သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရကိုယ်စားလှယ် အလွတ်သဘောတွေ့မည်


(ဧပြီ၊ ၃၀၊ ၂၀၁၉)
(ဧပြီ၊ ၃၀၊ ၂၀၁၉)

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့မှာ ကျင်းပမယ့် အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို ရောက်ရှိနေတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ဒီနေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် မူကြမ်းကို အစိုးရဘက်က ပြန်လည် ပေးအပ်ဖို့ ရှိနေသလို ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီး တပ်မတော်က စစ်တိုင်းဒေသ ၅ ခုမှာ အပစ်ရပ်သက်တမ်းကို ထပ်မံ တိုးမြှင့်ဖွယ် ရှိနေပါတယ်။ ဒီသတင်းကိုတော့ မိုင်းလားမြို့ကို ရောက်ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် ရှမ်းပြည်နယ် အထူးဒေသ ၄ ရဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အစိုးရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် လေး ဖွဲ့တို့ဟာ ငြိမ်းချမ်းရေး ပွဲတော်ကျင်းပမယ့်နေ့မှာပဲ နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ ရှိနေတာ ဖြစ်ပါတယ်။

စနေနေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေး ပွဲအကြို ညစာစားပွဲမှာ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးကို သတင်းမီဒီယာတွေက အလွတ်သဘောတွေ့ဆုံပွဲ ရှိနိုင်မလားလို့ မေးမြန်းရာမှာ သူက အခုလို ပြောပါတယ်။

“ရှိပါတယ်။ May be tomorrow ပေါ့။ အခုတွေ့တာလည်း အလွတ်သဘော ဖြစ်တဲ့အတွက်ကြောင့် ထူးခြားတဲ့ ရလဒ်တော့ ရှိချင်မှ ရှိမယ်။ ကျနော်တို့ ပြောချင်တဲ့ Draft ကို ကျနော်တို့ သူတို့ကို ပေးချင်တယ်။ အဲဒီအပေါ်မှာကျမှ သူတို့အတွင်းစည်းမှာ ဆွေးနွေးပြီးတော့ နောက်တကြိမ်ကျမှသာ အသေးစိတ် ဆွေးနွေးကြမှာပါ။”

နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေ ဧပြီလကုန်က မူဆယ်မြို့မှာ တွေ့ဆုံစဉ် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဘက်က Bilateral ခေါ် နှစ်ဘက် အပစ်ရပ် မူကြမ်းကို အစိုးရထံ ပေးပို့ထားပါ။ ဒီ မူကြမ်းအပေါ် အစိုးရဘက်က ပြန်လည်သုံးသပ်ပြီး မဟာမိတ်အဖွဲ့တွေဆီ ပြန်လည်ပေးပို့မှာ ဖြစ်ပါတယ်။

တွေ့ဆုံ ဆွေးနွေးမယ့် ဇွန်လ ၃၀ ရက်နေ့ဟာ တပ်မတော်က ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်း ၅ တိုင်းမှာ အပစ်ရပ် ကြေညာထားတဲ့ နောက်ဆုံးရက် ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအပေါ် မူတည်ပြီး အပစ်ရပ်သက်တမ်း တိုးနိုင်ကြောင်းလည်း ဦးခင်ဇော်ဦးက ပြောပါတယ်။

“မနက်ဖြန် တွေ့ပြီးရင် တိုးမှာပေါ့။ ကျနော်တို့ activity တွေ ရှိလာရင် တပ်မတော်ဘက်ကလည်း သူကြည့်နေမှာပေါ့။”

ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF ရဲ့ ဥက္ကဋ္ဌ တားအိုက်ဖုန်းကတော့ တွေ့ဆုံရေးအတွက် ညှိနှိုင်းနေဆဲရှိကြောင်း စနေနေ့ ညနေပိုင်းက ပြောပါတယ်။

“ကျနော်တို့ ညှိနှိုင်းနေပါတယ်။ တွေ့မယ်၊ မတွေ့ဘူးဆိုတာကတော့ ညနေပိုင်း သို့မဟုတ် မနက်ပိုင်းလောက်မှာ ပြောနိုင်ပါမယ်။”

လောလောဆယ်မှာ PSLF/TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင်အဖွဲ့တွေနဲ့ အတူ KIO ကချင်အဖွဲ့နဲ့လည်း ညှိနှိုင်းနေကြောင်း ပြောပါတယ်။

PSLF/TNLA က ဗဟိုကော်မတီ ၆ လပတ် အစည်းအဝေးအပြီး ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားပါတယ်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးအေးမောင်ကျော်က အခုလို သုံးသပ်ပါတယ်။

“လက်နက်ကိုင်အဖွဲ့တွေကတော့ အဲလိုပဲ ဆန္ဒရှိမှာပါပဲနော်။ ဒါပေမဲ့ ရခိုင်အခြေအနေကတော့ နည်းနည်းရှုပ်ထွေးတာပေါ့။ ရှုပ်ထွေးတယ် ။ နောက်တစ်ခုက AA တို့ဘာတို့ကလည်း မျှော်မှန်းချက်က အရမ်းမြင့်နေတယ်ဆိုတဲ့အခါကျတော့ တပ်မတော်နဲ့လည်း ထိပ်တိုက်တွေ့နေတဲ့ အခြေအနေမျိုးမှာတော့ နည်းနည်းတော့ ခက်မယ်ပေါ့။ ကျနော်ထင်တာ နည်းနည်းတော့ ခက်မယ်။ နောက်တစ်ခု ရိုဟင်ဂျာပေါ့။ ဘင်္ဂလီတွေကလည်း စီမံကိန်းတွေ ရှိတယ်။ လှုပ်ရှားမှုတွေ လုပ်လာလိမ့်မယ်လို့ သတင်းတွေကလည်း ရှိနေတယ်။ အဲတော့ အဲဒါတွေပါ ရောစပ်လာလို့ ရှိရင်တော့ ရခိုင်က နည်းနည်းခက်လိမ့်မယ်။”

လက်ရှိကျင်းပမယ့် အထူးဒေသ ၄ နှစ် ၃၀ ပြည့်အခမ်းအနားကို အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်တွေ ပါဝင် တက်ရောက်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနဲ့ ကိုယ်စားအဖွဲ့ တက်ရောက်လာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG