သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် ခုံရုံးဖွဲ့စစ်မှု မှန်ကန်တဲ့ခြေလှမ်းအဖြစ် AI ရှုမြင်


ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်က ပြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ထပ်မံ စီစစ် အတည်ပြုနိုင်ဖို့ဆိုပြီး မြန်မာစစ်တပ်က အဖွဲ့ဝင် ၃ ဦးပါ စုံစမ်း စစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းလိုက်တာဟာ မှန်ကန်တဲ့ ခြေလှမ်းတရပ် ဖြစ်ပေမယ့် စစ်တပ်အနေနဲ့ သူတို့ရဲ့ လုပ်ရပ်ကို အမှန်တကယ် ပြောင်းလဲခြင်း ဟုတ်မဟုတ်ဆိုတာ ပြောဖို့ စေသေးတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုန်ပြန်တဲ့ ကြေညာချက်မှာလည်း AI အပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ စွပ်စွဲ ပြောဆိုချက်တွေကို လေ့လာ သုံးသပ်ပြီး ပြန်လည် တုန့်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အခု အသစ် ဖွဲ့စည်းလိုက်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဗိုလ်ချုပ် မြတ်ကျော်က ဦးစီးပြီး အဖွဲ့ဝင် ၃ ဦးနဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို “ခုံရုံး” လို့ အမည်တပ်ထားပေမယ့် ဘယ်လို လုပ်ပိုင်ခွင့်နဲ့ ဘယ်လောက် ကိုင်တွယ် ဆောင်ရွက်မလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မြန်မာစစ်တပ်ရဲ့ ဒီလုပ်ရပ်ဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်ပေမယ့်လည်း အမှန်တကယ် ပြောင်းလဲခြင်း ဟုတ်မဟုတ်ဆိုတာ ပြောဖို့ စောသေးတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ အာရှ Advocacy Manager ဖြစ်သူ Francisco Bencosme က ပြောပါတယ်။

“ဒါဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် တပ်မတော်အနေနဲ့ သူတို့ရဲ့ အပြုအမူတွေကို အမှန်တကယ် ပြောင်းလဲမယ်၊ မပြောင်းလဲဘူးဆိုတာနဲ့ နိုင်ငံတကာက အကြံပေး ပြောဆိုမှုတွေကို တကယ် လက်ခံမယ်၊ လက်မခံဘူးဆိုတာ ပြောဖို့ စောပါသေးတယ်။ လုပ်စရာတွေက အများကြီး ကျန်နေပါသေးတယ်။”

စစ်တပ်အနေနဲ့ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေအပေါ် တုန့်ပြန်လာသယောင် တွေ့ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“အပေါ်ယံပိုင်းအရ ကြည့်ရင်တော့ စစ်တပ်အနေနဲ့ နိုင်ငံတကာရဲ့ ဖိအားတွေကို တုန့်ပြန်လာတယ်လို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သီးခြား ဘက်မလိုက်တဲ့ စုံစမ်း စစ်ဆေးမှု အပါအဝင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေအပေါ် လုပ်ဆောင်ဖို့ အများကြီး ကျန်နေပါသေးတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေ၊ ဖြစ်ပေါ်နေတာတွေ အားလုံးကို တုန့်ပြန်ဖို့အတွက် အခုလို ကော်မရှင် ဖွဲ့လိုက်ယုံနဲ့ မပြည့်စုံနိုင်ပါဘူး။”

ရခိုင်ပြည်နယ်အပါအဝင် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အမှန်တကယ် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ သွားရောက် စုံစမ်း စစ်ဆေးခွင့် ပြုသင့်တယ်လို့ ထင်ကြောင်းလည်း သူက ဆက်ပြောပါတယ်။

“ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အပါအဝင် ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဖြစ်နေတဲ့ ပဋိပက္ခဒေသတွေကို ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူးကို အတားအဆီးမရှိ သွားရောက် စုံစမ်း စစ်ဆေးခွင့် ပြုသင့်တဲ့အကြောင်း Amnesty International အဖွဲ့က အစဉ်တစိုက် တောင်းဆိုနေခဲ့တာပါ။

ကျနော်တို့အဖွဲ့ကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်း ပြုစုထားပါတယ်။ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အဆင့်မြင့် အရာရှိတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား အဆင့်မြင့် တပ်မတော် အရာရှိတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေးနဲ့ ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်ဆောင်နိုင်အောင် ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွဲပြောင်းပေးဖို့အတွက်လည်း ကျနော်တို့ တောင်းဆိုပါတယ်။”

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ မတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ “ဖြစ်စဉ်များအား စုံစမ်းစစ်ဆေးခဲ့သည့် စုံစမ်း စစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာ သုံးသပ် အကြံပြု တင်ပြချက်များအရ လည်းကောင်း၊ Human Rights Watch အဖွဲ့၊ Amnesty International အဖွဲ့နှင့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့Fact Finding Mission တို့၏ စွပ်စွဲရေးသား ဖော်ပြသော အစီရင်ခံစာများအပေါ် စစ်ဥပဒေချုပ်ရုံးက လေ့လာ သုံးသပ် အကြံပြု တင်ပြချက်များ အရလည်းကောင်း အစီရင်ခံစာ အသီးသီး၏ ရေးသား ဖော်ပြချက်များကို ထပ်မံ စီစစ် အတည်ပြုရန် လိုအပ်ပါသည်။” လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော် ပြောခွင့်ရသူတွေကို ဗွီအိုအေက ဆက်သွယ် မေးမြန်းလို့ မရခဲ့ပါဘူး။

၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းဒေသမှာ အစွန်းရောက် ARSA အဖွဲ့ရဲ့တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ အတွင်း၊ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ နိုင်ငံတကာ အစီရင်ခံစာ အသီးသီးမှာ ဖော်ပြထားတာပါ။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းထားတာတွေကို အခြေခံပြီး၊ မွတ်ဆလင်တွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေ လုပ်ခဲ့တယ်လို့လည်း နိုင်ငံတကာ စွပ်စွဲချက်တွေ ထွက်ခဲ့ပါတယ်။

မြန်မာ အစိုးရဘက်ကရော စစ်တပ်ဘက်ကပါ နိုင်ငံတကာ သုံးနှုန်းတဲ့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့အပြင်၊ ဒီ စွပ်စွဲချက်တွေဟာလည်း အခြေအမြစ် မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

ဒါပေမယ့်လည်း ဒီလို စွပ်စွဲချက်တွေကို စုံစမ်းဖို့ မြန်မာအစိုးရက လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ထားသလို စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အထောက်အထားတွေလည်း တောင်းခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG