သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကမ်းလှမ်း


အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဘက်က လာမယ့် ၂၄ နဲ့ ၂၅ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ အနေနဲ့ အဆင်သင့်ရှိနေကြောင်း တအန်း(ပလောင်)အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။ လောလောဆယ်မှာတော့ တွေ့ဆုံဆွေးနွေးမယ့် နေရာကို ညှိနှိုင်းနေဆဲရှိနေပြီး ညှိနှိုင်းလို့ အဆင်မပြေရင်တော့ ဆွေးနွေးမယ့်ရက် ပြောင်းရွှေ့ရမယ့် အခြေအနေ ရှိနေပါတယ်။ ဒီအတောအတွင်း မြန်မာစစ်တပ်နဲ့ မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကြား တိုက်ပွဲတွေကလည်း ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ မူဆယ်မြို့မှာတွေ့ဆုံစဉ်က မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် အဆိုပြုချက်ကို ပေးအပ်ခဲ့ပြီး ဒီလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ထပ်မံ ဆွေးနွေးဖို့ ညှိနှိုင်းနေကြတာဖြစ်ပါတယ်။

KIO/KIA ကချင်၊ MNTJP/ MNDAA ကိုးကန့်၊ PSLF/TNLA တအန်း(ပလောင်)၊ ULA/AA ရခိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဘက်ကတော့ ဆွေးနွေးဖို့ အသင့်ရှိနေကြောင်း PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က ပြောပါတယ်။

“မူဆယ်ဆွေးနွေးပွဲပြီးတဲ့နောက်မှာ ကျနော်တို့ ကြားထဲမှာ လိုင်ဇာမှာ ကျနော်တို့ အစည်းအဝေးလုပ်ပြီးသား ဖြစ်ပါတယ်။ ကျနော်တို့ ၄ဖွဲ့ စလုံးကတော့ ကျနော်တို့ အခြေခံ ရပ်တည်ချက် သဘောထားတွေ ကျနော်တို့ ဆွေးနွေးပြင်ဆင်ထားပြီးသား။ ဆွေးနွေးဖို့လည်း အဆင်သင့်ဖြစ်ပြီးသားပါ။ ဆွေးနွေးပွဲဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ ၄ ဖွဲ့က အဆင်သင့် ဖြစ်ပါတယ်။ ”

အခုလို တိုင်းရင်းသားမဟာမိတ်တွေ အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ဆိုပေမဲ့လည်း ဒီနေ့ ညနေပိုင်းအထိတော့ ဆွေးနွေးမယ့် နေရာကို အပြီးသတ် ထုတ်ပြန်တာ မရှိသေးပါဘူး။ နှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့ ကြားခံဆောင်ရွက်ပေးနေတဲ့ PCG ခေါ် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင်က ဆွေးနွေးမယ့်နေရာ ညှိနှိုင်းမှုတွေ အဆင်မပြေရင် ဆွေးနွေးမယ့်ရက် ရွှေ့ဆိုင်းရနိုင်ကြောင်း ပြောပါတယ်။

“ရက်ကတော့ ၂၄၊ ၂၅ ထွက်ထားတယ်။ ဒါပေမဲ့ နေရာက အခုထိ မသတ်မှတ်နိုင်သေးလို့ .. ဟို လက်နက်ကိုင်ဘက်က တောင်းဆိုတာနဲ့ အစိုးရဘက်က တောင်းဆိုတာနဲ့က နည်းနည်းလွဲနေတော့ အခု နေရာ မသိသေးဘူးဖြစ်နေတယ်။ အခုနေရာ မသိရင် ရက်များ ရွှေ့ချင် ရွှေ့သွားနိုင်တယ်။ နေရာညှိရင်းနဲ့ ။ အခု နေရာညှိနေတုံးပဲ ရှိသေးတယ်။”

အစိုးရဘက်က နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားမှာ တွေ့ဆုံဖို့ တောင်းဆိုထားပြီး မဟာမိတ်အဖွဲ့တွေကတော့ မူဆယ်မှာပဲ တွေ့ဆုံဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။

စီစဉ်တဲ့အတိုင်း တွေ့ဆုံဆွေးနွေးကြရင်တော့ မဟာမိတ်အဖွဲ့တွေအနေနဲ့ သူတို့ရဲ့ အခြေခံ ရပ်တည်ချက်အတိုင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ တားဘုန်းကျော်က ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိကက အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဖို့ လိုတယ်။ အဲဒီတိုက်ပွဲတွေ ရပ်ဖို့ကို ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ်တွေ ကျနော်တို့ ထိုးဖို့ လိုတယ်လို့ မြင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ ၄ဖွဲ့စလုံးက အခြေခံခြင်းတူညီတဲ့ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို အဆိုပြုချက်ကို ကျနော်တို့ ပေးထားပြီးသားဖြစ်ပါတယ်။ အဲဒါကို မြန်မာ့တပ်မတော်က သဘောတူရင် ကျနော်တို့က အပစ်အခတ် ရပ်စဲရေးလုပ်မယ်။ ပြီးရင် နောက်ပိုင်းကိစ္စတွေ ဆက်ဆွေးနွေးမယ်ဆိုပြီး ကျနော်တို့က အခြေခံ ရပ်တည်ချက်ပါတယ်။ ”

လာမယ့် ၂၄ရက်နဲ့ ၂၅ရက်မှာ ထပ်မံဆွေးနွေးဖြစ်ရင် တပ်မတော်ဘက်က ဆုံးဖြတ်ချက်ပေးနိုင်သူတွေ ပါဝင်တက်ရောက်ဖို့ ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

“ကျနော်သိရသလောက်တော့ ကျနော်တို့ဘက်ကလည်း တက်နိုင်ဖို့ များပါတယ်ခင်ဗျ။ များတယ်။ သူတို့ဘက်ကလည်း ကျနော်တို့ Bilateral ကိစ္စတွေနဲ့ပတ်သက်ပြီး ဟိုဘက် အစည်းအဝေးကတည်းက ပေးလိုက်တာတော့ ရှိတယ်။ ကျနော်တို့ဘက်က NRPC ရော ဒီဘက်ကရောတော့ ညှိနှိုင်းဆွေးနွေးဆဲလို့တော့ သိရပါတယ်။”

နှစ်ဘက်ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ တစ်ချိန်တည်းမှာပဲ နမ့်ဆန်မြို့နယ်အတွင်းမှာ အစိုးရတပ်မတော်နဲ့ တအန်း(ပလောင်)လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားတာတွေရှိကြောင်း PSLF/ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောပါတယ်။

“တိုက်ပွဲကတော့ မြန်မာ့ တပ်မတော်က သွားလာလှုပ်ရှားမှုတွေပိုများတော့ ကျနော်တို့အဖွဲ့တွေနဲ့ ထိတွေ့မှုတွေဖြစ်တယ်။ အခုတော့ ၂ ကြိမ် ၃ ကြိမ် အဲလိုတော့ ဆက်လာပါတယ်။ နမ့်ဆန်မြို့နဲ့ နီးတယ်။ နမ့်ဆန်မြို့ရဲ့ အနောက်ဘက်ပါ။"

တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ နမ့်ဆန်ရဲ့ မြောက်ဘက်ပိုင်းမှာ ဒီလ ၁၆ ရက်နေ့က တိုက်ပွဲ တစ်ကြိမ်တိုက်ပွဲဖြစ်ပွားကြောင်း၊ ဒီတိုက်ပွဲမှာ နှစ်ဘက်အထိအခိုက်မရှိခဲ့ကြောင်း ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသ ၅ခုမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က စစ်ရေးလှုပ်ရှားတာတွေ ကို ၄ လတာ ရပ်ဆိုင်းကြောင်း ကြေညာခဲ့သလို ဒီ ၄ လ သက်တမ်းပြည့်တဲ့ ဧပြီလ ၃၀ ရက်နေ့မှာလည်း နောက်ထပ် ၂ လ ထပ်မံတိုးမြင့်ကြောင်း ကြေညာထားပါတယ်။

တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေကတော့ စစ်တိုင်းဒေသ ၅ခုအပြင် ရခိုင်ပြည်နယ်မှာပါ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG