သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA အဖွဲ့ဆက်သွယ်မှု သံသယနဲ့ဖမ်းဆီးခံရသူ ၂၀၀ နီးပါးရှိ


မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ
မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်တွင်းက ကျေးရွာတချို့မှာ မြန်မာစစ်တပ်က ကျောင်းဆရာတချို့ အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားအတော်များများ ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA အဖွဲ့နဲ့ ဆက်နွယ်မှု ရှိနေတယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီအပေါ် မြန်မာစစ်ဘက်ကရော ဘယ်လိုတုံ့ပြန်ထားပါသလဲ။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင့်တပ်မတော်AAနဲ့ဆက်နွယ်မှုရှိနေတယ်ဆိုပြီး မသင်္ကာမှုနဲ့ဖမ်းဆီးထိန်းသိမ်း ခံရ တာတွေ တနေ့တခြား ပိုများပြားလာနေပါတယ်။

မနေ့ကစနေနေ့နဲ့သောကြာနေ့မှာ ဘူးသီးတောင်မြို့နယ်၊ ကျောက်ရန်ကျေးရွာအတွင်းမှာ ကျောင်းဆရာတဦး အပါအဝင် ရွာအုပ်ချုပ်ရေးမှူး ရွာသားတွေကို မြန်မာစစ်တပ်ကနေ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဘူးသီးတောင် မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကပြောပါတယ်။

“ကျောက်ရန်မှာလေ။ ဒီ(၉)ရက်နေ့ကတည်းက တပ်မတော်က ဝိုင်းထားတာ။ ရွာကိုဝိုင်းပြီးမှ စစ်ဆေးနေတယ်လို့ ပြော တယ်။ အဲဒီမှာ ကျောက်ရန်အုပ်ချုပ်ရေးမှူးဦးစံမောင်နဲ့ နောက်ပြီးတော့ ကျောင်းဆရာ တယောက်လေ။ နိုင်အောင်ထွန်း အဲဒီရွာကကျောင်းဆရာ။ သူတို့နှစ်ယောက်ကိုလဲ ဖမ်းထားတယ်။ နောက်ပြီးတော့ အဲဒီရွာမှာ စံဂိုးထောင်အုပ်စု ဖက်က လူတွေလဲ ပြေးသွားတာ ရှိတယ်လေ။ သူတို့က အဲဒီဖက်က နွားရုံတောင်က အလုံးချေဆိုတဲ့ ကလေးနဲ့။ နောက် သရက် ပြင်ရွာက ဦးမောင်သိန်းစိန် ဆိုပြီးမှ လူ(၄)ယောက်ကို ဖမ်းထားတယ်။”

သောကြာနေ့ကတည်းက မြန်မာစစ်တပ်ကနေ ရွာထဲဝင်လာပြီး ဝိုင်းပတ်ပိတ်ဆို့စစ်ဆေးနေလို့ ရွာသား တချို့လဲ ကြောက်လန့် တိမ်းရှောင်နေရတာလဲရှိနေပါတယ်။

တိမ်းရှောင်နေသူ ကျောက်ရန်ရွာသား တဦး ကတော့ မြန်မာစစ်တပ်ကနေ ရွာသား(၂၆)ဦးခန့်ထိန်းသိမ်းထား တယ်လို့ ပြောပါတယ်။

“စစ်ကြောင်းရောက်တာ(၂)ရက်လောက်ရှိနေပြီ။ ပြီးရင်ရွာကိုလဲဝိုင်းထားတယ်။ ရွာကအိမ်ခြေ(၂၀)ကျော်ဘဲရှိတယ် လေ။ ဟုတ်တယ် အုပ်ချုပ်ရေးမှူးနဲ့ (၂၆)ယောက်ဖမ်းထားတယ်လို့ ပြောတယ်။ မနေ့ညနေကလေ။”

ဒီအထဲအဖမ်းခံထားရတဲ့ ကျောက်ရန်ကျေးရွာက ကျောင်းဆရာနိုင်အောင်ထွန်းကို မြန်မာစစ်တပ်ဖက်က စစ်ဆေး နေဆဲလို့ ဘူးသီးတောင်မြို့နယ် ပညာရေးမှူးဦးသန်းဖေက အတည်ပြုပြောပါတယ်။

“ဟုတ်တယ် အခုထိလဲ ကျွန်တော်တို့ကိုတရားဝင်အကြောင်းကြားစာတော့ အဲဒီတပ်မက ဗိုလ်ကြီးတယောက်က သူ့ကို စစ်ဆေးစရာရှိလို့ အဲဒီကျောက်ရန်မှာဘဲ အခုလောလောဆယ် ထိန်းထားပါတယ်။ ဖုန်းနဲ့တော့ အကြောင်းကြား လာတာရှိပါတယ်။ လောလောဆယ်အဲဒီမှာ ထိန်းထားတာက ကျွန်တော်သိရတာက ရွာသားတွေအားလုံးပါ ထွက်ခွင့်မပြု သေးတဲ့ အနေအထား မှာရှိတယ်။”

ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာအတွင်း မြန်မာစစ်တပ်ကနေ စစ်ဆေးနေမှုနဲ့ ပက်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ သိရသလောက်ကတော့ အဲဒီမှာတော့ ဟိုကျောင်းဆရာတယောက် မေးခဲ့တာ အဲဒီတယောက်နဲ့ ပက်သက်တဲ့ သူတွေဘဲဖြစ်မယ်။ ကျွန်တော်တို့ စစ်နေတဲ့ ကျောင်းဆရာ တယောက်ရှိသေးတယ်။

အလားတူ ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြ ကျောင်းဆရာတဦး ဖြစ်သူ နေဇော်လင်းကို သြဂုတ်လ(၅)ရက်နေ့မှာမြန်မာစစ်တပ်ကနေ မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးရာမှာ တပ်မတော် လှုပ်ရှားမှု သတင်းအချက်လက်တွေကို AAဖက်ကို ပေးပို့နေတယ်ဆိုတဲ့ အထောက် အထား တွေစစ်ဆေး တွေ့ရှိရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ဆေးခံနေရတဲ့ကျောင်းဆရာကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(ခ)တို့နဲ့ အမှုဖွင့်အရေးယူ ထားပါတယ်။

ဒီနေ့မနက်မှာလဲ ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာဖက်မှာ ဗုံးပေါက်ကွဲခဲ့လို့ မြန်မာစစ်တပ် ကနေ ချောင်းတူ ကျေးရွာသားတွေကိုစီစစ်နေဆဲလို့ ကျေးရွာသားတဦးကပြောပါတယ်။

“ဗုံးတလုံးပေါက်တယ်လို့ ပြောတယ်။ ချောင်းတူရွာရဲ့ တောင်ဖက်မှာ ကျတယ်ထင်တယ်။ ထိခိုက်မှုတော့ မရှိပါဘူး။ ရွာသားတွေကတော့ ကလေးတွေကို မိန်းမတွေကိုစုထားတယ်။ တပ်က အဲဒီလိုမျိုး။ ရွာသားတွေဆိုတာတရာ ၊ ၄-၅၀ လောက်ရှိမှာပေါ။့”

ဒီမနက် (၉) နာရီခန့်မှာ ချောင်းတူကျေးနဲ့ဝါးတောင်ကျေးရွာကြား တောင်စဉ်အနီးမှာ မိုင်းပေါက်ကွဲသံနဲ့ သေနတ် ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီး မွန်းလွှဲပိုင်းမှာ မြန်မာစစ်တပ်ကနေ ချောင်းတူကျေးရွာအတွင်းဝင်ရောက်ပြီးတော့ ရွာ သားတွေကို ခေါ်ယူစစ်ဆေးနေပြီး အသက်(၂၀)ဝန်းကျင်လူငယ်(၁၂)ဦးကို ထိန်းသိမ်းထားတယ်လို့ ကျေးရွာအုပ် ချုပ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မနှစ်ကစလို့ မြန်မာ့တပ်မတော်နဲ့ AAရခိုင်လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွား ခဲ့ပြီး တိုက်ပွဲစဉ်တွေအတွင်း AAနဲ့ဆက်စပ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ဖမ်းဆီးခံရသူတွေ တနေ့ထက်နေ့များပြား လာနေ ပါတယ်။

လက်ရှိမှာ မသင်္ကာမှုနဲ့ဖမ်းဆီးခံရသူ(၁၇၀)ကျော်ရှိနေပြီးလို့လဲ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးကနေ ဇူလိုင်လကုန်ပိုင်းမှာ စာရင်းကောက်ယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG