သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး ASEAN ကူညီဖို့ ကုလအတွင်းရေးမှူး တိုက်တွန်း


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres

ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အကူအညီပေးဖို့ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ ဘေးဒုက္ခ အကျပ်အတည်းနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းဖို့ အာဆီယံအသင်းရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ တချိန်တည်းမှာပဲ ဒုက္ခသည်တွေ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ပေါ်ပေါက်လာအောင် ဖန်တီးရာမှာ ကူညီကြဖို့လည်း အတွင်းရေးမှူးချုပ် António Guterres က အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ညီလာခံ မိန့်ခွန်းမှာ ဒီနေ့ပဲ ပြောကြားသွားခဲ့တာပါ။

တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးနဲ့အတွက် ရင်းနှီးမြှုပ်နှံ သုံးစွဲမှုတွေ အကြီးအကျယ် လိုအပ်သလို၊ ပြန်လည်သင့်မြတ်ရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး ကိစ္စတွေဟာ အရေးကြီးတဲ့အကြောင်းလည်း ပြောဆိုသွားပါတယ်။ ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်ခဲ့တဲ့ ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့လည်း ထပ်မံတိုက်တွန်းခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက ပထမအသုတ်အဖြစ် ၆ ထောင်လောက် ပြန်ပို့ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ရှင်းလင်းရာက ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်င့တကာ အသိုင်းအဝန်းက စွပ်စွဲထားသလို၊ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် အမြန်ဆုံး စီစဉ်ဖို့လည်း တိုက်တွန်းထားတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေတဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အဆင်သင့် ရှိနေကြောင်းလည်း တုံ့ပြန်ပြောဆိုထားပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေး ASEAN ကူညီဖို့ ကုလအတွင်းရေးမှူး တိုက်တွန်း
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG