သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာမိန်းကလေးတွေရဲ့ ပညာသင်ကြားရေး အခက်အခဲ


ဘင်္ဂလားဒေရှ့် နိုင်ငံက ရိုဟင်ဂျာ ဆယ်ကျော်သက် မိန်းကလေး တဦးကတော့ ကမ္ဘာပေါ်မှာ ပညာတတ် ရိုဟင်ဂျာ အမျိုးသမီး တဦး ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကြိုးစားနေပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လေ့လာလိုပြီး ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး အတွက် ဆောင်ရွက်ဖို့ ဆန္ဒပြင်းပြနေတဲ့ ရိုဟင်ဂျာ မိန်းကလေး တယောက်အကြောင်း AP ဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးမှာပါ။

Khushi လို့ အများက သိကြတဲ့ အသက် ၁၉ နှစ် အရွယ် Rahima Akter က ရိုဟင်ဂျာ အသိုင်းအ၀ိုင်းတွင်းမှာ ရှားရှားပါးပါး အထက်တန်းကျောင်းပြီးထားတဲ့ မိန်းကလေးပါ။ အခုတော့ တက္ကသိုလ် တက်ဖို့ စာတမ်း တခုကို ပြုစုနေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကြီး အတွင်း တအိမ်တက်ဆင်းသွားပြီး မြန်မာဘက်က ထွက်ပြေးခဲ့ရသူတွေရဲ့ ကိုယ်တိုင်တွေ့ကြုံရတာတွေကို မှတ်တမ်းတင်နေတာပါ။ ပညာ ဆက်သင်မယ့် သူ့ရဲ့ အိပ်မက်ကို Rahima Akter က အခုလို ပြောပါတယ်။

"ပညာသင်ရတော့ ကိုယ့်အကြောင်းကို ပိုပြီး နားလည်လာပါတယ်။ ဒါကြောင့်လည်း ကျမ အိမ်ထောင် မပြုသေးတာပါ။ စခန်းထဲက ကျမ သူငယ်ချင်းတွေဆိုရင် ကလေးတွေ ၂ ယောက် သုံးယောက် ရနေကြပါပြီ။ သူတို့ဘ၀က ဒီစခန်းထဲမှာပါဘဲ။ တခါတလေကျတော့ ယောက်ျားနဲ့ စကားများလို့ မပျော်မရွှင်ဖြစ်ကြ၊ တခါတလေကျတော့လည်း ကလေးတွေကြောင့် စိတ်ဒုက္ခရောက်ကြရပါတယ်။သူတို့ အတွက်ရော သူတို့ ကလေးတွေ အတွက်ရော တိုးတက်ရာ တိုးတက်ကြောင်း မရှိပါဘူး။ ဒါကြောင့် ပညာသင်ပြီးရင် တိုးတက်အောင် လုပ်နိုင်မယ်လို့ ကျမက ထင်ပါတယ်။"

ဒါပေမယ့် ဒုက္ခသည် စခန်းတွင်းက ကလေးတွေ အတွက် ပညာသင်ကြားခွင့် ရဖို့က မလွယ်လှပါဘူး။ စခန်းတွင်းမှာ ဖွင့်ထားတဲ့ ကျောင်းက ၅ တန်းလောက်ထိဘဲ ပညာသင်နိုင်ပြီး ကျောင်းအပ်တဲ့ ကလေးအရေအတွက်ကလည်း နည်းပါတယ်။ ကျောင်းပြီးတဲ့ အထိ တက်ဖို့ကတော့ အနီးက မြို့တွေ ဒါမှမဟုတ်လည်း ကောဇ့်ဘဇားက ဘင်္ဂလားဒေရှ့် အထက်တန်းကျောင်းမှာ ကျောင်းအပ်ရမှာပါ။ ဘင်္ဂလားဒေရှ့် ကျောင်းတွေမှာ ရိုဟင်ဂျာတွေ တရားဝင် ကျောင်းအပ်လို့ မရသလို သွားရေး လာရေးကလည်း ကန့်သတ်ခံထားရတာကြောင့် ခက်ခဲပါတယ်။ ဒါကြောင့်လည်း Akter က ရိုဟင်ဂျာ ဆိုတာကို ဖျောက်ပြီး ကောဇ့်ဘဇားက အထက်တန်းကျောင်းမှာ တက်ရောက်နိုင်ဖို့ ကျောင်းက တာဝန်ရှိသူတွေကို လာဘ်ထိုးခဲ့ရတယ်လို့ ပြောပါတယ်။ ကျောင်းအပ်ဖို့ထက် အဖေကို နားချဖို့က ပိုခက်ခဲ့တယ်လို့လည်း Akter က ပြောပါတယ်။

"ကျမ စာမသင်တော့ဖို့ အဖေက တားပါတယ်။ အဖေက ပြောတယ် ကျမ ကျောင်းတက်စရာမလိုဘူးတဲ့ အိမ်ထောင်ပြုရမယ်လို့ ပြောပါတယ်။ ဒါက ကျမတို့ ထုံးတမ်းစဉ်လာဖြစ်ပြီး ဒီလိုဘဲ လုပ်ရမယ်လို့ ပြောပါတယ်။ ကျမဖြင့် ငိုလိုက်ရတာ။ ပြီးတော့ ကျမ ပညာတတ်ချင်တယ်လို့ မိဘတွေကို တောင်းတောင်းပန်ပန် ပြောရပါတယ်။ ကျမကို ယုံပါ။ ကျောင်းတက်ပါရစေ၊ တနေ့ ပညာတတ် ဖြစ်ရပါမယ်လို့ ပြောရပါတယ်။"

Aktar ရဲ့ မိခင်ကတော့ ဘင်္ဂလားဒေရှ့်ကို ၁၉၉၂ ခုနှစ်မှာ ထွက်ပြေးခဲ့သူ ဒုက္ခသည် တဦးလို့ ပြောပါတယ်။ မိခင်ဖြစ်သူ Minara Begum က ကျောင်းမတက်ဖူးပါဘူး။ ဒါပေမယ့် သမီးဖြစ်သူ ကျောင်းတက်ခွင့်ရရေး ယောက်ျားကို နားချခဲ့ရသလို အသိုင်းအ၀ိုင်း အတွင်းက လူကြီး သူမတွေနဲ့လည်း အတိုက်အခံ ဖြစ်ခဲ့ရတယ်လို့ အခုလို ပြောပါတယ်။

"မိန်းကလေးဆိုတာ ပညာတွေ သိပ်တတ်စရာ မလိုဘူးလို့ ပြောကြပါတယ်။ ပညာတတ်တော့ရော ဘာလုပ်ရမှာလဲ မိန်းကလေးတွေ ဆိုတာ ထမင်းဟင်း ချက်တာဘဲ တတ်ဖို့လိုတာလို့ ပြောကြပါတယ်။ အပျိုပေါက် သမီးကို အဝေးသွား စာသင်ခိုင်းတာ မကောင်းမှု ဖြစ်တယ် အလ္လာ အရှင်မြတ်က ဒဏ်ခတ်လိမ့်မယ်လို့ ကျမတို့ အသိုင်းအ၀ိုင်းတွင်းက လူကြီးတွေက ပြောကြပါတယ်။ အလ္လာ အရှင်မြတ်က ပြစ်ဒဏ်ခတ်မယ်ဆိုရင်လည်း ခတ်ပါစေလို့ ကျမ ပြန်ပြောလိုက်ပါတယ်။ ကျမတို့ ပညာမတတ်ကြလို့ ဒုက္ခသည် အဖြစ်ကနေ မလွတ်မြောက်ကြတာပါ။ ပညာသင်ပေးလို့ ကျမ ကလေးတွေ ဘ၀ သာယာ ဖြောင့်ဖြူးမယ်ဆိုရင် ကျမက ဒါကို လုပ်မှာပါ။"

ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေက ဒုက္ခသည်တွေ အဖြစ် နေထိုင်နေရသလို မြန်မာဘက်ကလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံတာကြောင့် နိုင်ငံမဲ့တွေ ဖြစ်နေကြတာပါ။ သမီးလေးယောက်ထဲက ၃ ယောက်ကို ကျောင်းပို့ထားပြီး အငယ်ဆုံး သမီးနဲ့ တဦးတည်းသော သားကိုလည်း ပညာတတ်ဖြစ်ဖို့ မိခင် ဖြစ်သူ Begum က မျှော်လင့်ထားတာပါ။

"ကျမတို့က ရိုဟင်ဂျာတွေပါ။ ကျမတို့ ပိုင်တဲ့ မြေ မရှိပါဘူး။ အနာဂတ် မရှိပါဘူး။ လှောင်အိမ်ထဲက ကြက်ကလေးတွေနဲ့ ကျမတို့ ဘ၀ အတူတူပါဘဲ။ ဥပမာ ပြောရရင် ကျမတို့ စိုက်ပျိုးရာက ရလာတဲ့ အသီးအပွင့်ကို ကျမတို့ ပိုင်တယ်လို့ ပြောခွင့်မရှိပါဘူး။ ဒီကနေ ထွက်သွားလို့ ပြောရင် သူတို့ သွားစေချင်တဲ့ နေရာကို ကျမတို့ သွားရမှာပါ။ အိမ်လည်း မရှိပါဘူး၊ လုံခြုံတဲ့ နေရာဆိုတာလည်း မရှိပါဘူး။ ကလေးတွေ အတွက် အနာဂတ်လည်း မရှိပါဘူး။ နောက် ၅ နှစ် အကြာမှာ Coz’s Bazar ကို ရွှေ့ရမယ်လို့ ပြောရင် ကျမတို့ ရွှေ့ရမှာပါ။ ကျမတို့ အတွက် လုံခြုံမှုဆိုတာလည်း မရှိပါဘူး။"

တက္ကသိုလ် ၀င်ခွင့် အတွက် စာတမ်းပြုစုနေတဲ့ Rahima Akter က အခုတော့ နိုင်ငံခြား သတင်းထောက်တွေ၊ အကူအညီပေးရေး အဖွဲ့အစည်းတွေကို စကားပြန်လုပ်ပေးနေတာပါ။ ဒါ့အပြင် ညီမဖြစ်သူတွေကိုလည်း စာသင်ပေးနေတာပါ။ သူ့ညီမတွေ မောင်တွေကိုလည်း စာကြိုးစားစေချင်နေတဲ့ Akter က အနာဂတ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လေ့လာလိုတယ်လို့ ပြောဆိုပါတယ်။ ရိုဟင်ဂျာတွေက ဘာကြောင့် အခုလို အခြေအနေနဲ့ ဒုက္ခရောက်နေကြသလဲ၊ ရိုဟင်ဂျာတွေလို လူတွေမှာ ဘာအခွင့်အရေးတွေ ရှိသလဲ သိလိုတယ်လို့လည်း Akter က ပြောဆိုပြီး တချိန်မှာတော့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး အတွက် ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း မျှော်လင့်နေပါတယ်။

ပညာတတ်ကြီးဖြစ်ချင်တဲ့ ရိုဟင်ဂျာမိန်းကလေး
please wait

No media source currently available

0:00 0:04:25 0:00
တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG