သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြန်မာစစ်ခေါင်းဆောင်တွေကို ကန်အရေးယူမှု တပ်ဂုဏ်သိက္ခာ ထိခိုက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ကျူးလွန်မှုနဲ့ ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် မြန်မာစစ်ဖက်ခေါင်းဆောင်လေးဦးကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ပိတ်ပင် အရေးယူခဲ့တာနဲ့ ပတ်သက်လို့၊ Standard Army တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မြန်မာတပ်မတော်ရဲ့  ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ မြန်မာစစ်တပ်ဖက်က တုံ့ပြန် ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တပ်မတော်ဖက်က စုံစမ်းစစ်ဆေးအရေးယူတာတွေ ရှိနေတာကြောင့် ဒီဆောင်ရွက်ချက်တွေ အပေါ်မှာလည်း လေးစားဖို့လိုမယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေအပေါ် လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှုတွေအတွင်း ဥပဒေမဲ့သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့စွဲဆိုချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ဒု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် ထိပ်ပိုင်းခေါင်းဆောင် ၄ဦးကို ဒီလ ၁၆ရက်နေ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ ဒဏ်ခတ်ခံရသူတွေနဲ့ သူတို့မိသားစုဝင်တွေကို အမေရိကန်နိုင်ငံတွင်း သွားလာခွင့် ပိတ်ပင်သွားဖို့ရှိနေတာဖြစ်ပါတယ်။ ဒီလို ဒဏ်ခတ်မှုနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပါတယ်။

“ပြည်တွင်းရေးကိစ္စတွေမှာ ၀င်ရောက်ပတ်သက်တာတို့ ဘာတို့တော့ ကျနော်က ထပ်မပြောချင်တော့ပါဘူး။ အဓိကကတော့ ဒီဥစ္စာကို ဆောင်ရွက်ခြင်းအားဖြင့် သက်ရောက်မှုရှိလား၊ သက်ရောက်မှုမရှိဘူးလားလို့လည်း ကျနော် အငြင်းမပွားလိုဘူး။ အဓိကကတော့ တပ်မတော်အနေနဲ့ က standard army တည်ဆောက်နေတာ။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုတော့ ဒါက dignity ပိုင်းကိုတော့ ထိခိုက်စေတယ်လို့တော့ ကျနော်တို့က မြင်ပါတယ်။ ”

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂၊ ၂၀၁၅နဲ့ ၂၀၁၇ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ဒေသခံ တိုင်းရင်းသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက စတင်တာမဟုတ်ကြောင်း၊ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေကို ကာကွယ်ဖို့နဲ့နယ်မြေဒေသလုံခြုံရေးအတွက် ဆောင်ရွက်ခဲ့တာသာဖြစ်ကြောင်း ပြောပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိခဲ့သလို ဒီအပေါ်မှာ တပ်မတော်က စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒီဆောင်ရွက်မှုတွေအပေါ်မှာ လေးစားဖို့ လိုမှာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောပါတယ်။

“ ဒါနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်တာတို့ ကျန်တဲ့ စွပ်စွဲချက်တွေရှိပါတယ်။ ဒီအပေါ်တွေမှာလည်း ကျနော်တို့ လစ်လျူရှုထားတာမရှိဘူး။ ဒုတိယဗိုလ်ချုပ်ကြီး တစ်ယောက် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့နဲ့စုံစမ်းစစ်ဆေးခဲ့တဲ့ သက်သေတွေ လည်း ရယူခဲ့တယ်။ ဒီဥစ္စာတွေကိုလည်း တချို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကျနော်တို့ ပေးခဲ့တာရှိတယ်။ အခုအခါမှာလည်း ကျနော်တို့ ပြန်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးနိုင်အောင်လို့ ဗိုလ်ချုပ်တစ်ယောက်ဦးစီးပြီး စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ လုပ်ဆောင်နေတာ ရှိတယ်။ အဲဒီခုံရုံးကတော့ ကျနော်တို့ မြေပြင် သွားရောက်စစ်ဆေးကြည့်ရှု ခဲ့တာ ဒီဇူလိုင်လထဲမှာ ခုတစ်ကြိမ်သွားတာနဲ့ဆို နှစ်ကြိမ် ရှိပြီပေါ့။ ဒါတွေ ကျနော်တို့ ဆောင်ရွက်နေလျှက်ရှိတယ်။ အရေးယူတဲ့ လုပ်ငန်းတွေလည်းဆောင်ရွက်နေ လျှက်ရှိတယ်။ ဒီလိုမျိုးကျနော်တို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေရယ် ကျနော်တို့ရဲ့ တရားစီရင်ရေးနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စတွေကိုတော့ လေးစားဖို့ လိုမယ်လို့ ကျနော်တို့ ထင်ပါတယ်ဗျ။ ”

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန်လိုက်တဲ့အပေါ်မှာ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သူ့အမြင်ကို အခုလို ပြောပါတယ်။

“ ရခိုင်နဲ့ပတ်သက်တဲ့ ကိစ္စကလည်း ဘာမှ ထိရောက်တဲ့ အရေးယူမှုက မလုပ်နိုင်ဘူးလေ။ မလုပ်နိုင်တဲ့ အခြေအနေအောက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ လှုပ်ရှားမှုကလည်း ဒီအမေရိကန်နဲ့ အနောက်ဥရောပ ပြင်ပမှာ ရှိနေတဲ့ တိုင်းပြည်တွေ တော်တော်များများကို သံတမန်ရေး ခရီးစဉ်တွေ သွားပြနေတယ်။ နောက်ပြီး စစ်လက်နက်တွေ ၀ယ်ဖို့ ကိစ္စ အစီအစဉ်တွေလည်း လုပ်နေတယ်။ ဒီအကြောင်း အချက်အလက်တွေ အောက်မှာ ထပ်တိုးချဲ့လိုက်တာလို့ ထင်ပါတယ်။ ပြောရရင်တော့ နိုင်ငံခြားရေးမူဝါဒအရ ၀က်အူရစ်တင်းတယ်လို့ ကျနော်က မြင်ပါတယ်ဗျ။”

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးတွေမှာ အစ္စလာမ်ဘာသာဝင် အပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်လို့ စွပ်စွဲချက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးအပါအ၀င် တပ်မတော် အဆင့်မြင့်အရာရှိ တစ်ချို့နဲ့ နယ်ခြားစောင်တပ်ဖွဲ့မှူး တစ်ဦးကို အရေးယူဒဏ်ခတ်တာ တွေရှိခဲ့ပါတယ်။

အမေရိကန်အစိုးရက ဒီလို အရေးယူတာတွေ ရှိနေချိန်မှာပဲ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် စစ်ခေါင်းဆောင် ၆ယောက်ကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က လုံခြုံရေးကောင်စီ တင်ပြတာတွေ ရှိခဲ့ပေမဲ့ မြန်မာအစိုးရဘက်ကတော့ လက်မခံခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG