သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေဌာနေပြန်ရေး စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး


စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar State Counsellor Office)
စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Myanmar State Counsellor Office)

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်မှာ စကာၤပူနိုင်ငံ အနေနဲ့ရော အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ အနေနဲ့ပါ ပံ့ပိုးဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေကို ဒီကနေ့ စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဆွေးနွေးကြပါတယ်။

ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေ ဌာနေပြန်ရေးမှာ ဘေးကင်းလုံခြုံမှု ရှိရှိ လူ့ဂုဏ်သိက္ခာနဲ့ အညီ ဆန္ဒအလျောက် ဌာနေပြန်ရေး ဖြစ်ဖို့က အရေးကြီးဆုံး ဖြစ်ပါတယ်ဆိုတာကို စကာၤပူနိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ သဘောတူကြကြောင်း စကာၤပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပါတယ်။

ဒီကနေ့ နေပြည်တော်က ဆွေးနွေးမှု အတွင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ရှင်းပြခဲ့တာမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမယ့် ရခိုင် အရေး စုံစမ်းရေး ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် အပေါ် အာဆီယံဘက်က ဘယ်လို ကူညီပေးနိုင်မလဲဆိုတာကိုလည်း နှစ်ဘက်တို့ ဆွေးနွေးခဲ့ကြောင်း စကာၤပူနိုင်ငံခြားရေး ဌာန ကြေညာချက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။ အဲဒီထဲက လူပေါင်း ၂ ထောင်ကျော်တို့ ပထမ အသုတ် အနေနဲ့ အခု နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဌာနေပြန်ရေး လုပ်ငန်းစဉ် စမှာ ဖြစ်ပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပေမယ့် မြန်မာဘက်က ထွက်ပြေးရသူ အားလုံးကို လက်ခံမယ်လို့ ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG