ဒီဇင်ဘာလ (၁၁)ရက်နေ့က အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တွင်ပြုလုပ်ခဲ့သည့် မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် (၁၀၉၁) ဆွေးနွေး မဲခွဲမှုများအကြောင်း အောက်လွှတ်တော်တွင်း လုပ်ငန်းစဉ်များကို ဗွီအိုအေမြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းတင်ပြမှုမှာ ပြည့်စုံစွာဖေါ်ပြနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက် ထပ်မံရှင်းလင်း ဖေါ်ပြအပ်ပါသည်။
Ohio ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Steve Chabot က ၂၀၁၈ စက်တင်ဘာလ ၂၇ ရက်နေ့က မူလတင်သွင်းထားခဲ့တဲ့ အောက်လွှတ်တော် မြန်မာ့အရေးဆုံးဖြတ်ချက်အမှတ် (၁၀၉၁)တွင် ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာ ရိုဟင်ဂျာ ၁၀ ဦးအသတ်ခံရမှု သတင်းယူခဲ့သောကြောင့် ထောင်ကျခံနေရတဲ့ ရိုက်တာသတင်းထောက် ၂ ဦးတို့ ပြန်လွှတ်ပေးရေး တောင်းဆိုထားသည့်အပြင် ၂၀၁၇ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို မြန်မာလုံခြုံရေးတပ်တွေက တုံ့ပြန်တဲ့ နယ်မြေရှင်းလင်းရေးကာလအတွင်း ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာများအပေါ် ရက်စက်တဲ့ ကျူးလွန်မှုတွေဟာ "Genocide" လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အမေရိကန်လွှတ်တော်မှ အတည်ပြုသတ်မှတ်ပေးရန် ပါရှိခဲ့ပါတယ်။ သို့ရာတွင် ဒီဆုံးဖြတ်ချက် မူကြမ်းမှာ အချက်အလက်တွေ ပိုမိုခိုင်မာစေရေးအတွက် ဖြည့်စွက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် အောက်လွှတ်တော်မှာ ထပ်မံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီပြင်ဆင်ချက်ပါ ဆုံးဖြတ်ချက်မူကြမ်းကို အသံနဲ့ မဲခွဲခဲ့ရာမှာ အများက သဘောတူညီခဲ့ကြပေမယ့် ဒီလိုဆုံးဖြတ်ချက်မျိုးကို ပိုမိုထိရောက်ခိုင်မာစေရေးအတွက် လွှတ်တော်အမတ်တဦးချင်းစီ၏ ထောက်ခံ သို့မဟုတ် ကန့်ကွက်မဲများကို အတိအကျ မှတ်တမ်းထားရှိနိုင်ရေးလိုအပ်တဲ့အတွက် အောက်လွှတ်တော်အတွင်း ဒီဇင်ဘာ (၁၂)ရက်နေ့မှာ မဲခွဲဆုံးဖြတ်ရန် ရက်သတ်မှတ်ခဲ့တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဌ Ed Royce က ဗွီအိုအေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
Ed Royce: "အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေအားလုံး၊ ကော်မတီဝင်တွေအားလုံးက တညီတညွတ်တည်း သဘောတူညီကြပါတယ်။ တက္ကဆက်ပြည်နယ် ရီပါပလင်ကန် အောက်လွှတ်တော်အမတ် Mike McCaul ကအစ နယူးရောက်ပြည်နယ် ဒီမိုကရက်တစ် အမတ် Eliot Engel အဆုံး (ပါတီနှစ်ဘက်စလုံးက) ကျနော်တို့ နှစ်နှစ်ကာကာ သဘောတူကြတာဖြစ်ပါတယ်။ အဲဒါကြောင့် အခုမဲခွဲတဲ့အခါမှာလည်း ဒီမဲတွေဟာ တညီတညွတ်တည်း သဘောတူညီခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ပေးချင်တဲ့ သဘောထားနဲ့ ဖိအားတွေကို မှတ်တမ်းမှတ်ရာ အတိအကျဖြစ်အောင် ဆောင်ရွက်လိုခြင်းပဲဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ တွေ့ရှိချက်တွေကို မှတ်တမ်းအတိအကျတင်ပြီး စတင်အရေးယူ လုပ်ဆောင်နေပြီ၊ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်က ရပ်ရတော့မယ်ဆိုတာတွေကိုလည်း ဖိအားပေးချင်တဲ့သဘောဖြစ်ပါတယ်။"
မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်း ပြင်ဆင်ချက်နဲ့ ပတ်သက်လို့ ထပ်မံ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။