သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မြန်မာစစ်ဘက် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းမှု HRW ဝေဖန်


A police officer guards near a house which was burnt down during the last days of violence in Maungdaw, northern Rakhine State, Myanmar August 30, 2017.
A police officer guards near a house which was burnt down during the last days of violence in Maungdaw, northern Rakhine State, Myanmar August 30, 2017.

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုမြောက်ကြောင်း စွပ်စွဲရေးသားထားတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ ထပ်မံ စိစစ်ဖို့မြန်မာစစ်တပ်ကဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး ကို အယုံအကြည် လုံးဝမရှိကြောင်း နယူးရောက်အခြေစိုက် HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

အဲဒီအစား ကုလသမဂ္ဂက ဖွဲ့စည်းထားပြီးသာ လုပ်ငန်းအဖွဲ့နဲ့ မြန်မာစစ်တပ်ရော၊ မြန်မာအစိုးရပါ ပူးပေါင်းဆောင်ရွက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို စုံစမ်းအရေးယူဖို့ HRW ကတိုက်တွန်းလိုက်ပါတယ်။

ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။

မတ်လ (၁၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းကြောင်း ကြေညာချက်မှာ ထူးခြားချက်ကတော့- ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေအပေါ်မှာ စစ်တပ်ရဲ့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုချက်အရရော၊ နောက် နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ Fact Finding Mission တို့က စွပ်စွဲရေးသားထားတဲ့ အစီရင်ခံစာတွေအပေါ်မှာလည်း စစ်ဥပဒေချုပ်ရုံးက လေ့လာသုံးသပ်အကြံပြုချက်အရရော ထပ်မံစိစစ်အတည်ပြုဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

နောက်ပြီး စုံစမ်းစစ်ဆေးရးခုံရုံးအနေနဲ့ ၂၀၁၉ခုနှစ် မတ်လ (၁၈)ရက်နေ့မှာ စစ်ဆေးမှုတွေကို စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ HRW ရဲ့သဘောထားတုန့်ပြန်ချက်ကို အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ John Sifton က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒီလိုကြေညာချက်မျိုးကို ၂၀၁၇ခုနှစ် စက်တင်ဘာလ မှာ ထုတ်ပြန်ခဲ့မယ်ဆိုရင် ကျနော်တို့အနေနဲ့ မြန်မာစစ်တပ်ကို သူ့ဘာသာသူ စုံစမ်းစစ်ဆေးဖို့ လက်ခံကောင်း လက်ခံမှာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ငြင်းပယ်လာပြီး၊ အကြမ်းဖက် ပြစ်မှုကျူးလွန်မှုတွေ မရှိခဲ့ပါဘူးလို့ ပြောဆိုလာပြီးမှ၊ နောက် အဲဒီကြေညာချက်မှာ အကြမ်းဖက်မှုကို အဓိကကျူးလွန်သူက ASAR ဖြစ်တယ်ဆိုတဲ့ ဖေါ်ပြချက်၊မြန်မာစစ်တပ်ကိုယ်တိုင် ဖိနှိပ်ညှမ်းပမ်းမှုတွေကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို လက်ခံတာမျိုးမရှိတာ စတဲ့အကြောင်းအရင်းတွေအားလုံးကို ကြည့်လိုက်ရင် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းလိုက်တယ်ဆိုတဲ့မြန်မာစစ်တပ်ရဲ့ကြေညာချက်နဲ့ သူတို့ရဲ့ အတွေးအခေါ်ကို ကျနော်တို့ ယုံကြည်လက်ခံလို့မရပါဘူး။”

မေး။ ။ ဒါဆိုရင် အရင်ကတည်းက သူတို့ဘက်က ပြစ်မှုကျူးလွန်မှုတွေ မရှိပါဘူးလို့တောက်လျောက် ငြင်းပယ်လာပြီးမှ စွပ်စွဲချက်တွေကို ထပ်မံစိစစ် အတည်ပြုဖို့ စုံစမ်းစစ်ဆေးရေး ခုံရုံး ဖွဲ့စည်းတာဆိုတော့ နိုင်ငံတကာဖိအားပေးမှုကို စစ်တပ်က လက်ခံတုန့်ပြန်တဲ့သဘောမျိုးလားရှင့်။

ဖြေ။ ။ ဖိအားပေးမှုကို စစ်တပ်က အသိအမှတ်ပြုတယ်လို့ပြောရပေမယ့် ဒီလိုမျိုးဆောင်ရွက်မှုဟာ အလွန်နောက်ကျနေပါပြီ။ ဒီလို စုံစမ်းစစ်ဆေးရေးခုံရုံးကို စစ်တပ်က ဖွဲ့စည်းတဲ့အကြောင်းရင်းက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုကို ရပ်တန့်သွားရေးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း သူတို့ရဲ့လုပ်ဆောင်မှုဟာ အလွန်ကိုနောက်ကျနေပါတယ်။ ဖိအားပေးမှုတွေ နှစ်ပေါင်းများစွာကြာလာပြီးတဲ့နောက် သူတို့အပေါ် ဒီလိုဖိအားပေးတာတွေ လမ်းလွဲှဖို့ စစ်တပ်ကနေ သူတို့ဘာသာသူတို့ စုံစမ်းအရေးယူနိုင်တယ်ဆိုတဲ့ပုံစံမျိုးကြိုးပမ်းမှုတခုပါပဲ။

မေး။ ။ အခု မြန်မာစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ HRW အပါအဝင် AI နဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ စတာတွေရဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြထားတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဟုတ်မဟုတ်ဆိုတာ သူတို့ ထပ်ပြီး စိစစ်ဖို့ ရှိတယ်လို့ရေးထားပါတယ်။ ဒီအချက်ပေါ်မှာ ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ။ ဟုတ်ပါတယ်။ သူတို့ အခုလို ကျနော်တို့ အစီရင်ခံစာတွေကို ရည်ညွန်းပြောဆိုတဲ့အတွက် ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အချိန်တွေတုန်းက ကျနော်တို့ အစီရင်ခံစာတွေအားလုံးကို စစ်တပ်က ပယ်ချခဲ့ပြီးတော့ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း ပြောဆိုခဲ့တာပါ။ အခုတော့ ဒါနဲ့ ပြောင်းပြန် ပြောနေပြန်ပါတယ်။ ဆိုတော့ ကျနော်တို့ သူတို့ကို ယုံကြည်မှု မရှိပါဘူး။ တကယ်လို့များ ကျနော်တို့ အစီရင်ခံစာ ထွက်ထွက်ချင်းမှာ သူတို့ အခုလို တုန့်ပြန်မယ်ဆိုရင် ကျနော်တို့ စစ်တပ်ကို ယုံကြည်ကောင်း ယုံကြည်ပါလိမ့်မယ်။ အခုတော့ ကျနော်တို့သူတို့ကို ယုံကြည်မှု မရှိပါဘူး။

မေး။ ။ မြန်မာအစိုးရက ဖွဲ့စည်းထားပြီးသာဖြစ်တဲ့ နိုင်ငံတကာသံတမန်နှစ်ဦးပါတဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ရှိနေရဲ့သားနဲ့ အခု စစ်တပ်ကနေ သူတို့ဘာသာ သူတို့ စုံစမ်းစစ်ဆေးရေး ခုံရုံး ထပ်ပြီး ဖွဲ့လိုက်တဲ့အပေါ်မှာ ဘယ်လိုသုံးသပ်လဲရှင့်။

ဖြေ။ ။ ဒါကလည်း နောက်ထပ် ပြောစရာအချက်တခုပါပဲ။ နိုင်ငံတကာလူနှစ်ဦးပါတဲ့ စုံစမ်းရေးကော်မရှင်ကို လက်ခံမှာလား၊ စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေးခုံရုံး ကို လက်ခံမှာလား။ နှစ်ခုစလုံးကိုတော့ အများယုံကြည်လက်ခံမှုမရှိပါဘူး။ ဒီလိုမျိုးတွေလုပ်နေမယ့်အစား တကယ်ပဲ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုမျိုး အမှန်တကယ်လုပ်ချင်တယ်ဆိုရင် လက်ရှိမှာ ရှိနေပြီးသာဖြစ်တဲ့ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်မှာသာ သင့်တော်တဲ့တုန့်ပြန်မှုမျိုးဖြစ်တယ်လို့ ပြောရမှာပါ။အခြားနိုင်ငံတွေဆိုရင် ဥပမာ- ပြည်တွင်းစစ် ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ တောင်ဆူဒန်နိုင်ငံမှာဆိုရင် အစိုးရအနေနဲ့ စစ်တပ်ရဲ့ ညှင်းပမ်းဖိနှိပ်မှုတွေကို သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးရင် အများရဲ့ ယုံကြည်မှုကို ရမှာမဟုတ်ဘူးဆိုတာ သိတော့ နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးဖို့ နောက်ဆုံးသဘောတူခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုပုံစံမျိုးလုပ်မှာပဲ မြန်မာအစိုးရကို အခုချိန်မှာ အများက ယုံကြည်လက်ခံလာဖို့ ရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ မတ်လ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ရှေ့နေချုပ်ရုံး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Phakiso Mochochoko က ခရီးစဉ်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခိုင်အမာပြောဆိုခဲ့သလို၊ မြန်မာဟာ ICC ကိုလက်မှတ်ရေးမထိုးထားလို့ဆိုတဲ့အချက်နဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဘယ်လိုမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ငြင်းပယ်ထားတဲ့ မြန်မာစစ်တပ်ရော၊ မြန်မာအစိုးရကပါ ICC ခုံရုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကတော့ နောက်ထပ် နိုင်ငံတကာတရားရုံးတခုဖြစ်တဲ့ ICJ နိုင်ငံတကာ တရားရုံးကနေ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှု တွေအတွက်ကိုင်တွယ် စစ်ဆေးအရေးယူဖို့ ပြီးခဲ့တဲ့လက အဆိုပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG