သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံတွေ တပြေးညီတိုးတက်ရေး ခေါင်းဆောင်များသဘောတူ


အာဆီယံနိုင်ငံတွေအတွင်း စီးပွားရေးပိုပြီးတိုးတက်ဖွံ့ဖြိုးလာအောင် လွတ်လပ်ပွင့်လင်းတဲ့ကုန်သွယ်ရေးစနစ်တွေကို ဆက်ပြီး လုပ်ဆောင်သွားဖို့ အာဆီယံခေါင်းဆောင်တွေက အခိုင်အမာသဘောတူညီခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ရဲ့ နှစ်ပတ်လည်ညီလာခံရဲ့ သီးခြားဆွေးနွေးပွဲတခုမှာ အာဆီယံခေါင်းဆောင်တွေက အခုလို သဘောတူညီခဲ့ကြတာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါ လိမ့်မယ်။

အောက်တိုဘာလ ၁၂ရက်ကနေ ၁၄ရက်နေ့ အထိကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ကမ္ဘာ့ဘဏ်နဲ့နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့တို့ရဲ့ နှစ်ပတ်လည်ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားသမ္မတရဲ့ဖိတ်ကြားချက်အရ မြန်မာသမ္မတဦးဝင်းမြင့်အပါ အ၀င် အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေလည်း လာရောက်စုံစည်းပြီး သီးခြားဆွေးနွေးမှုတွေလုပ်ခဲ့ကြပါတယ်။ အာဆီယံနိုင်ငံတွေ အကြားတိုးတက်မှုတွေ လုပ်ဆောင်ကြတဲ့နေရာမှာ ဘယ်နိုင်ငံကိုမှ နောက်မှာချန်မထားပဲလုပ်သွားကြဖို့ သဘောတူထားကြတဲ့အကြောင်း အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံသမ္မတ Joko Widodo က မနေ့ညကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

"ကမ္ဘာစီးပွါးရေးမှာ အခက်အခဲတွေစိန်ခေါ်မှုတွေကြုံနေရပေမဲ့လည်း အာဆီယံနိုင်ငံတွေရဲ့တိုးတက်မှုတွေကတော့ ဆက်ပြီး မြင့်မားနေပါတယ်။ ရေရှည်ခံတဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာရည်ရွယ်ချက်တွေအရလည်း အာဆီယံက ဆက်ပြီးမြင့်မားနေတုန်း ပါ။ လွန်ခဲ့တဲ့၁၅နှစ်အတွင်းမှာ အကြီးအကျယ် ဆင်းရဲမွဲတေမှုတွေဟာ ၆၈ရာခိုင်နှုန်းလျော့ကျခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွင်း တိုးတက်ဖွံ့ဖြိုးမှုကွာဟချက်တွေကို နည်းအောင်လျှော့ချသွားရေးက အရေးကြီးတယ်ဆိုတာကို အာဆီယံ ခေါင်းဆောင်တွေ သဘောတူကြပါတယ်။ တိုးတက်မှုတွေလုပ်ဆောင်ကြတဲ့နေရာမှာ တနိုင်ငံကိုမှ နောက်မှာကျန်မနေ ရအောင်အသေအချာလုပ်ကြဖို့လည်းသဘောတူထားကြပါတယ်"

အာဆီယံနိုင်ငံတွေ အချင်းချင်းအကြားရင်းနှီးမြုပ်နှံမှုတွေလုပ်တဲ့ နေရာမှာပိုပြီးလွယ်ကူသွက်လက်လာအောင် ရှိနေတဲ့ အတားအဆီးတွေကိုလျှော့ချသွားဖို့လည်း အာဆီယံခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။ ဒီလုပ်ငန်းကိုစတင် အကောင်အထည်ဖေါ်ဖို့ စင်္ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ဖိလစ်ပိုင်လေးနိုင်ငံအကြား နားလည်မှုသဘောတူစာချုပ်တရပ်ကို မနေ့က လက်မှတ်ထိုးခဲ့ကြပါတယ်။ အာစီယံနိုင်ငံအတွေအကြား စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုတွေကိုဆထက်တံပိုးတိုး ပြီးလုပ်ဆောင်သွားကြမယ်လို့ပြောခဲ့သူကတော့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ပါ။

"နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံစုံပါဝင်ရေးကို အခိုင်အမာထားပြီးဆက်လုပ်ဆောင်သွားကြဖို့ ကျနော်တို့တွေ ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။ အာဆီယံအနေနဲ့ ပွင့်လင်းပြီး စည်းကမ်းရှိတဲ့နိုင်ငံစုံကုန်သွယ်ရေးစနစ်ကို အခိုင်အမာ ဆက်လုပ်ဆောင်သွားမှာပါ။ ဒီလိုနိုင်ငံစုံကုန်သွယ်ရေးပုံစံနဲ့လုပ်ခဲ့ကြလို့လည်း ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အာဆီယံရဲ့ စီးပွါးရေးက တိုးတက်အားကောင်းခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ဒေသတွင်းနိုင်ငံတွေအချင်းချင်းအကြား အပြုသဘော ဆောင်တဲ့စီးပွါးဘက်တွေအဖြစ် ဆထက်တံပိုးတိုးပြီးအားထုတ်လုပ်ဆောင်သွားမှာပါ။ ထိရောက်မှုတွေကို ဒီနှစ်ကုန်ပိုင်း ကျရင်မြင်ရလိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်"

အင်ဒိုနီးရှားသမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ်တို့၂ဦး မနေ့ညပိုင်းက ဘာလီကျွန်းမှာပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြတာပါ။ အာဆီယံအဖွဲ့အတွင်း စင်္ကာပူလို ချမ်းသာတဲ့နိုင်ငံရှိသလို ဆင်းရဲတဲ့နိုင်ငံတွေဖြစ်တဲ့ မြန်မာနဲ့လာအိုနိုင်ငံတွေလည်းရှိနေတာ ကြောင့် ဆင်းရဲချမ်းသာကွာဟမှုကို နည်းနိုင်သမျှနည်းအောင်အခိုင်အမာလုပ်ဆောင်သွားကြဖို့လည်းဆုံးဖြတ်ထားတယ် လို့ အင်ဒိုနီးရှားသမ္မတ Joko Widodo ကပြောပါတယ်။ မြန်မာသမ္မတဦးဝင်းမြင့်ကတော့ အာဆီယံဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုတွေကိုအလေးထားဆောင်ရွက်သွားမယ့်အကြောင်း။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှ ဒေသအကြားမှာ မဟာဗျူဟာကျကျတည်ရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦးလိုအပ်ချက်တွေကို ပံ့ပိုး ဖြည့်စည်းပေးနိုင်မယ်ဆိုရင် ဒေသတွင်းပေါင်းစပ်ဆက်သွယ်မှုတွေကို ပိုပြီးအထောက်အကူဖြစ်စေနိုင်လိမ့်မယ်လို့ပြောဆိုခဲ့ တဲ့အကြောင်း မြန်မာသမ္မတရုံး Facebook စာမျက်နှာမှာဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG