ ဘယ်သူဘဲအနိုင်ရရပါ၊ သမ္မတ အနေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။”

နိုင်ငံရေးအကဲခတ် Rebecca Gill ကတော့ သမ္မတထရမ့်ရဲ့ လေကြီးမိုးကြီးအပြောနဲ့ မဲဆွယ်စည်းရုံးရေးတွေက နှစ်ဘက်စလုံးရဲ့ မဲဆန္ဒရှင်တွေအတွက် တွန်းအားတွေဖြစ်စေ ခဲ့တယ်လို့ သုံးသပ်ပါတယ်။

“နှစ်ဘက်စလုံးအမြင်ကွဲပြားမှုတွေပိုတိုးလာစေသလို၊ လူတွေပိုပြီး အားတက်သရော မဲပေး မှဖြစ်တော့မယ်ဆိုတဲ့ တွန်းအားလည်းဖြစ်စေခဲ့တာပါ။”

သမ္မတထရမ့်ကိုထောက်ခံသူ California ပြည်နယ်က Thomas Wesley ကတော့။

“သူလုပ်နေတာတွေ အများကြီးကို ကျနော်သဘောတူးပါတယ်။ အားလုံးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အတော်များများသဘောတူပါတယ်။ သမ္မတဟာ ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးလုပ်ပေးနေတာပါ။ ပြည်တွင်းအတွက်ရော၊ နိုင်ငံတကာအတွက်ပါပေါ့ဗျာ။”

သမ္မတထရမ့်ကို ဝေဖန်သူ နယူးယောက်မြို့ခံကတော့

“ဟုတ်ပါတယ်။ သမ္မတအခု အိမ်မက်ဆိုးတွေမက်နေလောက်ပါပြီ။ ကျနော်တို့အခုမှ အစဘဲရှိပါသေးတယ်။ ပထမအနေနဲ့ အောက်လွှတ်တော်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီး၊ ၂ နှစ်အတွင်း အထက်လွှတ်တော်နဲ့ အိမ်ဖြူတော်ပါ ပြန်ပြီးထိန်းချုပ်မှာပေါ့ဗျာ။ ထရမ့်ကို Good bye ပေါ့ဗျာ။” အကဲခတ်ပုဂ္ဂိုလ် Capri Cafaro ကလည်း နောက်ဆုံးမှာတော့ ၂ ဘက်စလုံးအတွက် ထရမ့်ရဲ့ လုပ်ရပ်တွေက အခရာကျပါတယ်တဲ့။

“ နှစ်ဘက်စလုံး စိတ်ဝင်တစား အားတက်သရော ရှိကြပါတယ်။ မဲဆန္ဒနယ်တွေအားလုံးနီးပါး၊ ထူးထူးခြားခြားအကြိတ်အနယ် ပြိုင်ခဲ့ကြတာတွေ့ရပါတယ်။ အထူးသဖြင့် နိုင်ခြေမရှိလို့ ပစ်လိုက်ရမယ့်အနေအထားရှိတဲ့ မဲဆန္ဒနယ်မြေတွေ မှာတောင် အကြိတ်အနယ်ပြိုင်ခဲ့ကြတာတွေ့ရပါတယ်။”

နောက်ထပ် သမ္မတရွေးကောက်ပွဲကျင်းပဖို့ ၂ နှစ်ဘဲလိုတော့တဲ့အချိန်မှာ ၂ ဘက်အပြိုင် အဆိုင် ပြင်ဆင်နေကြပြီး၊ အခု သမ္မတထရမ့်နဲ့ Democrats တွေအနေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်နိုင်ကြပါ့မလားဆိုတဲ့ မေးခွန်းနဲ့ ရင်ဆိုင်ကြရပြီဖြစ်ပါတယ်။

ကန် အောက်လွှတ်တော် ဒီမိုကရက်ပါတီ ပြန်လည်ထိန်းချုပ်
please wait

No media source currently available

0:00 0:04:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG