NLD အစိုးရရဲ့ (၃) နှစ်တာကာလအတွင်း ကျန်းမာရေး၊ ပညာရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအပါအဝင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တဲ့ အပြောင်းအလဲတွေ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NLD ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ဒီလိုတိုးတက်မှုတွေ ရှိပေမယ့် အစိုးရအနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကိုတော့ သိသိသာသာ အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိသလို၊ သတင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအခွင့်အရေး ကန့်သတ်ချုပ်ချယ်မှုတွေ ရှိနေသေးတဲ့အကြောင်း၊ ပိုများလာနေတဲ့အကြောင်း နိုင်ငံရေးပါတီတချို့ကတော့ ဝေဖန်ကြပါတယ်။ NLD အစိုးရရဲ့ (၃) နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်၊ ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစော နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်တို့နဲ့ မခင်ဖြူထွေး တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
မေး ။ ။ NLD အစိုးရလက်ထက်မှာ နိုင်ငံတကာဆက်ဆံရေးမှာ မျက်နှာပျက်စရာတွေ အထူးသဖြင့် ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝေဖန်စရာ တော်တော်များများ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါတယ်။ UN ကဖြစ်ဖြစ်၊ US က ဖြစ်ဖြစ်၊ EU နိုင်ငံတွေက ဝေဖန်ပြောဆိုခဲ့တယ်။ NLD အစိုးရဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ်ပေးတယ်ဆိုတဲ့ ပုံစံမျိုးတွေအထိ ဝေဖန်တာတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ရှိရင်လဲ သူကိုပေးထားတဲ့ လူ့အခွင့်အရေးဆုတွေ ပြန်ရုတ်သိမ်းတာကအစ ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဆိုတော့ နိုင်ငံတကာဆက်ဆံရေးမှာ လက်ရှိ တိုင်းပြည်ရဲ့ ကျဆင်းသွားတဲ့ ပုံရိပ်ကို ပြန်ဆယ်ဖို့ဆိုရင် ဘာတွေများ တုံ့ပြန်ဆောင်ရွက်ဖို့ လိုမယ်လို့ ဦးအောင်မိုးဇော် ထင်ပါလဲ။
ဖြေ ။ ။ အဲဒီကိစ္စက အတော်ပြဿနာရှိတယ်။ ကျနော်တို့နိုင်ငံ Image ကတော့ အတော်ကျနေတာ အမှန်ပဲ။ နှစ်ဘယ်လောက် သွားမလဲဆိုတာတော့ ကျနော် မပြောတတ်ဘူး။ အဲဒါကလဲ ရခိုင်ပြည်မှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာကိစ္စ ရှိမယ်။ အခုနောက်ဆက်တွဲ ရခိုင်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေ ရှိမယ်။ အဲဒါတွေက နောက် ဆယ်စုနှစ်တခု ဆက်သွားမလားဆိုတာကို မပြောတတ်ဘူး။ အခြေခံကတော့ နိုင်ငံတကာနဲ့ သေသေချာချာ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာက အဓိကကျတဲ့ ငြိမ်းချမ်းမှု မရှိဘူး။ တည်ငြိမ်မှု မရှိဘူး။ တပြိုင်နက်ထဲမှာ အခုနပြောတဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စကို ပြန်ဆွဲတင်ဖို့ တော်တော်လေး ခက်နေတယ်လို့ ကျနော်ထင်တယ်။ ဆိုတဲ့အခါကြတော့ ဥပမာ ဒီရိုဟင်ဂျာ ပြဿနာကို - ရိုဟင်ဂျာပဲပြောပြော၊ ဘင်္ဂလီပဲပြောပြော - ဒီပြဿနာကို သေသေချာချာ မကိုင်တွယ်နိုင်ဘူး။ သို့တည်းမဟုတ် ကျနော်တို့ ပြည်တွင်းစစ် ဖြစ်နေတဲ့ကိစ္စတွေမှာလဲ နေရာအနံှမှာပါ - ရှမ်းမြောက်မှာ၊ အရှေ့မြောက်မှာ၊ ကချင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တောက်လျှောက်ပါ။ အခု ရခိုင်မှာဆိုလဲ ဆိုးပါတယ်။ ဟိုတလောက မြောက်ဦးမှာ ဘုရားတွေ ဘာတွေတောင် အပေါ်က ဗုံးကျဲတယ်ဆိုပြီ ကြားမိတယ်။
အဲဒီလိုကိစ္စမျိုးတွေကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ဘူးဆိုရင် ကြိမ်သေတယ် နိုင်ငံတကာဆက်ဆံရေးကလည်း ကောင်းလာဖို့ မလွယ်ဘူးလို့ ကျနော်ထင်တယ်။ အဓိက အခုဆိုရင် ပိုပြီးတော့ ကျနော်တို့ အပြင်ကကြည့်တဲ့လူတွေမြင်တာက တရုတ်ကို ပိုမှီရတယ်။ တရုတ်နိုင်ငံနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ရမှာပါ။ အခုဆိုရင် တရုတ်-မြန်မာ စင်္ကြန်တို့ ဘာတို့ဆိုရင် ကျနော်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်နိုင်တယ်။ တပြိုင်နက်ထဲမှာပဲ ဒီတခုတည်း ပုံထားရတော့ ကျနော်တို့မှာ တခြားဆုံးးရှုံးစရာတွေလဲ အများကြီးရှိနိုင်တယ်။ နိုင်ငံတကာဆက်ဆံရေးက အရေးကြီးပါတယ်။ အဲဒါကို ပြန်ပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်ကို ပြန်ပြီးတော့ ဆွဲတင်နိုင်ဖို့ဆိုတယ်။ အဲဒီလိုဆွဲတင်နိုင်ဖို့ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးပြဿနာတွေ၊ ပြည်တွင်းစစ်ပြဿနာတွေ အဲဒါတွေကို ကျနော်တို့ သေသေချာချာ ကိုင်တွယ်နိုင်မှ ဆက်ဆံရေးကိစ္စတွေကိုလည်း ကောင်းကောင်းမွန်မွန်ဖြစ်အောင် လုပ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ ဦးဦးလှစော ဘယ်လိုအမြင်ရှိပါလဲ။
ဖြေ ။ ။ ဒီပြဿနာက မသေးဘူး။ ကျနော် လွှတ်တော်ထဲမှာလည်း ပြောတယ်။ တချို့လဲ နားလည်တယ်။ တချို့လဲ နားမလည်ဘူး။ မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာဆက်ဆံမှုပုံစံဟာ - သူတို့ထင်တာက သက်သက်ပြဿနာရှာနေတယ်လို့ ထင်တယ်။ ဒီနိုင်ငံဟာ ဘာမှမှားမှားယွင်းယွင်း မလုပ်ဘူး။ ပြဿနာ ရှာနေတယ်။ အစိုးရက အမှားအယွင်း မလုပ်ဘူး။ တပ်မတော်က မှားမှားယွင်းယွင်း မလုပ်ဘူး။ နိုင်ငံတကာက သက်သက်ကြီးကို ပြဿနာရှာနေတယ်လို့ ထင်တယ်။ UN က Resolutions တွေ တက်လာတယ်။ အခုတခါ ရခိုင်မှာ AA ကနေ အခြေချဖို့ ကြိုးစားလာတယ်။ အခုန ဆရာပြောတဲ့အထဲမှာပါတယ် Cofederation - သီးခြားသမ္မတနိုင်ငံ ထောင်မယ်ဆိုပြီးတော့ AA ကို ချကွာချ၊ အပြတ်ရှင်းဆိုပြီးတော့ အကုန်လုံး ပြောလာတယ်။ အခုတော့ ချေမှုန်းတဲ့အခါကြတော့ စစ်အင်အားသုံးတယ်ဆိုပြီးတော့ ပြဿနာ တက်လာတယ်။
တပ်မတော် သတင်းထုတ်တာတဘက်၊ ဒီဘက် မီဒီယာတွေက ထုတ်တာတဘက်။ အရပ်ဘက်က ပြောတာတဘက်ဆိုတော့ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို မကြည့်ဘူး။ ဒါကို ပြည်ထောင်စုအစိုးရမှာ ပြန်ကြားရေးဌာန ရှိတယ်။ ဝင်ပြီးတော့လဲ ရှင်းရမယ်။ မရှင်းတော့ ဇာတ်မျှောကြီးထဲမှာ အကုန်လုံး ရှုပ်ထွေးပြီးတော့ အခုဆိုရင် AI – Amnesty International ရခိုင်ကိစ္စကို ကြည့်နေတယ်။ ICG က ရခိုင်ကိစ္စကို ကြည့်နေတယ်။ အရင်တုန်းက … Issue ရှိတယ်။ အဲဒါချိတ်မိရင် နောက်ထပ်လှိုင်းတလှိုင်း လာလိမ့်မယ်။ အင်မတန်ကြောက်စရာ လှိုင်းတလှိုင်း လာလိမ့်မယ်။ အဲဒီအချိန်မှာ ကိုရီးယားက မဟာမိတ်လို့ ထင်တာတဲ့ အမေရိကန်က ကိုယ့်ဘက်မှာရှိမှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ ဒီဘက်ကတရုတ်ကလဲ Exploit လုပ်ဖို့အတွက် အကုန်လုံး ချောင်းကြည့်နေတယ်။ အဲဒီတော့ ဒီနိုင်ငံကြီး မတည်မငြိမ်ဖြစ်နေပြီး ညီအကိုအချင်းချင်း မသင့်ဘူး။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလဲ မကောင်းဘူး။ စီးပွားရေးလည်းမကောင်းတဲ့ နိုင်ငံကြီးမှာ အမျိုးသားညီညွှတ်ရေးကို ဘယ်လိုတည်ဆောက်၊ ရင်ဆိုင်မလဲဆိုတဲ့ Strategy ကို ကျနော်မြင်တယ် - NLD မှာ မရှိဘူး။
ဒါပေမဲ့ တခုတော့ သေချာတယ် ကျနော်တို့ Democratic Transition အတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်တယ်။ ရပါတယ် .. ဘာမှမဖြစ်ဘူး .. တိုးတက်နေပါတယ် ဆိုတာလောက်နဲ့ မရဘူး။ ကျနော်တို့မှာ စိန်ခေါ်မှုတွေ အရမ်းကြီးနေပြီ။
မေး ။ ။ ဒေါက်တာမျိုးညွှန့်အနေနဲ့ ဦးဦးလှစော ပြောသလို နိုင်ငံတကာဆက်ဆံရေးမှာဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိစ္စမှာဖြစ်ဖြစ် NLD အနေနဲ့ ထိထိရောက်ရောက် ဒါကို ကိုင်တွယ်နိုင်မယ့် နည်းနာချထားတာ၊ သီးခြားမရှိတာလား။ ဒါမှမဟုတ် လူပဲ Capacity က မရှိတာလား။ ထိထိရောက်ရောက် မကိုင်တွယ်နိုင်တဲ့ အနေအထားမျိုး ဖြစ်နေရတယ်ဆိုတာ ဘာကြောင့်ပါလဲ။
ဖြေ ။ ။ ကျနော်တို့ အစကတည်းက ပြောပြီးပါပြီ - ရခိုင်အရေးကို ကျနော်တို့ အစိုးရတက်ကတည်းက ကြိုတင်ပြီးတော့ preemptive အကြံပေးကော်မရှင်ဖွဲ့ခဲ့တယ်။ ဒါက ကျနော်တို့က ကြိုတင်မြင်တယ်၊ ကြိုတင်လုပ်ထားတယ်ဆိုတာကို ပြောချင်တာပါ။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်တာနဲ့အမျှ တဘက်က အဖျက်လုပ်ငန်းတွေ ဘယ်လောက် များလာလဲ။ ကျနော်တို့ ပူးတွဲကော်မတီ လွှတ်တော်မှာ ဖွဲ့လိုက်တဲ့အခါမှာ ဒီဟာကို ပျက်စီးအောင်လုပ်တာတွေ ဘယ်လောက်အထိ များတယ်ဆိုတာကို ပြောချင်ပါတယ်။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာမှာ ဖိအားတွေများတယ်။ ဘာကြောင့် ဖိအားတွေ ဘာကြောင့်များလဲ။ အဓိကအချက်ကို ပြောချင်ပါတယ်။ ကျနော်တို့ကိုယ်တိုင်နဲ့ အပြည်ပြည်ဆိုင်ရာတို့ သတင်းအချက်အလက်တွေ အပြည့်အစုံ မရလို့ပါ။ အပြည်ပြည်ဆိုင်ရာကနေ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အစိုးရတွေ၊ အန်ဂျီအိုတွေ ဘာပေါ်မှာ မူတည်သလဲဆိုတော့ အပြည်ပြည်ဆိုင်ရာ မီဒီယာတိုင်း ရနေတဲ့ သတင်းဖော်ပြချက်တွေကိုပဲ အဓိကအားပြုပြီးတော့ ဒီဖိအားတွေ ဖြစ်နေတာပါ။ အဲဒီတော့ ကျနော်တို့ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ သတင်းယူဖို့ကိစ္စမှာ လုံခြုံရေးအကြောင်းပြချက်အရ ကျနော်တို့အစိုးရက ဒီနေရာမှာ လုပ်ပိုင်ခွင့် မရှိခဲ့ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လုံခြုံရေးအကြောင်းပြချက်ဆိုရင် တပ်မတော်က လွတ်လပ်စွာ စီမံဆောင်ရွက်ဆုံးဖြတ်ပိုင်ခွင့် ရှိနေတာပါ။
အခုန ကိုအောင်မိုးဇော် ပြောသလိုမျိုး အစိုးရနှစ်ရပ် ရှိနေတဲ့အခါမှာ ကျနော်တို့ ဒီမှာ အရေးကြီးဆုံး ပြဿနာက ဒီနေရာမှာ တက်နေတာပါ။ အပြည်ပြည်ဆိုင်ရာ ဖိအားတွေ၊ ရခိုင်ပြဿနာတွေ၊ အားလုံး စီးပွားရေးကအစ ကျနော့်အမြင်ကတော့ ကျနော်တို့အဖွဲ့အနေနဲ့ ဒါတွေက Separate Issues တွေ မဟုတ်ပါဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကအစ တခုနဲ့တခုက Interconnected ပါ။ တခုနဲ့တခု ချိတ်ဆက်နေတဲ့ဟာတွေပါ။ တခုနဲ့တခု ပတ်သက်နေတာတွေ မဟုတ်ပါဘူး။ ချိတ်ဆက်နေတာပါ။ အခု တခုပြေလည်သွားရင်၊ နောက်တခုမှာလဲ ပြေလည်မှုတွေ အကုန်လုံး ရနိုင်ပါတယ်။
အဲဒါကြောင့် ကျနော်တို့ နယ်ပယ်အားလုံးမှာ တပြိုင်တည်း ကြိုးစားနေခြင်းအားဖြင့် တိုးတက်မှုတွေရမယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။
မေး ။ ။ ဝေဖန်ပြီးတော့ ပြောဆိုတာတွေရှိတယ် တိုင်းရင်းသားတွေ ငြိမ်းချမ်းရေးကိစ္စမှာဆိုရင်လဲ ပြောကြတာက လက်ရှိ NLD အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ထက် စစ်တပ်နဲ့ ရင်ကြားစေ့ရေးကိုပဲ ပိုပြီးတော့ အလေးထားတယ်ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ တဘက်ကလဲ စောစောက ဆရာတို့ထောက်ပြသလို နေရာတိုင်းမှာက စစ်တပ်က ထည့်သွင်းပြီးတော့ စဉ်းစားရမယ့် အနေအထားဖြစ်နေတော့ အပြောင်းအလဲတွေက စစ်တပ်မပါရင် ဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အယူအဆမျိုးတွေကလဲ ရှိနေတယ်။ အဲဒီလိုပုံစံမျိုးနဲ့ NLD ရဲ့ လက်ရှိအကျပ်အတည်ကို နားလည်ပေးလို့ ရနိုင်လား။
ဖြေ ။ ။ ကျနော်တို့က နားလည်ပေးလို့ရတဲ့ အပိုင်း ရှိတယ်။ NLD က ရဲရဲရင့်ရင့်နဲ့ လုပ်သင့်တဲ့အပိုင်းတွေ ရှိတယ်။ ကျနော်က အဲဒီလိုမြင်တယ် - ခေါင်းရှောင်လို့ မရဘူး။ ဥပမာ တပ်မတော်က သူ့အလုပ် သူလုပ်မယ်ဆိုပေမယ့် အဲဒီလိုလဲ မဟုတ်ဘူး - ပြောသင့်ရင်တော့ ပြောရမှာပဲ။ ကျနော်တို့လဲ ပြောနေတယ်။ ကိုအောင်မိုးဇော်လည်း ပြောနေတယ်။ တပ်မတော်လွန်ရင် လွန်တယ်ပေါ့။ NLD ညံ့ရင် ညံ့တယ်ပေ့ါ။ NLD ဘာဖြစ်လို့ ရှေ့ထွက်မပြောတာလဲဆိုတဲ့ အပိုင်းတွေ ရှိတယ်။
တချို့ဟာတွေမှာ ပြောသင့်ပြောထိုက်တာတွေကို မပြောဘူး။ ဥပမာ အခုန ကျနော်ပြောသလို တပ်မတော်က သတင်းပြန်ကြားရေးဌာနဆိုပြီး သတင်းတွေ ထုတ်နေတယ်။ မနေ့ကပဲ ကြားပါတယ် -- ဧရာဝတီက သတင်းထောက်တယောက်ကို တရားစွဲမယ်။ RFA ကိုလည်း အရေးယူဖို့ လုပ်နေတယ် - သူတို့ပြန်ကြားတာကတော့ ရခိုင်ပြဿနာကို ပိုမိုကြီးထွားအောင် မီဒီယာတွေက ဖွပေး၊ ဆွပေး လုပ်တယ်လို့ ပြောတယ်။ ဟုတ်ပြီ .. .Press Council ရှိတယ်။ ဝန်ကြီးနှစ်ပါး ရှိတယ်။ နှစ်ယောက်စလုံး ရခိုင်ဖြစ်တယ် -- ဦးဖေမြင့် နဲ့ ဦးအောင်လှထွန်း ရှိတယ်။ ဦးအောင်လှထွန်းဆိုရင် ဝါရင့် နိုင်ငံတကာဂျာနယ်လစ်တယောက် ဖြစ်တယ်။ မြောက်ဦးလာပါ - ဘယ်သူမှားသလဲ၊ မှန်သလဲ သွားကြည့်လို့ရတယ်။ Inspection Committee သွားကြည့်လို့ရတယ်။ အဲဒီတော့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်၊ ဒီဘက်က မီဒီယာတွေက သတင်းထုတ်ပြန်ချက်၊ အရပ်ဘက်တွေက သတင်းထုတ်ပြန်ချက်။ Facebook ပေါ်မှာ ပေါက်တတ်ကရတွေ ပြောတဲ့ သတင်းထုတ်ပြန်ချက်။ ဦးအောင်လှထွန်းနဲ့ အဖွဲ့တဖွဲ့ သွားပြီးတော့ ဒါကအမှန်ပဲ။ မှန်မှန်ကန်ကန် ဘာလုပ်ထားတာလဲ။ ရှေ့မထွက်သင့်ဘူးလား။ ကျနော်က အဲဒါကို ပြောတာပါ။ အဲဒီတော့ အကုန်လုံး သူများကို Blame မလုပ်ဘဲနဲ့ ငါတို့ညံ့ပါလား။ ဒီနေရာကို ငါတို့ ဝင်ယူရမယ်။ ငါတို့ ကစားရမယ်။ ငါတို့ ရှေ့ထွက်ရမယ့်ဆိုတဲ့ စိတ်ဓါတ်လည်း ရှိဖို့လိုတယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ဆွေးနွေးစရာတွေကတော့ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့က အချိန်အကန့်အသတ်လည်း ရှိတော့ အနစ်ချုပ်အနေနဲ့ ဆွေးနွေးစေချင်တာက လက်ရှိ (၃) နှစ်တာ ဖြတ်သန်းခဲ့တဲ့ ကာလတလျှောက်မှာတော့ လူထုတခဲနက် ရွေးကောက်ခဲ့တဲ့ NLD အစိုးရ၊ ပြည်သူ့အစိုးရတရပ် ဖြစ်လာတဲ့အချိန်မှာ မျှော်မှန်းသလောက် မဖြစ်လာနိုင်ဘူးဆိုတဲ့ ဖေန်ထောက်ပြ ပြောဆိုမှုတွေလည်း အများကြီး ရှိပါတယ်။ ကျန်တဲ့ (၂) နှစ်မှာကော ဆက်ပြီးတော့ သင်ခန်းစာ ယူပြီးတော့ ဘာတွေဆက်လုပ်သွားသင့်လသဲ။ ဒါလေးကို အနှစ်ချုပ် ဆွေးနွေးပေးပါ။ ဆရာဦးမျိုးညွှန့် အရင်ဆုံးပြောပါ။
ဖြေ ။ ။ အခုနက ကိုအောင်မိုးဇော်လည်း ပြောသွားခဲ့ပါပြီ။ ကျနော်တို့က Sustainable .. ဆိုပြီး ချထားပါတယ်။ နောက်ပြီး ကုမ္ပဏီဥပဒေတွေ ပြင်လိုက်ပါတယ်။ ရင်းနှီးမြုပ်နံှမှုကို ဥပဒေတွေ ပြင်လိုက်ပါတယ်။ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အနှောင့်အယက် ဖြစ်နေတဲ့ အဂတိလိုက်စားမှုမှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်လာပါတယ်။ ဒါက ကျနော်တို့ ရှေ့ဆက်သွားမယ့် အဓိကလုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။
မေး ။ ။ ဦးအောင်မိုးဇော်လည်း အနှစ်ချုပ် သုံးသပ်ပေးအုံး …
ဖြေ ။ ။ ကျနော်တို့ အဓိကတော့ ငြိမ်းချမ်းရေး အလေးထားစေချင်တယ်။ အမျိုးသား သွေးစည်းညီညွှတ်မှုကို အလေးထားစေချင်တယ်။ အခုန ဒေါက်တာမျိုးညွှန့် ပြောသွားတဲ့ MSDP ကျနော်တို့တိုင်းပြည်မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ MSDP ရှိတယ်။ နောက် China-Myanmar Economic Cooridor မျိုးတွေ ရှိတယ်။ PTPR တို့လို့ ရှိတယ် စသဖြင့် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး။ တပြိုင်နက်ထဲမှာပဲ ကျနော်တို့ တရုတ်နဲ့ရင်ဆိုင်ရမယ့် ပြဿနာတွေလည်း အများကြီး။ စီးပွားရေးကို တကယ်တမ်း - သူတို့က တကယ်လာတော့မှာ။ ကျနော်တို့မှာ ရင်းနှီးမြုပ်နံှမှုအတွက် အခွင့်အလမ်းကောင်းတွေ အများကြီးရှိတယ်။ သို့ပသော်လဲ အခြေခံအကျဆုံးက အခုန MSDP ကို အကောင်အထည်ဖော်မယ်ဆိုရင် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု သူ့မဏ္ဍိုင်ကြီးတွေမှာ ပါတယ် - ဒီအကောင် အရေးကြီးဆုံးးပဲ။ အဲဒါတွေ မရှိဘဲနဲ့ ကျနော်တို့အချင်းချင်းကြားမှာ ညီညွှတ်ရေး - NLD ပါတီရှိမယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ မရှိဘူး။ ကျနော်တို့တွေ ရှိမယ်။ CSO တွေ ရှိမယ်။ ဒီကြားက ပူးပေါင်းဆောင်ရွက်မှုက အရမ်းအရေးကြီးတယ်လို့ ကြုံတုန်း ဒေါက်တာမျိုးညွှန့်ကို ပြောချင်ပါတယ်။ အဲဒါအရမ်းအရေးကြီးတယ်။ NLD အနေနဲ့ သေသေချာချာ အာရုံစိုက်စေချင်တယ်။ ဒါမှ ကိစ္စအတော်များများကို အတူတကွ ကျော်လွှာနိုင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
မေး ။ ။ ဦးဦးလှစောရဲ့ အမြင်ကိုလည်း ကြားချင်ပါတယ်။ (၂) နှစ်ပဲ ကျန်တော့တဲ့အထဲမှာ ပြည်သူ့အစိုးရတရပ်အနေနဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေကိုလဲ လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုရင် ဒီ (၂) နှစ်အတွင်းမှာ ဘာတွေလက်တွေ့ အကောင်အထည်ဖော်ပြဖို့ လိုအပ်ပါလဲ။
ဖြေ ။ ။ ကျနော်ကတော့ ငြိမ်းချမ်းရေးကို တည်ဆောက်စေချင်တယ်။ မငြိမ်းချမ်းဘူးဆိုရင် စစ်ဖြစ်နေရင် စစ်သုံးစရိတ် စစ်သုံးစရိတ်ဆိုတာ လာတယ်။ နောက်တခုက လက်ငင်းပဲ လွန်ခဲ့တဲ့ လေးငါးခြောက်လက ငပလီမှာ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်လာပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး ပရော်ဂျက်တွေ ဘာတွေလုပ်ပေမယ့် အခု ရေစုန်မျှောသွားပြီ။ ပြည်တွင်းစစ်ဒဏ်ကြောင့် လူသုံးသောင်းကျော် နဲ့ ရွာတွေပျက်သွားခဲ့ပြီ။ ဒီငြိမ်းချမ်းရေးကို (၂) နှစ်အတွင်းမှာ သေသေချာချာ NRPC ကို သေချာအားထည့်ပြီး လုပ်စေချင်တယ်။ EAO နဲ့ ထပ်ခါတလဲလဲ ဆွေးနွေးပါ။ အဲဒီလိုဆိုရင်တော့ ကျနော်တို့ဟာ တစုံတရာ ခြေလှမ်းလေး ပြန်စနိုင်ပြီ။ ဗမာပြည်က အချိန်တိုတိုမှာ တည်ငြိမ်ဖို့ဆိုတာ မလွယ်ဘူး။ အမှိုက်ပုံက အရမ်းဆိုးဆိုးဝါးဝါး နှစ်ပေါင်းများစွာ (၅၀-၆၀-၇၀) မှားယွင်းတဲ့ စီမံခန့်ခွဲမှုအဆက်ဆက် လုပ်တာကြောင့် ငြိမ်းချမ်းရေးကို တခုအညှာကိုင်လိုက်ရင်တော့ အကုန်လုံး ချစ်ချစ်ခင်ခင်နဲ့ တကယ့်သွေးရင်းသားရင်းလို ဖြစ်မယ်။ ပိုက်ဆံလည်း မကုန်သင့်တာ မကုန်တော့ဘူး။ နိုင်ငံတကာအရင်းအနှီးတွေ လာမယ်။ အဲဒီတော့ ငြိမ်းချမ်းရေးကို အားထည့်ပြီးတော့ ဇောက်ချပြီး လုပ်စေချင်ပါတယ်။ ပြောစရာရှိလဲ ရဲရဲပြောပါ။ ကျနော်တို့လဲ ဘယ်နေရာကမဆို ကူညီမယ်။ ကျနော်တို့မှာ ပါတီစွဲတွေ၊ ဘာတွေ မရှိဘူး။ တိုင်းပြည်ကြီး ငြိမ်းချမ်းဖို့။ တကယ့် ချစ်ခင်ရင်းနှီးတဲ့ ဖယ်ဒရယ်နိုင်ငံကြီး ဖြစ်ဖို့ဆိုရင်တော့ ကျနော်တို့က ဘယ်နေရာမဆို ပါမယ်။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။