သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဝင်ဘာလလယ် ဒုက္ခသည်နေရာချထားရေး အသိုင်းအဝိုင်းနှစ်ဖက်လုံး စိုးရိမ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားသူတွေ မြန်မာနိုင်ငံဘက်ကို လာမယ့်နိုဝင်ဘာလလယ်မှာ ပြန်သွားဖို့ စခန်းတွင်း ပြင်ဆင်နေကြပြီဖြစ်ပေမဲ့ အများစုကတော့ လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ မပြန်လိုကြသေးဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ကြပါတယ်။ ပြန်လာမယ့်သူတွေအတွက် လုံခြုံတဲ့နေရာမှာ နေရာချထားပေးဖို့ ရခိုင်လွှတ်တော်က ပြည်နယ်အစိုးရနဲ့ပြည်ထောင်စုအစိုးရကို တောင်းဆိုထားသလို ရခိုင်ပြည်နယ်တွင်း လူမှုအသိုင်းအဝိုင်းနှစ်ခု အကြား ရေရှည်သဟဇာတရှိရှိနဲ့ အတူယှဉ်တွဲနေနိုင်ဖို့ အချိန်ယူပြီး ယုံကြည်မှုတည်ဆောက်ရဦးမှာဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြန်လာမယ့်ဒုက္ခသည်တွေအတွက်တင်မဟုတ်ပဲ ပြည်နယ်ထဲမှာပဲ တိမ်းရှောင်နေရဆဲ မူဆလင်ဒုက္ခသည်တွေအတွက်တောင် ခိုင်မာတဲ့ လုံခြုံရေး အာမခံချက် မရှိသေးဘူးလို့ ရခိုင်မောင်တောဒေသခံက ပြောပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၇ သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်မြောက်ပိုင်း လုံခြုံရေးကင်းစခန်းတွေကို ARSA အစွမ်းရောက်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း လုံခြုံရေးအာဏာပိုင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် စိုးရိမ်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်ပို့နိုင်ရေး ကုလသမဂ္ဂအပါအဝင် နှစ်နိုင်ငံကြား သဘောတူညီ ခဲ့ကြပြီးတဲ့နောက်မှာတော့ အုပ်စုလိုက် ပထမဆုံးအသုတ်အနေနဲ့ လာမယ့် နိုဝင်ဘာလလယ်မှာ ပြန်ပို့ဖို့ စီစဉ်ထားတဲ့ အကြောင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံခြားရေးတာဝန်ရှိသူတွေဘက်က ထုတ်ပြန်ကြေညာခဲ့တာပါ။

ပြန်လာကြမယ့်သူတွေအတွက် ပြန်လည်လက်ခံနေရာချထားရေး အစီအစဉ်တွေ အဆင်သင့်ဖြစ်နေပါပြီလို့ မြန်မာအစိုးရက ပြောဆိုထားပေမဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ရင်းကိုပြန်နိုင်လောက်အောင် မြန်မာနိုင်ငံဘက်မှာ လုံခြုံရေး-နိုင်ငံသားအခွင့်အရေးနဲ့ အခြေခံလိုအပ်ချက်တွေ ပေးဖို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် အစီအစဉ်ကို ချက်ခြင်း ဆိုင်းငံ့ထားဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးကလည်း တောင်းဆိုထားတာပါ။

အခုဆိုရင်တော့ ဒုက္ခသည်စခန်းတွေမှာ ပထမဆုံးအသုတ်ပြန်ပို့မယ့် စာရင်းထဲပါသူတွေ နေရပ်ပြန်ဖို့ ပြင်ဆင်ခိုင်းနေသလို နေရပ်ပြန်ကြရမယ့်ဒုက္ခသည်တွေအများစုကတော့ လုံခြုံရေးစိုးရိမ်ချက်တွေနဲ့ မပြန်လိုကြသေးဘူးဖြစ်နေကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar အနီး ဘာလုခါလေ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်တဦးဖြစ်တဲ့ ဦးမောင်မောင်ကပြောပါတယ်။

"အခုလောလောဆည်က စခန်းငယ်တွေတွေရှိတဲ့ အဲဒီကလူတွေက စခန်းတာဝန်ခံစီက လောလောဆည် မြန်မာနိုင်ငံကို ပြန်မယ့်သူ ၂၀၀၀ လောက်ကို ပို့မယ်လို့ ကျနော်တို့ သိရပါတယ် သူတို့ဆန္ဒနဲ့ ပြန်ချင်တဲ့သူတွေမဟုတ်ပါဘူး ။ လူတွေက ပြန်မယ်ဆိုတော့ တအားစိုးရိမ်နေတယ် ဒီမှာက မိသားစုအိမ်စုနဲ့ ခေါင်းဆောင်တွေရှိတယ် အဲဒီလူတွေကနေပြီးတော့ သူတို့ စာရင်းတွေရရှိတယ်လို့ပြောတယ်။ ဒါပေမယ့် လူတွေက မကျေနပ်ဘူး မသွားဘူးလို့ ပြောတယ်။"

ဒုက္ခသည်တွေဘက်ကတော့ နိုင်ငံသားအခွင့်အရေး တန်းတူရရှိရေး၊ဘေးကင်းလုံခြုံမှုရှိရေးနဲ့ သူတို့ရဲ့နေရပ်ရင်းတွေမှာ ပြန်လည်နေရာချထားပေးရေးစတဲ့ အခွင့်အရေးတွေအပြည့်အဝပေးဖို့ မြန်မာအစိုးရနဲ့ ဘင်္ဂလားအစိုးရပူးပေါင်းအဖွဲ့ ဒုက္ခသည်စခန်းတွေ လာရောက်ခဲ့ချိန် တောင်းဆိုထားခဲ့ကြတာပါ။

အခုလိုနေရပ်ပြန်ဖို့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့စီစဉ်နေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးအစီအစဉ်တွေနဲ့ပတ်သက်ပြီး ဒေသခံရခိုင်ပြည်သူတွေနဲ့ ပဋိပက္ခထပ်မဖြစ်ရအောင် လုံခြုံရေး စနစ်တကျစီစဉ်ဆောင်ရွက်ပေးဖို့ ဆွေးနွေးတင်ပြ တောင်းဆိုထားတဲ့အချက်တွေကိုတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက အခုလိုပြောပြပါတယ်။

"ကျနေ်ာတို့က ပြောထားပါတယ်၊ အခုဝင်လာမယ့်နောက်ပိုင်းလူတွေကို မောင်တောမြောက်ပိုင်းမှာ လုံခြုံရေးရှိတဲ့နေရာတွေမှာ ထားရှိရမယ်။ မဟုတ်ဘူးဆိုရင် ဒေသခံတွေ ကြောက်လန့်မှုတွေဖြစ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် လုံခြုံရေးရှိတဲ့နေရာတွေမှာ ထားပေးဖို့ သူတို့ကို ကျနော်တို့က လွှတ်တော်မှာတင်ပြပြီးသားဖြစ်တယ်။ ပြည်သူတွေရဲ့ ဆန္ဒအရ ကျနော်တို့က လွှတ်တော်မှာတင်ပြတဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရရော ပြည်နယ်အစိုးရရော ဒါနဲ့ ပတ်သက်ပြီးတော့ တခုခုလုပ်လာမယ်ဆိုရင်တော့ အခုနေတဲ့ ဒေသခံပြည်သူတွေအတွက် ထိခိုက်မှုတွေဖြစ်လာနိုင်တယ်လို့ ကျနော်အနေနဲ့ သုံးသပ်ပါတယ်။"

မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်အောင် စီစဉ်ထားပြီး သူတို့ရဲ့နေရပ်ရင်းနေရာတွေနဲ့ အနီးစပ်ဆုံးနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ ဆောင်ရွက်ထားတယ်လို့ အစိုးရက ပြောဆိုထားပါတယ်။

ဒါပေမဲ့လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောဒေသထဲမှာတော့ ပြန်လာမယ့်ဒုက္ခသည်တွေအတွက် မဆိုထားနဲ့ ရခိုင်ပြည်နယ်ထဲမှာပဲ တိမ်းရှောင်နေရဆဲ သူတို့အတွက်တောင် ခိုင်မာတဲ့ ဘဝအာမခံချက်မရှိသေးသလို လုံခြုံရေးစိုးရိမ်မှုတွေရှိနေဆဲပဲလို့ မောင်တောဒေသခံ မြို့သူကြီးကျေးရွာသား မူဆလင်တဦးဖြစ်တဲ့ ဦးလှထွန်းက သူ့စိုးရိမ်ချက်ကို ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ စာရင်းကောက်မှုမှာ သူတို့ကပါသွားတော့ အဲလိုလူတွေလည်း စာရင်းထဲမှာ ပါနေတာတွေရှိတယ်။ တကယ်တော့ ဒီဘက်မှာကျနော်တို့က ဒီလိုရှိနေတယ်ဆိုတော့ ဒီဘက်ကအခြေအနေကတော့ လုံးဝကိုမပြောင်းလဲဘူး ကျနော်တို့ ပြန်လာမယ့်လူတွေရဲ့ လုံခြုံမှုရော၊ နောက်ပြီးသူတို့က အရာရာဆုံးရှုံးသွားတဲ့လူတွေဆိုတော့ သူတို့ဘဝရှင်သန်ရေးအတွက် သူတို့ကအလုပ်အကိုင်တွေလည်းမရှိဘူး။ ပြီးတော့ အဓိကက ကျနော်တို့ရဲ့ နိုင်ငံသားအခွင့်အရေးကို အစိုးရကနေပြီးတော့ လုံးဝကို ပိတ်ပင်ထားတယ်ဆိုတော့ ဒီလူတွေပြန်လာပြီးတော့လည်း အရင်အတိုင်း အရင်ကနေသလို လူတွေက လုံး၀ လိုလိုလားလား ပြန်လာချင်တာမဟုတ်ဘူး။ ဒါပေမယ့် ၂ နိုင်ငံအစိုးရ သဘောတူညီချက်အတိုင်း တချို့တလေက စာရင်းနဲ့ မဖြစ်မနေပြန်လာရမယ်ဆိုတာ ကျနော်တို့က ကြားသိရတယ်။"

ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကားမြို့တော်မှာ မြန်မာနိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် M ရှာဟီဒိုဟက်တို့ ပူးတွဲကမကထပြု ကျင်းပတဲ့ JWG ခေါ် Joint Working Group နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့ နိုင်ငံခြားရေးအတွင်းဝင်အဆင့် ဆွေးနွေးပွဲ အစည်းအဝေးကနေ ပထမဆုံးအုပ်စုလိုက်အသုတ်အနေနဲ့ လာမယ့်နိုဝင်ဘာလ လလယ်မှာ ပြန်လက်ခံဖို့ သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံထားပေမဲ့လို့ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ပြီးခဲ့တဲ့ သြဂုတ်လက အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းကျော်အနက် ဌာနေပြန်ပို့နိုင်ရေး နှစ်နိုင်ငံကြား စီစစ်ထားပြီးဖြစ်တဲ့ ဒုက္ခသည် ၈၀၀၀ထဲကမှ စိစစ်ထားပြီး ဒုက္ခသည်နှစ်ထောင်ကို ပထမအသုတ် ပြန်လက်ခံမှာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG