ရှမ်းပြည်နယ်မြောက်ပိုင်းက တအောင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက ဒီနေ့မွန်းလွဲပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး အရပ်သားတဦးသေဆုံးပြီး ၂ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၇ဦးထက်မနည်းရှိခဲ့ပြီး၊ သီပေါဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့က လေကြောင်းတိုက်ခိုက်ခံရမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လေကြောင်းက မကြာခဏ တိုက်ခိုက်တာတွေရှိခဲ့ပေမဲ့ ဒီနှစ်ဆန်း ဇန်နဝါရီလမှာတော့ အခုအကြိမ်ဟာ ပထမဆုံး အကြိမ် လေကြောင်းက တိုက်ခိုက်လာတာပါ။ TNLA ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ဒီနေ့ လေကြောင်းက တိုက်ခိုက်တဲ့ အခြေအနေ VOA ကို အခုလို ပြောပါတယ်။
“ ဒီနေ့လည် ၂နာရီဝန်းကျင်မှာ စစ်ကောင်စီက နောင်ချိုမြို့ကို လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တဦး သေဆုံးပြီးတော့မှ ၂ဦး ထိခိုက်ဒဏ်ရာရပါတယ်။ ပြီးတော့ နေအိမ်နဲ့ အစိုးရရုံးတွေလည်း ထိခိုက်ပျက်ဆီးသွားတာရှိပါတယ်။ ဒီနေ့ကတော့ နောင်ချိုမြို့နယ် အဲဒီ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးမှာ ကျတာဖြစ်ပါတယ်။ ဒီတလအတွင်းမှာတော့ နောင်ချိုဘက်ကို ဗုံးကြဲတိုက်ခိုက်တာတော့ မတွေ့ရဘူး။ကျောက်မဲဘက်မှာတော့ ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ ရှိပါတယ်။”
ဒီတိုက်ခိုက်မှုဟာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချခဲ့တာဖြစ်ကြောင်းလည်း TNLA က သတင်းထုတ်ပြန် ထား ပါတယ်။ နောင်ချိုမြို့ဒေသခံတဦးကတော့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်သူအနည်းဆုံး ၇ ဦးခန့်ရှိပြီး သူတို့ကို လားရှိုးဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
“ကျနော့သူငယ်ချင်းကားဆရာဆိုရင် သီပေါဆေးရုံကို လူနာတွေ သွားပို့တာ တော်တော်များတယ်လို့ ပြောတယ်။ အနည်းဆုံး ၇ယောက်။ ၈ယောက်လောက်တော့ ရှိမယ်ဗျ။ ဈေးသည်တယောက်ဆိုရင် ပေါင် ထုတ်ချင်းပေါက်တွေချည်းပဲ။ ပြီးရင် ခြေထောက်ပြတ်တာတွေရော၊ လမ်းသွား ခရီးသွားတွေ ထိတာများတယ်။”
တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာရောက်ပြီး ပေါင် ၅၀၀ ဗုံးတွေ ကျဲ ချခဲ့တယ်လို့ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။ စစ်ကောင်စီ ဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
TNLA တအာင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကတော့ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၅ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ဒါပေမဲ့ အခုအချိန်ထိတော့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမယ့်အခြေအနေက ထူးခြားမှု မရှိသေးဘူးလို့ TNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ လက်ရှိအချိန်ထိတော့ စစ်ကောင်စီနဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်တဲ့အခြေအနေမျိုးတော့ မတွေ့ရသေးဘူးပေါ့နော်။ လူကြီးတွေကလည်း ဘာမှ ညွှန်ကြားတာတော့ မတွေ့ရသေးဘူး။ ”
လောလောဆယ်မှာတော့ နောင်ချိုမြို့နယ် တောင်ခမ်းနဲ့ နောင်ချို- ပြင်ဦးလွင်ကြားက အုမ္မတီး ရွာဘက်တွေမှာ စစ်ကောင်စီနဲ့ TNLA အကြား စစ်ရေးတင်းမာနေဆဲ ရှိနေပါတယ်။
ဒီရက်ပိုင်းမှာပဲ TNLA ရဲ့ မဟာမိတ်ဖြစ်တဲ့ ကိုးကန့် MNDAAဟာ စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဒီအပစ်ရပ်သဘောတူညီချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ MNDAA ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
Forum