သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ဖွံ့ဖြိုးရေး ကုလကူညီခွင့်ရ


ရခိုင်ပြည်နယ်မြောက်ပိုင်းက ကုလသမဂ္ဂရဲ့ ပထမအကြိမ် လေ့လာမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျေးရွာတွေမှာ လူထုအခြေပြု စီမံကိန်းတွေ ၃၅ နေရာမှာ စတင် အကောင် အထည်ဖော်ရေးအတွက် မြန်မာအစိုးရက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ခွင့်ပြုချက် ချပေးလိုက်တဲ့အပေါ် UNDP နဲ့ UNHCR တို့က ကြိုဆို လိုက်ကြပါတယ်။ အဲဒီ စီမံကိန်းတွေဟာ ရခိုင်ပဋိပက္ခကြောင့် ဘေးသင့်ခဲ့သူတွေနဲ့ တိုင်ပင်ပြီး အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း၊ ယုံကြည်မှု တည်ဆောက်ရေးနဲ့ မတူညီတဲ့ လူမှုအသိုင်းဝိုင်းတွေ အချင်းချင်းကြား ညီညွတ်မှု မြင့်တင်ပေးရေး စတဲ့ လူထုအခြေပြု စီမံကိန်းငယ်တွေကို အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က အဆုံးသတ်ခဲ့တဲ့ ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အာရှပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ညွန်ကြားရေးမှူးလည်းဖြစ်တဲ့ မစ္စတာ Haoliang Xu နဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ဒေသဆိုင်ရာ လက်ထောက် ညွန်ကြားရေးမှူး မစ္စတာ Bernard Doyle တို့ရဲ့ ၅ ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာအစိုးရက အဲဒီလို ခွင့်ပြုချက် ချပေးလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ Haoliang Xu နဲ့ မစ္စတာ Bernard Doyle တို့ ဦးဆောင်တဲ့ ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၀ ရက်နေ ၁၂ ရက်နေ့အထိ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တာမှာ ရခိုင်အစိုးရ အရာရှိတွေနဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီ ၂ ခုက လွန်ခဲ့တဲ့ ၃ လအတွင်း ဒေသတွင်း လိုအပ်ချက်တွေကို လေ့လာ သုံးသပ်ခဲ့ကြတဲ့ မောင်တော ဒေသက ကျေးရွာတွေကိုလည်း ဒီ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။ အဲဒီ ကျေးရွာတွေကို သွားရောက်စဉ် ဒေသခံတွေနဲ့ တွေ့ဆုံပြီး သူတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ အနာဂတ် မျှော်လင့်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရေးပါတဲ့ အစိုးရဝန်ကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ လွန်ခဲ့တဲ့ ၆ လတုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ ၃ ပွင့်ဆိုင် လက်မှတ်ရေးထိုးထားတဲ့ MoU နားလည်မှု စာချွန်လွှာကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရေးအတွက် UNDP နဲ့ UNHCR တို့က အခိုင်အမာ သံဓိဌာန် ချထားကြပါတယ်။ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာနိုင်တဲ့အခြေအနေတွေ ဖြစ်ပေါ်အောင် မြန်မာအစိုးရရဲ့ လုပ်ဆောင် မှုတွေကို ကူညီ ထောက်ပံ့နိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစောပိုင်းက ပြောထားခဲ့ဘူးတဲ့အတိုင်း နားလည်မှု စာချွန်လွှာထဲမှာ အကျုံးဝင်တဲ့ ရခိုင်ပြည်နယ်အတွင်းက ဒေသတွေကို အလျင်အမြန် သွားရောက် အကူအညီပေးနိုင်ရေးအတွက်လည်း UNDP နဲ့ UNHCR တို့က ထပ်လောင်း တောင်းဆိုခဲ့ကြပါတယ်။

မနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်ဒုက္ခသည် ၇ သိန်းကျော် ရှိကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိမှာ ဒုက္ခသည်တွေကို ပြန်လည်ခံရေးအတွက် မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်နေပြီလို ပြောဆိုထားပေမယ့် ကုလသမဂ္ဂနဲ့ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကတော့ အဆင်သင့် မဖြစ်သေးဘူးလို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေ ကိုယ်တိုင်ကလည်း သူတို့ ပြန်လာဖို့ ယုံကြည် စိတ်ချရလောက်တဲ့ အနေအထား မရှိသေးဘူးလို့ ယူဆနေကြတာကြောင့် ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ်တွေကို ခုချိန်ထိ မစတင်နိုင်သေးဘဲ ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG