သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အရာရှိတွေ အစ္စရေးလက်နက်ပြပွဲ တက်ရောက်ခွင့် ပိတ်ပင်ခံရ


မြန်မာစစ်အရာရှိတွေ အစ္စရေးလက်နက်ပြပွဲ တက်ရောက်စဉ် (ဓါတ်ပုံ-Haaretz.com)
မြန်မာစစ်အရာရှိတွေ အစ္စရေးလက်နက်ပြပွဲ တက်ရောက်စဉ် (ဓါတ်ပုံ-Haaretz.com)

မြန်မာနိုင်ငံက ဆိုးဝါးလှတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကြောင့် နိုင်ငံတကာက လက်နက်ရောင်းချခွင့် တားမြစ်ထားတဲ့ကြားက မြန်မာအရာရှိတွေ အစ္စရေးနိုင်ငံ Tel Aviv မှာ ကျင်းပခဲ့တဲ့ လက်နက်ပြပွဲကို တက်ရောက်ခဲ့ပြီးတဲ့နောက်မှာ မြန်မာအရာရှိတွေကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်းဖို့ အစ္စရေးက ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်ရေး ကျူးလွန်ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက လက်နက်ရောင်းချခွင့် တားမြစ်ပိတ်ဆို့ အရေးယူခြင်း ခံရတဲ့ ကာလပတ်လုံး အစ္စရေးမှာ ကျင်းပတဲ့ စစ်လက်နက်ပြပွဲတွေကို မြန်မာစစ်တပ် ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့် အစ္စရေး အစိုးရက ပိတ်ပင်ဖို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ဇူလိုင်လ ၁၆ ရက်နေ့ထုတ် Haaret.com အစ္စရေးသတင်းမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ လက အစ္စရေး ကာကွယ်ရေးနဲ့ အမိမြေလုံခြုံရေးဌာနက Tel Aviv မှာ ကျင်းပခဲ့တဲ့ စစ်လက်နက်ပြပွဲကို မြန်မာစစ်အရာရှိတွေ တက်ရောက် ခဲ့အပြီး အခုလို ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။ အခုအချိန်က စပြီး အစ္စရေးနိုင်ငံက လက်နက် ရောင်းချဖို့ ငြင်းဆိုခဲ့တဲ့ နိုင်ငံ တွေက နိုင်ငံသားတွေ စစ်လက်နက် expo ပြပွဲကို လာရောက်ဖို့ ဗီဇာ တောင်းခံခွင့်ကို ငြင်းပယ်မှာ ဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေး အနေနဲ့ မြန်မာနိုင်ငံကို လက်နက် ရောင်းချမှု အားလုံး ရပ်တန့်ထားပြီး ဖြစ်တယ်လို့ အလေးအနက် ပြောခဲ့ပေမယ့် အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာနဲ့ ပတ်သက်တဲ့ ပြပွဲကို အခုလို လာရောက်ခွင့် ပြုခဲ့တဲ့အတွက် မေးခွန်းထုတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံခြားရေးဌာန ပြောခွင့်ရ Emmanuel Nahshon က အစ္စရေး အနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချခြင်း မရှိကြောင်းနဲ့ ဒီမူဝါဒဟာ အခုထိ ပြောင်းလဲမှု မရှိကြောင်း Haaret သတင်းဌာနကို အတည်ပြုခဲ့ပါတယ်။

၂၀၁၇ သြဂုတ်လက ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ အပေါ် ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ အရေးယူ ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG