သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုံးဒဏ်ကြောင့် ခမ်းပတ်နဲ့ ရေစကြိုမှာ ကလေးတွေသေဆုံး


ခမ်းပတ်မြို့ လေကြောင်းကတိုက်ခိုက်ခံရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၂၊ ၂၀၂၄)
ခမ်းပတ်မြို့ လေကြောင်းကတိုက်ခိုက်ခံရတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (ဧပြီ ၂၂၊ ၂၀၂၄)

စစ်ကိုင်းတိုင်းထဲက မြန်မာ-အိန္ဒိယနယ်စပ် ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာအပေါ် စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် သုံးနှစ်အရွယ်ကလေးငယ်တ‌ယောက် သေဆုံးခဲ့ပါတယ်။ မကွေးတိုင်း ရေစကြိုမြို့နယ်ဘက်မှာလည်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် ကလေး တယောက် သေဆုံးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက တိုက်ခိုက်မှုအခြေအနေတွေ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်းထဲက မြန်မာ-အိန္ဒိယ နယ်စပ်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ခမ်းပတ်မြို့အနီးက ကနန်ကျေးရွာကို ဇန်နဝါရီ ၁၆ ရက် မနေ့ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒီဒေသကို ထိန်းချုပ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက VOA ကို ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သုံးနှစ်အရွယ်ကလေးငယ်တယောက်နဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် တယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

"မနေ့ညက ၈ နာရီ ၂၅ နဲ့ ၈ နာရီခွဲကြားမှာ ၃ နေရာ ချသွားတာ။ ခမ်းပတ် အမှတ် (၁) အရှေ့ဘက် ရပ်ကွက်မှာ (၁) နေရာ အနောက်ဖက်ရပ်ကွက်မှာ (၁) နေရာ၊ နောက် ကနန် ဘုန်းကြီးကျောင်း (၃) နေရာ၊ ကနန်ကျေးရွာ ဘုန်းကြီးကျောင်းကော ပါတယ်။ ပလဖ (ပြည်သူ့လုံခြုံရေးအဖွဲ့) ရဲဘော် တယောက်ရယ်၊ ၃ နှစ်အရွယ် အရပ်သားကလေးငယ်တယောက်၊ အမျိုးသမီးတယောက်ဆိုတော့ နှစ် ယောက်ပေါ့နော်။ ဒဏ်ရာရတာက လက်ရှိ ကျနော် သိရသလောက်ဆိုရင် ၃ ယောက် ကျောင်းထိုင် ဘုန်းကြီးလည်း ပါတယ်။ ဘုန်းကြီးလည်း ဒဏ်ရာရတယ်။ အသက်မစိုးရိမ်ရပေမယ့် ဘုန်းကြီး ကျောင်းမှာ အဆောက်အဦး ၃ လုံးလောက် ပျက်သွားတယ်။ အရပ်သား အိမ်တွေ အားလုံးပေါင်းရင် အိမ်ခြေ အဆောက်ဦး ၂၁ လုံး ပျက်စီးသွားတယ်။"

ခမ်းပတ် အမှတ် (၁) ရပ်ကွက်က ဒေသခံတဦးကလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

"ဘယ်ပြေးလို့ ပြေးရမှန်း မသိတဲ့သူတွေရှိကြတာပေါ့။ (ကျမတို့က) အခြေအနေကြည့်တုန်း ဒီထက်ဆိုး လာရင်တော့ ပြေးရတော့မှာပေါ့။ တိကျတယ်နော် သူတို့ချတဲ့နေရာတွေကလေ။ အတိအကျချတာ သတင်းအရ ချတဲ့ပုံစံမျိုးပါပဲ။"

လေကြောင်းတိုက်ခိုက်မှုဟာ စစ်ကောင်စီကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်တွေ ရှိတဲ့အနီးနားကို ကျရောက်ပေါက်ကွဲခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာဟာ မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာတွေဖြစ်ပြီး အရင်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေမှာလည်း အရပ်သားတွေ သေဆုံးခဲ့ဖူးပါတယ်။

စစ်ကောင်စီကတော့ အရင်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သတင်းမှား၊ သတင်းတု တွေ ရေးသားဖြန့်ဝေနေတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အခုတကြိမ် လေကြောင်းတိုက်ခိုက်တာ နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာတော့မရှိသေးပါဘူး။ ခမ်းပတ်မြို့ဟာ မြန်မာ-အိန္ဒိယနယ်စပ် ကလေးမြို့နဲ့တမူးမြို့ကြားမှာရှိပြီး ၂၀၂၃ နိုဝင်ဘာလကတည်းက ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်နဲ့ လည်ပတ်နေတဲ့မြို့လည်းဖြစ်ပါတယ်။

တချိန်တည်းမှာ စစ်ကိုင်းတိုင်းနဲ့ကပ်နေတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း ရေလယ်ကျွန်းဒေသ သာဂေါင်ကျေးရွာကို ဇန်နဝါရီ ၁၆ ရက် မနက် (၁) နာရီမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် ကလေးတဦးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသားတဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တဲ့အကြောင်း ရေစကြိုမြို့နယ် သတင်းတာဝန်ခံက VOA ကို ပြောပါတယ်။ သာဂေါင်ကျေးရွာက ဒေသခံအများစုဟာ လက်ရှိမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

"၁၅ ရက်နေ့ ညတနာရီဆိုတော့ ၁၆ ရက်နေ့ မနက်ရောက်တာပေါ့။ အဲ့အချိန်က တိုက်လေယာဉ်နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ တိုက်ခိုက်သွားတာခင်ဗျ။ သုံးယောက် ဒဏ်ရာရတယ်။ နှစ်ယောက်သေဆုံး တယ်။ သေဆုံးတဲ့ ၂ ယောက်က အသက် ၁၆ နှစ်အရွယ် ယောက်ကျားလေးတယောက်နဲ့ ၅၅ နှစ်အရွယ် အမျိုးသားတဦးပေါ့နော်။ အဲ့ဒီနှစ်ယောက်တော့သေဆုံးတယ်။ ပေါင် ၅၀၀ ဗုံးနဲ့ဆိုတော့ အစတွေ မှန်တာပေါ့နော်။ ရွာမြောက်ဖျားက အခင်းတွေထဲကို ကျတာ။ ကျတော့ အဲ့မှာ အစတွေ လွင့်မှန်ပြီး သေဆုံးတာပေါ့။ လက်ရှိ ဒေသခံတွေကတော့ ရွာမှာ မနေဘူးပေါ့နော်။ တချို့လည်း တိမ်းရှောင်တယ်။ တချို့လည်း နေအိမ်တွေ ပြန်နေတာမျိုးတွေရှိတယ်။ စစ်ကြောင်းမရှိဘဲ လေယာဉ်လာကြဲသွားတော့ ခေတ္တခဏတော့ ရှောင်ရှားနေကြတာပေါ့။"

လေကြောင်းတိုက်ခိုက်ချိန်မှာ တိုက်ပွဲဖြစ်တာမရှိသလို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေလည်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရေစကြိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG