သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် ရိုဟင်ဂျာတွေ နှင်ထုတ်ခံရမှာစိုးရိမ်


အိန္ဒိယရောက် ရိုဟင်ဂျာအမျိုးသမီးတဦး
အိန္ဒိယရောက် ရိုဟင်ဂျာအမျိုးသမီးတဦး

အိန္ဒိယနိုင်ငံက သူတို့နိုင်ငံတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၇ ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေကြား စိုးရိမ်မှုတွေတိုးလာနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင် သောင်းနဲ့ချီရှိပြီး၊ အိန္ဒိယအစိုးရကတော့ အဲဒီဒုက္ခသည်တွေကို အသိအမှတ်မပြုကြောင်းနဲ့ ရိုဟင်ဂျာတွေဟာ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်နေတယ်ဆိုပြီး ရှုမြင်နေကြပါတယ်။ ဒါ့အပြင် ရိုက်တာသတင်းဌာနရဲ့ သတင်းဆောင်ပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပြီးလို့ ကြေညာလိုက်ပြီးတဲ့နောက်မှာပဲ အိန္ဒိယနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေကြား စိုးရိမ်မှုတွေဖြစ်လာနေပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ နေထိုင်တဲ့ Sahidullah ဟာ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိန္ဒိယကို ၂၀၁၀ ခုနှစ်မှာ ထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။ သူ့နဲ့ ဆွေမျိုးတော်စပ်သူ တဦးဖြစ်တဲ့ Sadiur Rahman ဟာ အာသံပြည်နယ်ထဲက အကျဉ်းထောင်တခုမှာ ဖမ်းခံထားရတယ်လို့ ပြောပါတယ်။

Rahman တို့ ညီအစ်ကို ၂ ယောက်နဲ့အတူ တခြားဆွေမျိုး ၈ ယောက်တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတဆင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးလာခဲ့ ကြတာဖြစ်ပြီး၊ ၂၀၁၂ က ဘူတာရုံတခုမှာ ဖမ်းခံခဲ့ရတာပါ။ အဲဒီအချိန်ကစပြီး သူတို့ကို ထောင်ထဲမှာဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့ကတော့ အဲဒီအကျဉ်းထောင်က ရိုဟင်ဂျာ ၇ ဦးကို အာဏာပိုင်တွေက အိန္ဒိယ-မြန်မာနယ်စပ်ကို ပို့ဆောင်ခဲ့ပြီး၊ အဲဒီနေ့မှာပဲ ပုံမှန်အတိုင်းဆေးစစ်ဖို့အပြင်ကိုထွက်ရချိန်မှာ Rahman က သူ့ကိုဖုန်းနဲ့ ဆွယ်သွယ်ခဲ့တယ်လို့ Sahidullah ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာ ၇ ဦးကိုတော့ နောက်နေ့မှာပဲ မြန်မာနိုင်ငံဘက်ကို ပထမဆုံးအကြိမ် လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေကြားမှာ စိုးရိမ်လာနေတာပါ။ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် တရားဝင်အသိအမှတ်ပြုထားတဲ့ ရိုဟင်ဂျာ ၁၆၅၀၀ ရှိပြီး၊ အဲဒီလူတွေကို နှောက်ယှက်တာတွေ၊ မတရားဖမ်းဆီးတာတွေ နဲ့ ပြည်နှင်ဒဏ်ပေးတာတွေမလုပ်နိုင်အောင် ကာကွယ်ပေးနေတယ်လို့ UNHCR အဖွဲ့က ပြောပါတယ်။ အိန္ဒိယနိုင်ငံကတော့ သူတို့အနေနဲ့ အဲဒီလူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုသလို၊ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်ကိုလည်း လက်မခံဘူးလို့ ပယ်ချလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လာမယ့်မေလကျရင် အထွေထွေရွေးကောက်ပွဲကျင်းပဖို့လည်းရှိနေတာကြောင့်၊ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ နဲ့ သူရဲ့ မဟာမိတ်တွေအနေနဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားခြင်းအားဖြင့် လူထုရဲ့ထောက်ခံမှုတွေရလာနိုင်တာကြောင့် အခုဆိုရင် ရိုဟင်ဂျာ အတော်များများက ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအစိုးရဟာ သူတို့ရဲ့ ရပ်တည်ချက်အတိုင်း ရိုဟင်ဂျာတွေအားလုံးကို နိုင်ငံတွင်းကနေ ပြန်ပို့တာတွေ လုပ်လာတော့မယ်လို့ စိုးရိမ်နေကြပါတယ်။ Sahidullah ကတော့ ဖမ်းခံထားရတဲ့ သူ့ဆွေမျိုးတွေအပြင် သူနဲ့ အတူနေနေတဲ့ မိသားစုအတွက်လည်း စိုးရိမ်နေပါတယ်။

"ကျနော်တို့နိုင်ငံမှာ ကျနော်တို့မွေးခဲ့ပေမယ့်၊ ကျနော်တို့ လွတ်လွတ်လပ်လပ်သွားလို့မရဘူး။ သွားတာ၊ လာတာ၊ စားတာသောက်တာကအစ အားလုံးက ကန့်သတ်မှုတွေနဲ့ပါ။ ဒီပြဿနာကို နိုင်ငံတကာအဆင့်မဖြေရှင်းပေးမချင်း ကျနော်တို့မပြန်ပါဘူး။ ပြန်မယ့်အစား ပင်လယ်ထဲမှာပဲ အသေခံလိုက်တာပိုကောင်းပါတယ်။"

သူတို့ဟာ အိန္ဒိယနိုင်ငံမှာ မွတ်ဆလင်အများစုနေထိုင်ကြတဲ့ တခုတည်းသောပြည်နယ်ဖြစ်တဲ့ ဂျမ်မူးနဲ့ ကတ်ရှ်မီးယားပြည်နယ်မှာ နေထိုင်ကြပြီး အဲဒီပြည်နယ်မှာ ရိုဟင်ဂျာအရေအတွက် အများဆုံးရှိပြီး ၇ ထောင်လောက်ရှိပါတယ်။ ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံတွင်းမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေက ပိုပိုပြီးတော့ ဆိုးရွားလာနေပြီး၊ ဂျမ်မူး စက်မှုလက်မှု ကုန်သည်ကြီးများအသင်းကဆိုရင် တရားမဝင် အခြေချဝင်ရောက် နေထိုင်သူတွေကို ဖော်ထုတ်ရှင်းလင်းပစ်တဲ့ လှုပ်ရှားမှုတွေလုပ်ဖို့ ခြိမ်းခြောက်လိုက်သလို၊ အစိုးရအနေနဲ့လည်း ရိုဟင်ဂျာ ပြဿနာကို အခုထက်ပိုပြီး လေးလေးနက်နက်ကိုင်တွယ်ဖို့ တွန်းအားပေးလိုက်ပါတယ်။

"တကယ်လို့တစ်ယောက်ယောက်က ကျနော်တို့လုံခြုံရေး၊ နိုင်ငံရဲ့လုံခြုံရေးကို ခြိမ်းခြောက်လာပြီး၊ ဒါကို လုံခြုံရေးအဖွဲ့တွေက ကာကွယ်ခြင်းမရှိဘူးဆိုရင်၊ ဥပဒေအတိုင်းလုပ်ကြရတာဟာ အဆန်းမဟုတ်ပါဘူး။"

တရုတ်နိုင်ငံကို တန်ပြန်ဖို့အတွက် မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ တိုးမြှင့်ဆက်ဆံဖို့ကြိုးစားနေတဲ့ အိန္ဒိယနိုင်ငံက - မြန်မာဘက်က ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ အစွန်းရောက်အကြမ်းဖက်မှုအန္တရာယ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ စိုးရိမ်ချက်ကို သူတို့အနေနဲ့ နားလည်တယ် လို့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက ပြောကြားခဲ့ပါတယ်။ ဂျမူး နဲ့ ကတ်ရှ်မီးယားပြည်နယ်က BJP ပါတီ အမတ် Kavinder Gupta က တော့

"နိုင်ငံရဲ့လုံခြုံရေးကိုထည့်သွင်းစဉ်းစားတဲ့အနေနဲ့ ၊ သူတို့ကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့က ကျနော်တို့ BJP ပါတီက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာမွတ်စလင်အစွန်းရောက်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကို မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ရာကနေ အဲဒီမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီး၊ မြန်မာအစိုးရဘက်ကတော့ ဒါကိုလက်ခံခြင်းမရှိသလို၊ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလည်း တရားဝင်အသိအမှတ်ပြုခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG