သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ဆွေးနွေးရေး အလားအလာ


ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မိုင်းလားမြို့ကို ရောက်ရှိနေချိန်မှာ အခြေအနေပေးလာမယ်ဆိုရင် တွေ့ဆုံဆွေးနွေးဖို့ အတွက် အသင့်ရှိကြောင်း ရခိုင်တပ်မတော် AA က ပြောပါတယ်။ ဒါပေမဲ့ ဒီအခမ်းအနားကို KIA ကချင်ဘက်က အခမ်းအနားတက်ရောက်တဲ့ ကိုယ်စားလှယ်သာ ပါဝင်ပြီး ငြိမ်းချမ်းရေ ဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့ မပါဝင်တာကြောင့် ဆွေးနွေးမယ့် အခြေအနေဟာ ပြည့်စုံနိုင်ဖွယ်မရှိကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ဟာ ဧပြီလကုန်မှာ နောက်ဆုံးတွေ့ဆုံပြီးတဲ့နောက် နေရာရွေးခြယ်တာ
အဆင်မပြေတာကြောင့် ယနေ့ထိ တွေ့ဆုံနိုင်တာ မရှိသေးပါဘူး။

လောလောဆည်မှာတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်း မဟာမိတ် ကိုယ်စားလှယ်တွေဟာ မိုင်းလားမြို့ကို ရောက်ရှိနေကြပြီး နှစ်ဘက်အလွတ်သဘော တွေ့ဆုံနိုင်မလားဆို နိုင်ငံရေးလေ့လာသူတွေက မျှော်လင့်နေကြပါတယ်။

တွေ့ဆုံဆွေးနွေးနိုင်မယ့် အလားအလာအပေါ်မှာ AA ခေါ် ရခိုင်တပ်မတော်က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဒေါက်တာညိုထွန်းအောင်က အခုလို ပြောပါတယ်။

“အခု ဒီမိုင်းလား နှစ် ၃၀ ပွဲကို တက်လာတဲ့ အချိန်မှာကျတော့ ကျနော်တို့ကို ကြားက ဆက်စပ်ပေးတဲ့ သူတွေရှိတယ်။ သူတို့က ကျနော်တို့ကို ဒီပွဲရောက်တဲ့အခါကျတော့ ကျနော်တို့ကို ခင်ဗျားတို့ တွေ့နိုင်မလားဆိုတဲ့ အနေအထားနဲ့ ရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ လက်ရှိ အချိန်မှာတော့ အရင် ရပ်တည်ချက်အတိုင်းပဲ တွေ့မယ်ဆိုရင် ကျနော်တို့ဘက်ကတော့ ပန်ဆန်းမှာ တွေ့မယ်။ ဒုတိယအနေနဲ့ကတော့ မူဆယ်မှာ တွေ့မယ်။ ဒါမှ မဟုတ်ရင် တရုတ်နိုင်ငံရဲ့ နေရာတစ်ခုမှာဆိုတဲ့ဟာမျိုးပေ့ါ။ အခုဒီကိုလာတဲ့ဟာမှာတော့ မိုင်းလား
နှစ်၃၀ပွဲကိုပဲ လာတဲ့ ပုံစံမျိုးပဲ ရှိတယ်။ တစ်ခြား ပုံစံမျိုးပဲ ရှိတယ်။ ဒါပေမဲ့ အခြေအနေ တစ်ခု ပေးရင်တော့ တွေ့သင့်ရင် တွေ့ရအောင်ဆိုတဲ့ စဉ်းစားချက်တော့ ရှိပါတယ်။”


မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIA ကချင်၊ MNDAA ကိုးကန့်၊ TNLA တအန်း(ပလောင်)၊ AA ရခိုင်တပ်ဖွဲ့တွေမှာ ကချင်အဖွဲ့က အခမ်းအနားတက်မယ့် အဖွဲ့သာ လာရောက်ပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့ မပါဝင်တာကြောင့် အခက်အခဲ ရှိနေကြောင်း ဆက်ပြောပါတယ်။

“လေး ဖွဲ့စလုံးရဲ့ အခြေအနေကတော့ မရှိလောက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ KIA ကျတော့ ဒီအစည်းအဝေးကို သီးသန့်တက်ဖို့ ကိုယ်စားလှယ်ပဲ ပါတယ်။ သူတို့မှာကျတော့ ငြိမ်းချမ်းရေးကို ဆွေးနွေးတဲ့အဖွဲ့က သပ်သပ်တဖွဲ့၊ အစည်းအဝေးကို သပ်သပ်တဖွဲ့ဆိုတော့ ဒီကိုလာလို့ ရှိရင် တွေ့လို့ရှိရင်လည်း တွေ့တာလောက်ပဲ ရှိမယ်။ သိပ်ပြီးတော့ ဒီတစ်ခြားဟာတွေကျတော့ ဆက်လို့ ဆွေးနွေးမယ့် အနေအထားကျတော့ အခက်အခဲ ရှိနိုင်တာပေါ့။”

လောလောဆယ်မှာ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မိုင်းလားမြို့ကို ၂၇ရက်နေ့ကတည်းက ရောက်ရှိနေပြီး ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပမယ့် ၃၀ ရက်နေ့အထိ ရှိနေမှာဖြစ်တာကြောင့် ဒီရက်ပိုင်းအတွင်း စီစဉ်မယ်ဆိုရင်တော့ ဆွေးနွေးပွဲ ဖြစ်မြောက်နိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။

ဒီအခြေအနေအပေါ်မှာတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို ရှုမြင်ပါတယ်။

“အခုဟာက ဆွေးနွေးဖို့ကို ကြိုတင် ချိန်းဆိုမထားဘဲ တွေ့ဆုံကြတာပေါ့။ ကြိုတင်ချိန်းဆိုထားခြင်းမရှိတဲ့အပေါ် တွေ့ဆုံကြတာဆိုတော့ တွေ့ဖြစ်မလား၊ မတွေ့ဖြစ်ဘူးလားဆိုတာ ကျနော်တို့ ပြောရခက်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးနိုင်မယ့် ကိုယ်စားလှယ်တွေ ပါဝင်မယ် ဆိုရင်တော့ အလွတ်သဘော တစ်စုံတစ်ရာ ပြုလုပ်နိုင်လိမ့်မယ်လို့ တော့ မျှော်လင့်ရပါတယ်။ တကယ်လို့ KIA မပါနိုင်ဘူးဆိုရင် ကျန်တဲ့ ၃ ဖွဲ့နဲ့ အလွတ်သဘောညှိမယ်ဆို ညှိလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ပြည့်ပြည့်စုံစုံ သဘောတူညီချက် တခုရဖို့တော့ ခက်ပါလိမ့်မယ်။ ကျနော်တို့ အဓိက လောလောဆယ် ဖြစ်နေတဲ့ ပဋိပက္ခက ရခိုင်ပြည်နယ်က ပဋိပက္ခ က ပိုပြီးတော့ ထိပ်ရောက်နေတာကိုး။ အဲတော့ KIA ကိုယ်စားလှယ် အဖွဲ့ မပါတောင် ကျန်တဲ့ သုံး ဖွဲ့ပါမယ်ဆိုရင်တော့ တစ်စုံတစ်ရာ ညှိနှိုင်းမှု နားလည်မှု ယူနိုင်အောင် ဆွေးနွေးနိုင်မယ်လို့ထင်ပါတယ်။”

NRPC နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ဧပြီလကုန်ပိုင်းက နောက်ဆုံးတွေ့ဆုံစဉ်က မေလအတွင်းမှာ တွေ့ဆုံဖို့ သဘောတူညီခဲ့ကြပေမဲ့ အစိုးရဘက်က ရွေးခြယ်တဲ့နေရာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ရွေးခြယ်တဲ့နေရာ မညှိနှိုင်းနိုင်တာကြောင့် ထပ်မံတွေ့ဆုံနိုင်တာ မရှိခဲ့ပါဘူး။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG