သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်မြို့နယ်တွင်း ရဲကင်းစခန်းတခု တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု (မတ်၊ ၁၈၊ ၂၀၁၈)
ရခိုင်ပြည်နယ်က မြန်မာလုံခြုံရေးတပ်စခန်းတခု (မတ်၊ ၁၈၊ ၂၀၁၈)

စစ်ရေးပဋိပက္ခ ဖြစ်ပွားနေဆဲ ရခိုင်ပြည်နယ်မှာ ဒီကနေ့မှာလည်း ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်းတခု ကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ရာက အသေအပျောက်တွေ ရှိခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာတော့ AA တပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ သာမက အရပ်သားတွေလည်း ပါဝင်ကြောင်း တပ်မတော် တာဝန်ရှိ သူတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က တင်းမာမှု နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ညောင်ချောင်းရဲစခန်းကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဒီမနက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက တနာရီလောက် တိုက်ပွဲဖြစ်ခဲ့ကြောင်း တပ်မတော်က အတည်ပြုခဲ့တာပါ။ တိုက်ပွဲအတွင်း ဒေသခံရွာသားတွေပါ ထိခိုက်မှုရှိခဲ့တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ညောင်ချောင်းဖြစ်စဉ်ကတော့ မနက် ၄ နာရီနဲ့ ၅ နာရီကြားထဲမှာဖြစ်တယ်။ အဲဒီညောင်ချောင်းနယ်မြေရဲစခန်း AA အင်အား ၇၀ လောက်တိုက်တယ်။ စခန်းတော့ ကျမသွားဘူး။ ရဲက ကျနော်တို့ နှစ်ယောက်ဒဏ်ရာ ရတယ်။ AA ကတော့ အလောင်း တလောင်းကျန်ခဲ့တယ်။ လက်နက်တွေကို ရလိုက်တယ်။ သူတို့ ဆုတ်သွားတဲ့နောက်မှာ ဒဏ်ရာရတဲ့သူတွေပါသွားတယ်လို့တော့သိရတယ်။ သူတို့ဘက်က ဒဏ်ရာရတဲ့ သူတွေပါ။ နောက်တခုက ဘင်္ဂလီ ရွာလေးတွေ ရှိတယ်။ ဆုတ်ရင်းနဲ့အဲဒီရွာကိုပစ်သွားတဲ့အတွက် ဘင်္ဂလီတချို့လဲဒဏ်ရာရတဲ့သူရှိတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နယ်ခြားစောင့်ရဲရယ်။ တပ်ရယ်တော့နယ်မြေ လုံခြုံရေး ဆက်ဆောင်ရွက်နေတယ်။”

ဒီမနက်ညောင်ချောင်း ရဲစခန်းတိုက်ခိုက်ခံရမှုမှာ နှစ်ဘက်တပ်ဖွဲ့တွေအပြင် ဒေသခံရွာသားတွေလဲ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့အနေနဲ့ ရဲစခန်းတွေကို ပစ်မှတ်ထား ထပ်မံတိုက်လာတဲ့အပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုဆက်ပြောပါတယ်။

“AA ကတော့ကျနော်တို့ ရဲစခန်းကို တိုက်တာ ခံခဲ့တော့ လေးကြိမ်ရှိပြီ။ ဇန်နဝါရီလမှာ ခထီးလှတို့ရယ် နောက် ပုဏ္ဏားကျွန်းက ယိုးတရုတ်ရဲစခန်း ပြီးရင် ကျနော်တို့ မြောက်ဦးကရဲတပ်ရင်း ဒါနဲ့ဆိုလေးကြိမ်ရှိပြီ။ ဒီတရားဥပဒေ စိုးမိုး ရေးအဖွဲ့ကို ဒီလိုလုပ်ဆောင်တာတော့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်ကို ပိုပြီးတော့လုပ်ဆောင်လာတဲ့ သဘောမျိုး တွေ့ရတယ်ဗျ။”

ဒီမနက်တိုက်ခိုက်ခံရတဲ့ ညောင်ချောင်းနယ်ခြားစောင့် စခန်းဟာ ရဲတပ်ဖွဲ့တွေအပါဝင် စစ်တပ်ရော နေထိုင်တဲ့စခန်းဖြစ်တယ်လို့ ညောင်ချောင်းရွာသားတဦးကပြောပါတယ်။

“ညောင်းချောင်းဘက်အခြေအနေကတော့ ၄ နာရီ ၁၅ လောက်ကပေါ့နော်။ ကြီးကြီးကျယ်ကျယ်ပေါက်သံတွေ ကြားတယ်ဗျာ။ လက်နက်ကြီးရော လက်နက်ငယ်ရော။ ညောင်ချောင်းစခန်းကို ဝင်တိုက်တယ်လို့။ ညောင်ချောင်းက နယ်ခြား စောင့်တွေ စစ်တပ်ကလည်ရး ရှိတယ်။ စခန်းကတော့နယ်ခြားစောင့်စခန်း။ နေတာတော့ တပ်ရော နယ်ခြားစောင့်ရော အကုန်နေတယ်။ နယ်ခြားစောင့် တဝက် တပ်တဝက် ဝက်လိုက်အဲဒီလိုနေတာ။ ညောင်ချောင်းရခိုင်ရွာနဲ့ကျတော့ ရွာကမြောက်ဘက်က စခန်းကတောင်ဘက်က။ ညောင်ချောင်းကုလားရွာနဲ့နီးတယ်။”

ညောင်ချောင်းရွာခံတွေအနေနဲ့က တိုက်ပွဲဖြစ်စဉ်အတွင်း ပစ်ခတ်မှုကြောင့် အပြင်မထွက်ရဲကြသလို တချို့ကတော့ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့သူကဆိုပါတယ်။

ဒီကနေ့တိုက်ပွဲဖြစ်စဉ်နဲ့ပက်သက်လို့ AA ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်သွယ်မရရှိခဲ့ပါဘူး။

ဒီနှစ်တွေမှာ ဘူးသီးတောင် ပုဏ္ဏားကျွန်း မြောက်ဦးမြို့နယ်မှာရှိတဲ့ ရဲကင်းစခန်းတွေကို AA ဘက်ကနေ လေးကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒါကြောင့်မို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းအများအပြား ရုပ်သိမ်းထားရပြီး မြို့ ရွာကြီးတွေမှာ ပြောင်းရွှေ့အင်အားစုထားရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဇူလိုင်လ ၂၄ ရက်နေ့မှာ ကျောက်တော်မြို့နယ် မဟာမုနိဘုရားနဲ့ နှစ်ကီလိုမီတာမျှသာဂေးတဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ AA ဘက်က ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေဆက်လက် ဖြစ်ပွါးနေသလို တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ၅၀၀၀၀ အထိတိုးပွါးလာနေတယ်လို့ အကူညီပေးရေးအဖွဲ့ တွေကပြောပါတယ်။

တပ်မတော်အနေနဲ့ AA အဖွဲ့ကို ရခိုင်ပြည်နယ်မှာ အခြေစိုက်ခွင့်ပြုမှာ မဟုတ်ကြောင်းလည်းပြောဆိုထားသလို AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အခြေချနိုင်ရေးဟာ အဓိကရည်မှန်းချက်ဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG