သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း အရပ်သားတချို့ အပါအဝင် ထိခိုက်သေဆုံးမှုရှိ


ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း နေရပ်စွန့်ခွာလာသူများ
ရခိုင်ပြည်နယ် တိုက်ပွဲအတွင်း နေရပ်စွန့်ခွာလာသူများ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AAရခိုင်လက်နက်ကိုင် အဖွဲ့ တို့ဖြစ်ပွါးတဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ တပ်မတော်ဘက်ကပြောပါတယ်။ မနေ့ကဖြစ်ပွါးခဲ့တဲ့ ပုဏ္ဏားကျွန်းမြို့နယ် နဲ့ မြောက်ဦးမြို့နယ် တိုက်ပွဲအတွင်း ရွာသားတွေသေဆုံးဒဏ်ရာရမှုရှိခဲ့ပြီး ဒေသခံရွာသားတွေလဲ စစ်ဘေးတိမ်းရှောင် နေရ တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် ကနေ ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို တိုက်ပွဲဖြစ်ပွားရာမှာ နှစ်ဖက်ထိခိုက် မှုတွေရှိခဲ့ကြောင်း သတင်းတွေကို တပ်မတော်ဖက်က အတည်ပြု ပြောဆိုလိုက်တာပါ။ ခမီချောင်းနဲ့ ဂဏန်းမဲကျေးရွာအကြား မနေ့တုန်းက တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆိုခဲ့ပေမဲ့ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းအတိအကျကိုတော့ ပြောခွင့်မရှိဘူးလို့လည်း ဗွီအိုအေကို ပြောပါတယ်။

မနေ့ကပုဏ္ဏားကျွန်းမြို့နယ်အတွင်း တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAတို့ဖြစ်ပွါးတဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက် မှုတွေရှိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူ းဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“မနေ့က ကန်စောက်ဖက်မှာဖြစ်တာရှိပါတယ်။ ပိုးရွှီပြင်ကျေးရွာရဲ့အရှေ့ဖက်။ ကန်စောက်ဖက်မှာတော့ ကျွန်တော် တို့ဖက်ကတော့ ထိခိုက်ဒဏ်ရာရမှုတွတော့ရှိတယ်။ ဟိုဖက်ကတော့ကျွန်တော်တို့အလောင်း လက်နက် ရလိုက် တာရှိတယ်။ ကျွန်တော်တို့ထိခိုက်ကျဆုံးမှုမပြောသလို သူတို့ဆီကဟာလဲမပြောပါဘူး။ အလောင်းလက်နက်ရ လိုက် တာတော့ရှိပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း ရခိုင့်တပ်မတော် AA ဖက်က (၆) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်းလည်း သတင်းတွေထွက်ပေါ် နေပါတယ်။ ဒါပေမဲ့လည်း AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကတော့ သတင်းအတိအကျ မရသေးဘူးလို့ အခုလိုပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီချောင်းတိုက်ပွဲမှာ ရခိုင့်တပ်မတော်ဖက်ကအနည်းဆုံး(၆)ဦးကျဆုံးခဲ့တယ်လို့ လူမှုကွန်ရက် စာ မျက်နှာပေါ်မှာသတင်းထွက်ပေါ်နေသလို ဗွီအိုအေအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

ခမီချောင်းတိုက်ပွဲအခြေအနေကိုသိရှိဖို့ ရခိုင်တပ်တော်AAဖက်ကိုဆက်သွယ်မေးမြန်းရာမှာတော့ မနေ့ကဖြစ်ပွါးတဲ့ တိုက်ပွဲအခြေအနေကို မသိရှိရသေးဘူးလို့AAပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။

“ကျွန်တော် အဲဒီတိုက်ပွဲနဲ့ပက်သက်ပြီးတော့ လောလောဆယ် ပြောလို့မရသေးဘူးဗျ။ ကျွန်တော်ဆီ ဟိုကနေအချက် လက်တွေမပို့လာသေးဘူး။ ကျွန်တော်မနက်ကတောင်းထားတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲသတင်းတွေ။”

မနေ့ကပုဏ္ဏားကျွန်းမြို့နယ် ခမီချောင်းနဲ့ဂဏန်းမဲကျေးရွာအကြားဖြစ်ပွါးတဲ့တိုက်ပွဲမှာ ရွာသားတွေသေဆုံးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ဂဏန်းမဲရွာသားတဦးကပြောပါတယ်။

“လက်နက်ကြီးကျလို့ယောကျ်ားတဦးသေဆုံးတယ်လေ။ မိန်းမ(၂)ဦး ယောကျ်ားတယောက်ဒဏ်ရာရတယ်လေ။ လက်နက်ကြီးပေါ့သူတို့ထိတာပေါ့။ တပ်မတော်နဲ့AAပေါ့။ တပ်မတော်ဘက်လား AA ဘက်လားမသိဘူးလေ။ လက်နက်အမြှောက်ကျည်ဆံသွားကျလို့အဲဒီလိုနဲ့ရွာကိုထိတာပေါ့။ ခမီထျောင်းနဲ့ဂဏန်းမဲနဲ့သိပ်မဝေးဘူးလေ။ အဲဒီနေ ရာမှာဖြစ်တာပါ မနေ့က။"

သေဆုံးသွားတဲ့သူကတော့ ဂဏန်းမဲကျေးရွာက အသက် ၄ဝ ကျော်အရွယ် ဦးစိန်ထွန်းဖြစ်ပြီး ဒဏ်ရာရရှိသူတွေ ကတော့ ဦးအင်္ဂါအောင်၊ ဒေါ်ဆီးတူနဲ့ မခိုင်ဦးတို့ဖြစ်ကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ ဒီလပိုင်းအတွင်းဖြစ်ပွါးခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ရွာသား(၂၀၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ပိုးရွှီပြင်မဟာမိတ်လူမှုကူညီမှုအသင်းတာဝန်ရှိသူ ကိုငယ်ဦးမောင်ကပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ် ၊ပေါက်တောပြင် စစ်ဘေးရှောင်စခန်းမှာ တချို့ရှိတယ်။ ပုဏ္ဏားကျွန်းမြို့ကအောင်မင်္ဂလာကျောင်း တချို့ရှိတယ်။ ပေါက်တောပြင်က(၂၀၀၀)လောက်ရှိတယ်။ စေတီပြင် ခနောင်းကြီးရယ် ကြက်စာတလင်း၊ ရဟတ်တောင် ဂန့်ဂါ ၊ အောင်ဘောင်တော် အဲဒီနေရာတွေကလူ။ ပိုးရွှီပြင်ကလဲပါတယ်။"

စစ်ရှောင်ဦးရေ(၂၅၀)ကျော်ရှိတဲ့အောင်မင်္ဂလာကျောင်းကိုတော့ ဒီကနေ့မှာ မြတန်ဆောင်းစစ်ဘေးရှောင် ကယ် ဆယ်ရေးအဖွဲ့ကနေ အလှူငွေကူညီထောက်ပံ့ပေးခဲ့ပါတယ်။

မနေ့က ညနေပိုင်းမှာလဲ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးမှာ တပ်မတော်စစ်ကြောင်းဗုံးခွဲတိုက်ခိုက်ခံရပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ရွာသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဝေသာလီကျေးရွာသား ဦးဖြူက ဆိုပါတယ်။

“ဗုံးပေါက်ရင်သူတို့လှမ်းပစ်တာ။ တပ်မတော်ဖက်က။ တိုက်ပွဲတော့မဖြစ်ဘူး သူတို့ကလှမ်းပစ်တယ်။ လက်နက်ကြီးနဲ့ ပေါ့ဗျ။ လမ်းဘေးမှာသွားနေလို့တယောက်ဒဏ်ရာရသွားတယ်။ အခုဆေးရုံရောက်သွားတယ်။ မြောက်ဦးဆေးရုံ။ ရွာကစစ်ရှောင်နေရတာအများကြီးဘဲ။"

ခြေထောက်မှာဒဏ်ရာရရှိသွားတဲ့အမျိုးသမီးကတော့ ဝေသာလီကျေးရွာက ဒေါ်ခိုင်သိန်းမြ (၆၅)နှစ် ဖြစ်ပြီး လက်ရှိ မြောက်ဦးဆေးရုံမှာ ဆေးကုသနေရပါတယ်။ မနေ့ကမြောက်ဦးမြို့နယ်အတွင်းပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တာကိုတော့ မသိရှိသေးဘူးလို့ တပ်မတော်သတင်း မှန် ပြန်ကြားရေးအတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲစဉ်အတွင်းအရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG