သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ကို အစ္စရေးလက်နက်ရောင်းချမှု AI ဝေဖန်


မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဇူလိုင်-၂၀၁၇)
မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဇူလိုင်-၂၀၁၇)

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာအပါအဝင် အခြားနိုင်ငံတွေကို အစ္စရေးကနေ လက်နက်နဲ့ ထောက်လှမ်းရေးနည်းပညာတွေ ရောင်းချခြင်းအားဖြင့် ဖိနှိပ်မှုယန္တရား ပိုပြီးအားကောင်းအောင် အထောက်အကူပေးနေကြောင်း AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ ပြောခွင့်ရက ဗွီအိုအေကိုပြောပါတယ်။

မြန်မာနဲ့ အာရပ်စော်ဘွား များနိုင်ငံအပါအဝင် စုစုပေါင်း ၈ နိုင်ငံကို လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ ရောင်းချနေတဲ့ အစ္စရေးကုမ္ပဏီတွေနဲ့ ပတ်သက်လို့ အစ္စရေးအခြေစိုက် AI အဖွဲ့ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ဆက်မှာပါ။

လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်နေတဲ့နိုင်ငံတွေကို အစ္စရေးကုမ္ပဏီတွေအနေနဲ့ လက်နက်တွေ ဆက်လက်တင်ပို့ ရောင်းချနေဆဲဖြစ်ကြောင်း အစ္စရေး အခြေစိုက် AI နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ခွဲကနေ မေလ (၁၇)ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလို လက်နက်တွေ မကြာခဏ တင်ပို့ရာမှာ လုပ်ငန်းအဆင့်ဆင့်ကို ကျော်ဖြတ်ပြီးမှ ဝယ်ယူတဲ့ နိုင်ငံတွေဆီကို ရောက်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ဖို့နဲ့ အစ္စရေးနိုင်ငံကိုယ်တိုင် စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ လိုအပ်ကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

လက်နက် တင်ပို့ ရောင်းချမှုကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ဖို့နဲ့ အကြီးစားလက်နက်တွေ တင်ပို့နေကျ အခြားအနောက်နိုင်ငံတွေရဲ့ စနစ်အတိုင်း ထင်သာမြင်သာရှိတဲ့ လမ်းညွှွန်ချက်တွေကို မဖြစ်မနေ ပြဌာန်းဖို့ အစ္စရေး လွှတ်တော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို AI ကတောင်းဆိုထား ပါတယ်။

ဒီလို ဆယ်စုနှစ်ပေါင်းများစွာ စောင့်ကြည့်ဖို့နဲ့ ထင်သာမြင်သာရှိဖို့ ပျက်ကွက်မှုတွေကြောင့် နိုင်ငံတကာက ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတွေ၊ အာဏာရှင်တွေရှိနေတဲ့နိုင်ငံတွေဆီကို အစ္စရေးကုမ္ပဏီတွေကနေ လက်နက်ပစ္စည်းတွေ၊ ကာကွယ်ရေးဆိုင်ရာ အသိပညာတွေနဲ့ ထောက်လှမ်းရေး နည်းပညာရပ်တွေ ကူညီပံပိုးနေတာကို ခွင့်ပြုတာမျိုး ဖြစ်စေခဲ့တယ်လို့ AI အစီရင်ခံစာက ထောက်ပြထားပါတယ်။

မြန်မာ၊ တောင် ဆူဒန်၊ ဖိလစ်ပိုင်၊ ကင်မရွန်၊ အာဇန်ဘိုင်ဂျန်၊ သိရီလင်္ကာ၊ မက္ကစီကိုနဲ့ UAE အာရပ်စော်ဘွားများနိုင်ငံ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ ၈ နိုင်ငံကို အစ္စရေး ကုမ္ပဏီတွေက လက်နက်ရောင်းချနေတာကို အခု အစီရင်ခံစာက စုံစမ်းဖေါ်ထုတ်ထားတာဖြစ်ပါတယ်။ ဒီအစီရင်ခံစာရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ဝါရှင်တန်အခြေစိုက် AI အဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိက ရေးရာ ညွန်ကြားရေးမှူး Philippe Nassif က အခုလို ဗွီအိုအေကို ပြောပါတယ်။

"ဒီ အစီရင်ခံစာဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ နိုင်ငံတွေကို အစ္စရေးကနေ လက်နက်တွေ တင်ပို့ရောင်းချနေတယ်ဆိုတဲ့ နောက်ထပ် ဥပမာ တခုဖြစ်ပါတယ်။ လူ့အခွင့်အရေးကာကွယ်သူတွေ၊ အစိုးရဆန့်ကျင်သူတွေနဲ့ တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်ဖို့ နည်းပညာတွေအသုံးပြုရာမှာလည်း အစ္စရေးကုမ္ပဏီတွေရဲ့ အကူအညီကို ဒီနိုင်ငံတွေက ယူနေတာပါ။ ဒါကြောင့် AI ရဲ့ အစီရင်ခံစာကနေ ဒီလို အန္တရာယ်ကြီးတဲ့ ကိစ္စရပ်ကို ဖေါ်ထုတ်ပြီး အစိုးရကိုယ်တိုင် ဒါတွေကို မဖြစ်မနေ တုန့်ပြန်ပြောဆိုလာအောင် ဖိအားပေးဖို့ ဖြစ်ပါတယ်။ ကုမ္ပဏီတွေဘက်ကလည်း တုန့်ပြန်ပြောဆို လာအောင် ဖိအားပေးတာဖြစ်ပါတယ်။ အပြောင်းအလဲတွေ လုပ်လာဖို့ လူထု အခြေပြုအဖွဲ့တွေကနေ စတင်နိုင်တဲ့ နည်းလမ်းရှိတယ်ဆိုတာကိုလည်း ကျနော်တို့ ပညာပေးတာဖြစ်ပါတယ်။"

မြန်မာအပါအဝင် အစီရင်ခံစာမှာ ပါတဲ့ ၈ ရှစ်နိုင်ငံကို လက်နက်တွေ ရောင်းချနေတာတွေ ရပ်တန့်ရေး အစ္စရေး အစိုးရနဲ့ အစ္စရေး ကုမ္ပဏီတွေကို ဖိအားပေးဖို့ အမေရိကန်လွှတ်တော်နဲ့ အစိုးရကိုလည်း AI အနေနဲ့ အနီးကပ် တွန်းအားပေးမှာဖြစ်တယ်လို့ Philippe Nassif က ဆိုပါတယ်။

"အစ္စရေးကနေ လက်နက်တွေ၊ နည်းပညာတွေ ယူနေတဲ့ နိုင်ငံတွေ အနေနဲ့ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတဲ့ အကျိုးဆက်တွေကိုတော့ ကျနော် ပြောနိုင်ပါတယ်။ အမေရိကန်ကနေ ဒီကိစ္စကို အလေးအနက်ထားတယ်ဆိုတာ တွေ့ကြရမှာပါ။ အမေရိကန်လွှတ်တော်နဲ့ နိုင်ငံခြားရေးဌာနတို့ကနေ အလေးအနက်ထားတယ်ဆိုတာ တွေ့ရမှာပါ။ ထင်သာမြင်သာမှုမရှိပဲ လက်နက်တွေ ရောင်းချနေတဲ့ နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ မေးခွန်းထုတ် ဖိအားပေးမှာဖြစ်ပါတယ်။"

အမေရိကန်အနေနဲ့ သူရဲ့ မဟာမိတ်နိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်ဆိုတာကို အမေရိကန်အစိုးရနဲ့ လွှတ်တော်ကို AI အဖွဲ့လို လူ့အခွင့်အရေးအဖွဲ့တွေက ဖိအားပေးနေကြောင်း Philippe Nassif ကပြောပါတယ်။

ဒီလ အစောပိုင်းက အထင်ကရ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ သတင်းတပုဒ်မှာလည်း- အစ္စရေး အခြေစိုက် မိုဘိုင်လ်ဖုန်းတွေကနေ အချက်အလက်တွေကို ထိုးဖောက်ရယူတဲ့ Cellebrite နည်းပညာကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်မြောက်လာတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ရဲ့ အမှုတုန်းက ရဲတပ်ဖွဲ့က သက်သေအထောက်အထားတွေ စုဆောင်းရာမှာ နည်းပညာအရ ကူညီပံ့ပိုးပေးခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

AI ရဲ့ အစီရင်ခံစာမှာ အစ္စရေး ကုမ္ပဏီတွေကနေ မြန်မာနိုင်ငံကို လက်နက်ရောင်းချနေတဲ့ ကိစ္စ ကို ၂၀၁၇ ခုနှစ်ကလည်း အပြင်းအထန် ဝေဖန်ခံခဲ့ရကြောင်း ဖေါ်ပြထားပါတယ်။ ၂၀၁၇ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ အင်အားသုံး နယ်မြေရှင်းလင်းရေး အတွင်း ရိုဟင်ဂျာ ၇၀၀,၀၀၀ သိန်းကျော် တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အတင်းအကျပ် မောင်းထုတ်ခဲ့တာကို အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကနေ မြန်မာစစ်တပ် တာဝန်ရှိသူတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ လုပ်နေချိန်မှာ အစ္စရေးက လက်နက်တွေ ဆက်လက်ရောင်းချ နေခဲ့တယ်လို့ ထောက်ပြထားပါတယ်။

ဒါအပြင် မြန်မာနိုင်ငံကို အစ္စရေးကနေ လက်နက်ပစ္စည်းရောင်းချမှုနဲ့ ပတ်သက်တဲ့ အယူခံကို အစ္စရေး တရားရုံးချုပ်က ချမှတ်ခဲ့တဲ့ အမိန့်နဲ့ ပတ်သက်လို့ အများပြည်သူသိအောင် အသေးစိတ် ထုတ်ဖေါ်ပြောဆိုမှု မလုပ်ဖို့ အစ္စရေး အစိုးရက ၂၀၁၇ စက်တင်ဘာလမှာ အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အကျိူးရလဒ်အနေနဲ့ အစ္စရေး လက်နက်ရောင်းချမှု အသေးစိတ်ကို အနည်းအကျဉ်းပဲ သိခဲ့ရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်လတွေအတွင်း ကာကွယ်ရေးတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား၊ တရုတ်နဲ့ အခြားအရှေ့ဥရောပနိုင်ငံတွေကနေ လက်နက်ဝယ်ယူရေး လုပ်ဆောင်နေပြီး အဲဒီ သတင်းတွေကိုလည်း တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ အကျယ်တဝန့်ဖေါ်ပြခဲ့တယ်လို့ AI အစီရင်ခံစာက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG