သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းပြားမြို့နယ်မှာ မြန်မာစစ်ကြောင်း တိုက်ခိုက်ခံရ


ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က တံတားတခုအနီး မြန်မာစစ်တပ် စစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA က ဒီနေ့ နေ့လည်ပိုင်းမှာပဲ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေနဲ့ AA အဖွဲ့က ပြောပါတယ်။ အခုနောက်ဆုံး တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ မင်းပြားမြို့နယ်မှာပဲ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသလို၊ တိုက်ပွဲတွေကြား ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့အနီး နရမ်းလမ်းဆုံမှာ ဒီကနေ့နေ့လယ်ပိုင်းမှာ မြန်မာစစ်ကြောင်းတခုကို ရခိုင်လက်နက်ကိုင် AAအဖွဲ့ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အခင်းဖြစ်ပွားရာကိုသွားရောက်ခဲ့တဲ့ မင်းပြား ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲအခြေအနေကလေ မိုင်းနှစ်လုံးဆွဲတာပေါ့ ဒီဖက်က။ အထိခိုက်က အတိအကျမသိသေးဘူး။ နှစ်ယောက်သေသွား တယ်လို့ပြောတယ်။ စစ်တပ်ကနေပြီးတော့ ဒီဖက် ကရွာကိုလှည့်ပြီးတော့ အသားကုန် ပစ်ထားတဲ့ဟာ ဘုန်းကြီးကျောင်းခေါင်မိုးပေါ်ကျတယ်တဲ့။ ရွာသားတွေလဲ ထိခိုက် မှုမရှိ ဘူး။ ဆိုင်ကယ်သမားတယောက်ကတော့ ဗုံကွဲလို့ပြေးတာကို စစ်တပ်က လှမ်းပစ်လို့ နည်းနည်း ရှပ်ထိသွားတယ် လို့ကြား တယ်။”

မင်းပြာမြို့နဲ့(၅)မိုင်ခန့်အကွာ ရာမောင်တံတားအနီး မြောက်ဦး- မင်းပြား- ရန်ကုန်သွားတဲ့ နရန်းလမ်းဆုံမှာ AAဖက်ကနေ မိုင်းခွဲတိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို မသိရသေးပေမဲ့ မင်းပြားမြို့အနီး နရန်းလမ်းဆုံမှာ တိုက်ပွဲဖြစ်ပွား ခဲ့ကြာင်းAAပြန်ကြားရေး တာဝန်ခံခိုင်သုခကပြောပါတယ်။

“မင်းပြားဖက်ကိုအဝင် ဒိမြောက်ဦး-မင်းပြားအဲဒီ ရာမောင်တံတားထိပ်ပေါ့။ ဒီနရန်းရွာဆိုတာရှိတယ်။ အဲဒီမှာဖြစ်တာ။”

ဒီကနေ့မင်းပြားနရန်းလမ်းဆုံတိုက်ပွဲအခြေအနေကို မသိရသေးပေမဲ့ မနေ့က မင်းပြားမြို့နယ် ရာမောင်းတံတား အရှေ့ ဖက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြာကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းကပြောပါတယ်။

“ဒီနေ့ဖြစ်တာ ကျွန်တော်လဲမသိသေးဘူး။ မနေ့ကဖြစ်တာ အဲဒီရာမောင် တံတားရဲ့အရှေ့ဖက်မှာ ဖြစ်ခဲ့တာရှိတယ်။ နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိပါဘူးဗျ။”

မနေ့ညတုန်းကလဲ မင်းပြားမြို့နယ် ကုလားမတောင်နဲ့ သလူချောင်းဖက်မှာ မြန်မာစစ်တပ်နဲ့ AAအဖွဲ့တို့တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့လဲ ကုလားမတောင်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

မင်းပြားမြို့နယ် သလူချောင်းနဲ့ကုလားမတောင်ရွာဖက်မှာ နှစ်ဖက်တိုက်ပွဲအမြဲလိုလို ဖြစ်ပွားနေပြီး ဒေသခံရွာသား(၃၀၀၀) လောက်ဟာ စစ်ဘေးတိမ်းရှောင်နေရဆဲလို့အကူညီပေးရေးအဖွဲ့ ကျန်းရိပ် ကရုဏာဖေါင်ဒေးရှင်း တာဝန်ခံဦးသိန်းထွန်း ကပြောပါတယ်။

“ကုလားမတောင် သလူချောင်းရွာမှာဆိုတယောက်မှမကျန်တော့ဘူး။ ရွာသားတွေကတော့ အကုန်လုံး ဒီမင်းပြားဒုက္ခသည် စခန်းမှာဘဲအကုန်လုံးက။ စခန်းက(၉)ခုတောင်ခင်ဗျ။ အကုန်လုံး (၃၀၀၀)ကျော် လောက်ရှိမယ်။”

မင်းပြားမြို့အရှေ့ဖက်မှာရှိတဲ့ ဖုံသာချောင်းတဝိုက်ကကျေးရွာသား(၃၀၀၀)ခန့်ဟာလဲ စစ်ဖြစ်ပွားရာ ဒေသအတွင်းမှာ ပိတ်မိနေဆဲလို့ဦးသိန်းထွန်းကဆက်ပြောပါတယ်။

“ဖုံသာချောင်းအတွင်းထဲမှာ(၃၀၀၀)ကျော်လောက် ပိတ်ဆို့နေတယ်ခင်ဗျ။ ဖုံသာချောင်းရယ် ကျောက်မော်ရယ်၊ ငန်းတက်ရယ် ၊ တောင်ပုတ်ကေရယ် စိတ္တရရယ် အဲဒီကျေးရွာတွေကကျတော့ လောလောဆယ်ပြေးလာတဲ့လူတွေက ရောက်လိုက်တယ်။ နောက်ကျန်တဲ့လူတွေကျတော့ သူတို့အထွက် မပေးတော့ဘူး။ စစ်တပ်က အထွက်မပေးတော့ သူတို့ကချောင် ပိတ်ပြီးနေ နေကြတယ်။”

ဒီရွာတွေဟာ AAအဖွဲ့ကို အခြေခံတဲ့ရွာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုအပ်တဲ့စီစစ်မှုတွေ လုပ်ဆောင်ဖို့ ဒေသ အတွင်းဝင်ထွက်သွားလာခွင့်ကန့်သတ်ထားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကဗွီအိုအေကိုပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့AAတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်သလို တဖက်မှာလဲ AAအဖွဲ့နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဖမ်းဆီးခံနေရမှုတွေလဲရှိနေပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ(၉)ရက်နေ့က ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာကနေ ဖမ်းဆီးခံရတဲ့ မူလတန်းပြ ဆရာတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင်ငါးဦးကို မြန်မာစစ်တပ်ကနေ မသင်္ကာလို့ဖမ်းဆီးထားပြီး မနေ့က ဘူးသီး တောင်မြို့နယ်တရားရုံးမှာ ရုံးထုတ် ရမန်ယူခဲ့တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

“ဘူးသီးတောင်ကဖမ်းသွားတဲ့လူ(၅)ယောက်ကိုလေ တရားရုံးတင်တယ်ဗျ။ ဘူးသီးတောင်တရားရုံး မှာလာပြီးတော့ ရမန်ယူတယ်။ ၅၀(က)နဲ့တရားစွဲတယ်လို့ပြောတယ်။ ညောင်ချောင်း စခန်းနယ်ခြားစောင့်ရဲက တရားလိုလုပ်ပြီးတော့ တရားစွဲတယ်လို့ပြောတယ်။”

မြန်မာစစ်တပ်ကနေစစ်ဆေးချက်အရ ရွာအုပ်ချုပ်ရေးမှူး ကျောင်းဆရာအပါအဝင်ရွာသားတွေဟာ AAအဖွဲ့နဲ့ ဆက်နွယ် နေကြောင်း အထောက်အထားတွေ့ရှိခဲ့သလို ရဲတပ်ဖွဲ့လက်ကို လွှဲပြောင်းပေးခဲ့ပြီး ဥပဒေအကြောင်းအရ ဆက်လက်လုပ် ဆောင်နေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

“ကျွန်တော်တို့ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ ဆေးထိုးအပ်ရယ် ကျန်တဲ့ခဲယမ်းတွေတွေ့တယ်။ ပြီးရင်ကျောင်းဆရာ ပညာ ရေးဝန်ထမ်း။ သူ့ရဲ့ဖုန်းထဲကနေပြီးတော့မှ အင်တာနက်တွေ မဖျက်ခင်ကာလတုန်းက ပြောထားတဲ့မက်ဆင်ဂျာတွေ တွေ့ တယ်။ ပြီးရင် မက်ဆေ့တွေ ပို့ထားတာတွေ့တယ်။ ဒီလိုဟာမျိုးတွေတွေ့တဲ့အတွက်ကြောင့်မို့လို့ ရဲကို အပ်လိုက်တယ်။ ရဲကတော့အမှု ဖွင့်လိုက်ပြီး။ သူ့ဟာ ဥပဒေ အတိုင်းဆက်လုပ်မယ်။”

ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက် စစ်ရေးပဋိပက္ခဖြစ်စဉ်အတွင်းAA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူ ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦးရှိနေ တယ်လို့ တပ်မတော်ကနေ ဇွန်လအတွင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်လူမှုအဖွဲ့အစည်းတွေကနေကောက်ယူထားတဲ့စာရင်းအရ ဖမ်းဆီးခံထားရသူ (၁၇၀)ကျော် ရှိနေတယ်လို့ ပြောဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG