သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ပွင့်လင်းမြင်သာစွာဆောင်ရွက်မည်ဟု ဒေါ်စု ဂျပန်မှာ ပြောကြား


တိုကျိုမြို့မှာ ကျင်းပတဲ့ ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ဖရင့်မှာ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၈ ရက် ၂၀၁၈ (Photo- Myanmar State Counsellor's Facebook)
တိုကျိုမြို့မှာ ကျင်းပတဲ့ ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကွန်ဖရင့်မှာ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာလ ၈ ရက် ၂၀၁၈ (Photo- Myanmar State Counsellor's Facebook)

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးရောက်လာဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေထဲ ရခိုင်ပြည်နယ် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေးမှာ ပိုမို ပွင့်လင်း မြင်သာမှုရှိစေရမယ်လို့ ဂျပန်နိုင်ငံရောက်ရှိနေတဲ့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့က တိုကျိုမြို့မှာပြုလုပ်တဲ့ မြန်မာ-ဂျပန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောကြားခဲ့တာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ဂျပန်နိုင်ငံမှာ ဒီကနေ့ကျင်းပမယ့် ဂျပန်-မဲခေါင်ဒေသ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ကိုယ်တိုင်လာရောက်လေ့လာပြီး ရင်းနှီးမြှုပ်နှံကြဖို့ အလေးအနက် တိုက်တွန်းခဲ့ပါတယ်။

ပြည်တွင်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး အခွင့်အလမ်းတွေ ပိုမိုရရှိဖို့အတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရှိဖို့ လိုအပ်နေတယ်ဆိုတာ သူ့အစိုးရအနေနဲ့ လက်ခံထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ပါတယ်။

"ကျမတို့အနေနဲ့ နောက်ထပ်ရင်းနှီးမြုပ်နှံမှုနဲ့ ပိုကျယ်ပြန့်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခွင့်အရေးတွေကို ဆွဲဆောင်လိုတယ်ဆိုရင် ကျမတို့နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေမှာ ပြည်ပက မိတ်ဆွေတွေလာရောက် ပူးပေါင်းဆောင်ရွက်စေချင်တယ်ဆိုရင် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ချစ်ကြည်ရေး၊ နိုင်ငံတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး စတဲ့ ဒီအချက်အားလုံးကို ထည့်သွင်းစဉ်းစားရမယ်ဆိုတာကို ကျမတို့ နားလည်သဘောပေါက်ပါတယ်။"

အထူးသဖြင့် ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ရင် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့လိုအပ်နေတယ်ဆိုတာ သိရှိကြောင်းနဲ့ ဒီအတွက်လည်း မိတ်ဆွေတွေအပေါ် ဖုန်းကွယ်ထားမှ မဟုတ်ဘူးလို့ဒေါ်အောင်ဆန်းစုကြည်က အခုလို ဝန်ခံ ကတိပေး ပြောဆိုသွားပါတယ်။

"ကျမအနေနဲ့ ဝန်ခံဖို့ အဆင်သင့်ဖြစ်တဲ့အချက်က ကျမတို့အနေနဲ့ အထူးသဖြင့် ရခိုင်အရေးအပြင် ငြိမ်းချမ်းရေး မျက်နှာစာမှာ ရုန်းကန်မှုတွေနဲ့ ပတ်သက်လို့ အကဲဆတ်မှုတွေရင်ဆိုင်ရတယ် ဆိုတဲ့အချက်ပါပဲ။ ကျမတို့အနေနဲ့ ဒီအခက်အခဲတွေကို နားလည်သဘောပေါက်ပြီး ဒီအချက်တွေကိုလည်း မိတ်ဆွေတွေကို မသိအောင် ဖုံးကွယ်မထားပါဘူး။"

ဒါအပြင် စနေနေ့က NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ရခိုင်အရေးနဲ့ ပတ်သက်လို့ သူရဲ့သဘောထားကိုပြောရာမှာ ဒီကိစ္စကို လူအတော်များများက သေသေချာချာ နားမလည်ကြသလို၊ ပြဿနာကိုလည်း အမြန်ဖြေရှင်း ယူလို့မရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်မှာတင်ပဲ အခြေအနေက ဘယ်လိုရှိတယ်ဆိုတာကို သဘောမပေါက်ကြတဲ့လူတွေအများကြီးရှိနေတာကြောင့် မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ နားလည်ဖို့က ပိုပြီးဝေးပါတယ်။ ဒါပေမယ့်လို့ ဒီကနေ့ ဒီအခါမှာ ပြဿနာတွေကို မြန်မြန်နဲ့ လွယ်လွယ်ဖြေရှင်းပြီး ချက်ချင်းစိတ်သက်သာရာရစေမယ့် နည်းတွေကို သုံးလိုစိတ်က အမြဲရှိနေကြပါတယ်။ အားလုံးကို ချက်ချင်းနဲ့ မြန်မြန်လုပ်စေချင်ကြတယ်။ ကျမတို့အနေနဲ့ ဒီလိုလုပ်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။ ရေရှည်မှာ ထွက်ပေါ်လာမယ့် ရလဒ်တွေကို ဖြေရှင်းရမယ့်တာဝန်က ကျမတို့အပေါ်မှာ ကျမှာဖြစ်ပါတယ်။"

ဒါအပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်နေတဲ့အချက်တွေရှိမယ်ဆိုရင် သူ့အစိုးရနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ဖို့လည်း ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေကို ဒေါ်အောင် ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

"ကျမတို့အနေနဲ့ ကျမတို့မိတ်ဆွေတွေအပေါ် ပွင့်လင်းပြီး ထင်သာမြင်သာရှိလိုပါတယ်။ ကျမတို့နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေ ရှိမယ်။ ပူပန်မှုတွေရှိမယ်ဆိုရင် ကျမတို့နဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါ့အပြင်အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးဖို့လည်း တောင်းပန်ချင်ပါတယ်။ ကျမတို့ ဘက်က အခုလို ပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့ အဆင်သင့်ရှိသလို တဖက်ကလည်း အမြင်ကျယ်ကျယ်နဲ့ နားထောင်ပြီး ဘယ်နည်းနဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဆက်ဆံရေးပိုကောင်းစေဖို့သာမက ၂ နိုင်ငံပြည်သူတွေအကြား ဆက်ဆံရေး ပိုကောင်းမှုအပြင် တကမ္ဘာလုံးနဲ့လည်း ဆက်ဆံရေး ဘယ်လိုကောင်းမွန်အောင်လုပ်ဆောင်နိုင်မလဲဆိုတာကိုလည်း လေးလေးနက်နက် ထည့်သွင်းစဉ်းစားစေချင်ပါတယ်။"

အောက်တိုဘာလ (၈)ရက်နေ့က တိုကျိုမြို့ ASEAN-Japan Centre က ကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ သူနဲ့အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌလည်းဖြစ်၊ အမျိုးသားလုံခြုံရေးအကြံပေးလည်းဖြစ်တဲ့ ဝန်ကြီး ဦးသောင်းထွန်းလည်း တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင် တနင်္ဂနွေနေ့က ဖူကူရှိမားခရိုင်မှာ ၂၀၁၁ခုနှစ်က ငလျှင်ဘေးဒဏ်သင့်ခဲ့တဲ့ ဒုက္ခသည်တွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေရှိတဲ့ အီဇုမိဇကိကျေးရွာက “Kokoron” လုပ်ငန်းစုကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာခဲ့ပါတယ်။

သူရဲ့ ငါးရက်ကြာ ဂျပန်နိုင်ငံခရီးစဉ်ကို အောက်တိုဘာလ (၅)ရက်သောကြာနေ့က စတင်ခဲ့ပြီး ဒီကနေ့ အင်္ဂါနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဂျပန်-မဲခေါင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်သလို ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့လည်း နှစ်နိုင်ငံဆက်ဆံရေး သီခြားဆွေးနွေးဖို့ရှိပါတယ်။ အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးကြိမ်မြောက် ဂျပန်နိုင်ငံခရီးစဉ်ဖြစ်ပြီး ပထမအကြိမ် ၂၀၁၃ခုနှစ်က NLD အမတ်တဦးအနေနဲ့သွားရောက်ခဲ့တာဖြစ်ပြီး၊ ၂၀၁၆ခုနှစ်မှာ NLD အစိုးရတက်လာချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဒုတိယအကြိမ် သွားရောက်ခဲ့တာဖြစ်ပါတယ်။

Daw Aung San Suu Kyi gave an opening speech at Japan-Myanmar Investment Conference in Tokyo
please wait

No media source currently available

0:00 0:05:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG