သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တပ်မတော်နဲ့ AA ပလက်ဝမှာ တိုက်ပွဲဆက်ဖြစ်


ပလက်ဝမြို့ပေါ်တိမ်းရှောင်လာတဲ့ ဒေသခံရွာသားများ
ပလက်ဝမြို့ပေါ်တိမ်းရှောင်လာတဲ့ ဒေသခံရွာသားများ

မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ဖက်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့သလိုဒေသခံရွာသား(၄၀၀)ကျော် ပလက်ဝမြို့ပေါ်တိမ်းရှောင်နေရတယ်လို့ အကူညီပေးအဖွဲ့ဝင်တွေက ပြော ပါတယ်။ ပလက်ဝမြို့နယ်အတွင်းလုံခြုံရေးမရှိတဲ့ အခြေအနေကြောင့် စာသင်ကျောင်း(၁၀၀)ကျော် ကျောင်းမဖွင့်နိုင် သေးဘူးလို့ ပြည်နယ်အစိုးရအဖွဲ့ဝင် တွေကပြောပါတယ်။ ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာ လဲ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ရော AAဖက်ကပါ ပြောဆိုခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ် ပြည်တောင်နဲ့သဲမချောင်းဝရွာအနီး မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့အပြီး မနေ့က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်မှုကြောင့် ရွာသား(၄၀၀)ခန့် ပလက်ဝမြို့ပေါ် စစ်ဘေးတိမ်း ရှောင်နေရဆဲဖြစ်တယ်လို့ စစ်ရှောင် ကူညီပေးရေးတာဝန်ရှိသူဦးကျော်အောင်ကပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တော့(၄)ရွာလောက်က အခု ပလက်ဝမြို့ပေါ်ကိုရောက်လာတယ်။ ပြည်သူတွေလေ။ သဲမချောင်းထဲ ရွာရယ် ပြီးတော့ သဲမချောင်းဝရွာရယ် ပြီးတော့ ပိန္နဲတပင်ရွာရယ် အဲဒီ(၄)ရွာက အခုလက်ရှိစာရင်း လူဦးရေ(၄၀၀) လောက်ရောက်တယ်။”

ပြီးခဲ့တဲ့သောကြာနေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွား ခဲ့တာဖြစ်ပြီး လက်ရှိတဖွဲဖွဲရောက်လာတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ယာယီ နေထိုင်ဖို့ ကြံ့ခိုင်ရေးရုံးနှင့် ရိက္ခာရပ်ကွက်ရှိ အင်္ဂလန်ကန်ပိုင်ကီမို မူကြိုတို့မှာ ယာယီနေရာချပေး ထားတယ် လို့ဦးကျော်အောင်ကဆိုပါတယ်။

မနေ့က ပလက်ဝမြို့နယ်ဖက်မှာAAအဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“သောကြာနေ့တုန်းကတော့ ပလက်ဝမြောက်ခြမ်းက ပြည်တောင်ကျေးရွာဖက်မှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိ ပါတယ်။”

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့AAအဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားနေမှုကြောင့် ဒေသအတွင်း လုံခြုံရေး စိုးရိမ်နေရပါတယ်။

၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းဖွင့်တာတပတ်ခန့်ရှိနေပြီးဖြစ်ပေမဲ့ ပလက်ဝမြို့နယ်အတွင်း ကျောင်း(၁၀၈) ကျောင်းလောက် စာသင်ကြားမဲ့ဆရာ ဆရာမတွေမရှိသေးလို့ ကျောင်းမဖွင့်နိုင်သေးဘူးလို့ ချင်းပြည် နယ်လူမှုရေး ဝန်ကြီးပေါင်လွန်းမင်းထန်ကပြောပါတယ်။

“(၁၀၈)ကျောင်းလောက်က ဆရာမရှိသေးလို့သူတို့တင်ထားပါတယ်။ အခုအပြောင်းအရွှေ့တွေ ငြိမ်ပြီဆိုရင် သူတို့ စီစဉ် နိုင်တဲ့အစီစဉ်တခုပေါ့နော်။ အဆင်ပြေအောင် လုပ်ကိုလုပ်ပေးရမှာဘဲ။”

လက်ရှိပလက်ဝမြို့နယ်အတွင်း စာသင်ကြားမဲ့ ဆရာဆရာမတွေ မရောက်လာသေးတဲ့ အခြေအနေကိုတော့ လူမှုရေး ဝန်ကြီးပေါင်လွန်းမင်းထန်က အခုလိုဆက်ပြောပါတယ်။

“ပလက်ဝမြို့နယ်က ၂၀၁၆-၁၇တုန်းက ကျွန်တော်တို့ (၃၂၅) ရာဌာန်းပေးတယ်။ အဲဒီအထဲမှာ(၂၁)ယောက်က ဒေသ ခံတွေဖြစ်ပြီးတော့ ကျန်တဲ့အဖွဲ့တွေက ချင်းပြည်နယ် မြောက်ပိုင်းဖက်က အဲဒီအဖွဲ့တွေအခုအပြောင်းလျှောက်တဲ့အခါမှာ ပြောင်းခွင့်ပြုလိုက်တော့ သူတို့ရဲ့ဆန္ဒပြုတဲ့နေရာကို ဦးစားပေးပြီး ကျွန်တော်တို့ပြောင်းခိုင်းတာရှိတယ်။ အခု စာရင်း တော့ တင်ခိုင်းထားတယ် အတိအကျတော့ စာမလာသေးဘူး။ နယ်မြေလုံခြုံရေးလည်း လိုတော့လိုလာပါတယ်။ နယ်မြေ မလုံခြုံတော့ ဘယ်လိုမှလုပ်လို့မရဘူးပေါ့နော်။”

ဒါ့အပြင် ဆရာဆရာမ တယောက်စီသာရှိတဲ့ ကျောင်းက(၉၄)ကျောင်းရှိနေပြီး ကျောင်းပေါင်း(၂၀၀)ကျော်ကတော့ စာသင်ကြားရေးမှာ အခက်တွေ့နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိတွေကပြောပါတယ်။

ပလက်ဝမြို့နယ်အတွင်းနယ်မြေမလုံခြုံမှူဟာ ပညာသင်ကြားရေးမှာအခက်ခဲဖြစ်စေတယ်လို့လဲ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ တို့တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ပြောပါတယ်။

“ဇွန်လ(၈)ရက်နေ့မှာ မြောက်ဦးမြို့နယ် အောက်သကန်ရွာရဲ့တောင်ဖက် တစ်ကီလိုမိတာအကွာအဝေးမှာ ကျွန်တော် တို့ ကြားဖြတ်တိုက်ခိုက်တာရှိတယ်။ နောက်ပြီးတော့ အုတ်ဖိုကန်ရွာ အကြားမှာလဲဘဲ မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်းကို ကျွန်တော်တို့ ကြားဖြတ်တိုက်ခိုက် ခဲ့တာရှိတယ်။ ဇွန်လ (၇)ရက် ညနေ(၅)နာရီခန့်ကစတင်ပြီး ပလက်ဝမြို့ရဲ့ အနောက် တောင်ဖက် ပြည်တောင်ရွာရဲ့ အနောက်တောင်ဖက် (၂)ကီလိုမီတာခန့် အကွာမှာမြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်တို့ ထိ တွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ဗမာစစ်တပ်ဖက်ကနေ(၄)ဦး ကျဆုံးပြီးတော့ တပ်လန်သွားတာပေါ့နော်။ နောက်ပြီး တော့အဝေးကနေပြီးတော့ ည(၇)နာရီလောက် ပစ်ခတ်မှုဖြစ်ခဲ့တယ်။”

မနေ့ကမြောက်ဦးမြို့နယ် အတွင်းဖြစ်ပွားတဲ့ဗုံးတိုက်ပွဲအပြီး တပ်မတော်ဖက်ကနေ အောက်သကန်နဲ့အနီး ဝန်းကျင်ရွာ ဖက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အောက်သကန် ရွာသားတဦးကပြောပါတယ်။

“ကားလမ်းပေါ်မှာဖောက်ခွဲမှုတွေဖြစ်လို့ ရွာတွေကိုမသင်္ကာမှုနဲ့ တနာရီလောက်ပစ်ခတ်တယ်။ လက်နက်ကြီးတွေရော ပါတယ်အကုန်လုံး။ ဗုံးပေါက်ကွဲတဲ့နေရာက ဒီ ဘုရားငါးဆူ အနားမှာ ကားလမ်းမကြီးမှာ။ စစ်တပ်ကိုဖေါက်ခွဲတာ။ စစ်တပ်ဖက်က ထိခိုက်မှုရှိတယ်မရှိဘူးဆိုတာ ကျွန်တော်တို့လည်းအတိအကျမသိရဘူး။ သွားမကြည့်ရဲဘူးလေ။”

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲအခြေအနေနဲ့ပက်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာမှာအခုလိုပြောပါတယ်။

“ဒီနေ့တော့ထိတွေ့မှုမဖြစ်ဘူးခင်ဗျ။ အရင်ရက်တွေတော့ကျွန်တော်တို့ မြောက်ဦးဝန်းကျင် တဝိုက်မှာ ထိတွေ့မှုတော့ အနည်းအကျဉ်းရှိကြတယ်။”

လက်ရှိ ရခိုင်ပြည်နယ်(၆)မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်AAအဖွဲ့တို့အကြားတိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်သလို စစ်ရေးပဋိပက္ခဒေသကရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာတော့ စစ်ရှောင်ဦးရေ(၄၁၀၀၀)ကျော်ရှိနေပြီး ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာတော့ စစ် ရှောင်ဦးရေ(၃၀၀၀)ခန့်ရှိနေတယ်လို့ စစ်ရှောင်အကူညီပေးရေးတာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG