သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ကာလအတွင်း (၂၀၂၄) ခုနှစ် (၁)နှစ်တာ ကိန်းဂဏန်းအချက်အလက်များ


လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့အပြီး တွေ့မြင်ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)
လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့အပြီး တွေ့မြင်ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)

စစ်အာဏာသိမ်းမှု (၄) နှစ်တာ နီးပါးကာလအတွင်း မြန်မာနိုင်ငံတဝန်း စစ်ရေးအပြောင်းအလဲများ၊ နိုင်ငံရေးအခြေအနေများနှင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများ အများအပြားဖြစ်ပေါ်ခဲ့သည်။ ၂၀၂၄ ခုနှစ် အတွင်း နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲများ ပိုမိုကျယ်ပြန့်စွာဖြစ်ပေါ်လာခဲ့ပြီး စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်ကြီး (၂) ကို ဆုံးရှုံးခဲ့ရသည်။ ၂၀၂၄ ခုနှစ် အတွင်း နိုင်ငံတဝန်းဖြစ်ပေါ်ခဲ့သည့် စစ်ရေး၊နိုင်ငံရေးအခြေအနေများနှင့် အရပ်သားထိခိုက်သေဆုံးမှုများကို လေ့လာစောင့်ကြည့်ခဲ့ကြသည့် သုတေသနအဖွဲ့အစည်းများ၊ သတင်းမီဒီယာများက ဖေါ်ပြသည့် ကိန်းဂဏန်းအချက်အလက်များကို စုစည်းကောက်နုတ်ဖေါ်ပြထားပါသည်။

စစ်အာဏာသိမ်းမှု ကာလအတွင်း (၂၀၂၄) ခုနှစ် (၁)နှစ်တာ ကိန်းဂဏန်းအချက်အလက်များ
စစ်အာဏာသိမ်းမှု ကာလအတွင်း (၂၀၂၄) ခုနှစ် (၁)နှစ်တာ ကိန်းဂဏန်းအချက်အလက်များ

အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ကောက်ယူဖေါ်ပြသည့် အချက်အလက်များကို အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၄ ခုနှစ် (၁) နှစ်တာ အတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီနှင့် စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းများကြောင့် အရပ်သားပြည်သူပေါင်း (၁၈၁၂) ဦးထက်မနည်းသေဆုံးခဲ့ရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ AAPP ၏ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် သေဆုံးရသည့် အရပ်သားပြည်သူပေါင်း ( ၆၀၈၇ ) ဦးထက်မနည်းရှိခဲ့သည်။ ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ စတင်ခဲ့သည့် စစ်အာဏာသိမ်းကာလအတွင်း (၁) နှစ်လျှင် အရပ်သားထိခိုက်သေဆုံးမှုမှာ ပျမ်းမျှ ( ၂၀၀၀) အထက်တွင်ရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ကောက်ယူထားသည့် စာရင်းအရ ၂၀၂၁ ခုနှစ် ဖေါ်ဖေါ်ဝါရီလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ စစ်အာဏာသိမ်းမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ (၂၈၀၅၁) ဦး ရှိပြီး (၂၁၄၇၉) ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ အရေအတွက် တိုးလာမှုကို တွက်ချက်ကြည့်ရာတွင် ( ၁၅၈၈) ဦးဖြစ်သည်။

Data For Myanmar က စောင့်ကြည့်ပြီး ၂၀၂၄ ခုနှစ်အောက်တိုဘာလအထိ အချက်အလက်ကောက်ယူဖေါ်ပြမှုအရ ၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း လူမှု ကွန်ယက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများအား ထောက်ခံအားပေးသည့် ရေးသားပြောဆို ဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူပေါင်း ( ၃၅၁) ဦးရှိခဲ့သည်။

သုတေသန အဖွဲ့အစည်းများ နှင့် သတင်းမီဒီယာများ၏ ဖေါ်ပြမှုများကို အခြေခံ၍ စာရင်းကောက်ယူမှုအရ ၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်စီးမှုများကြောင့် အရပ်သားပြည်သူ နေအိမ်အလုံးပေါင်း ( ၁၅၃၇၃) ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

ISP Myanmar က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ အတွင်းအချက်အလက်ထုတ်ပြန်ထားချက်အရ ၂၀၂၄ ခုနှစ် ပထမ (၁၀) လတာအတွင်း နိုင်ငံတဝန်း နေအိမ်နှင့် အဆောက်အအုံပေါင်း (၂၃၀၀၀) ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

Data For Myanmar က ကောက်ယူဖေါ်ပြထားခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိ အချက်အလက်များအရ အာဏာသိမ်းမှု (၃) နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူနေအိမ်အလုံးပေါင်း ( ၁၀၆၄၀၉) ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်အာဏာသိမ်းမှု ကာလအတွင်း (၂၀၂၄) ခုနှစ် (၁)နှစ်တာ ကိန်းဂဏန်းအချက်အလက်များ
စစ်အာဏာသိမ်းမှု ကာလအတွင်း (၂၀၂၄) ခုနှစ် (၁)နှစ်တာ ကိန်းဂဏန်းအချက်အလက်များ

စစ်ရေးအချက်အလက်များ

၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနောက်ပိုင်း နိုင်ငံတဝန်း တိုက်ပွဲများပိုမိုကျယ်ပြန့်လာခဲ့ပြီး စစ်ကောင်စီဘက်က ဆုံးရှုံးမှုများ အများအပြားကြုံတွေ့လာရသည်။ ၂၀၂၄ ခုနှစ် အတွင်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တိုင်းစာဌာနချုပ် (၂) ခုကို စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် စတင်လာခဲ့ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MDDAA ) ၊တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး (MDY-PDF) တို့ နှင့် မဟာမိတ်ပူးပေါင်းတပ်များက ပါဝင်ခဲ့ကြသည်။ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ မြို့များကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်သည့် စစ်ဆင်ရေးများကို ဖေါ်ဆောင်ခဲ့ကြသည်။

၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း စစ်ကောင်စီက မြို့ပေါင်း (၆၆ ) မြို့ တော်လှန်ရေးတပ်ဖွဲ့များထံ လက်လွှတ်ခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ တွင် လောက်ကိုင်မြို့ကို စစ်ကောင်စီက လက်မလွှတ်ရခင်အထိ တော်လှန်ရေးအင်အားစုများက နိုင်ငံတဝန်း မြို့ပေါင်း (၂၈) မြို့နယ်ကို သိမ်းပိုက်ထားပြီးဖြစ်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတဝန်း မြို့ပေါင်း (၉၄) မြို့ကို တော်လှန်ရေးအင်အားစုများထံ စစ်ကောင်စီက လက်လွှတ်ခဲ့ရသည်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်များသိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်၌ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ က မြို့ပေါင်း (၈) မြို့ကို သိမ်းပိုက်နိုင်ကြောင်း ဖေါ်ပြထားပြီး စစ်ကိုင်၊မကွေး၊မန္တလေး၊ပဲခူးနှင့်တနင်္သာရီတိုင်းတို့ရှိ မြို့ပေါင်း (၆၇) မြို့ထက်မနည်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက ဝန်းရံပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း ဖေါ်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း ရက္ခိုင့်တပ်တော်(AA) ၏ မြို့သိမ်းတိုက်ပွဲများကို အများအပြားမြင်တွေ့ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းရှိ အနောက်ပိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့အပါအဝင် မြို့ပေါင်း (၁၄) မြို့ကို AA က သိမ်းပိုက်နိုင်ခဲ့သည်။

BNI - Myanmar Peace Monitor က ဖေါ်ပြထားသည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း နိုင်ငံတဝန်း စစ်ကောင်စီ နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲပေါင်း ( ၁၉၈၂) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါ (၁၉၈၂) ကြိမ်တွင် စစ်ကောင်စီတပ်များနှင့် PDF တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၇၅၀) ရှိပြီး စစ်ကောင်စီ နှင့် ERO များဖြစ်ပွားသည့် တိုက်ပွဲပေါင်း (၁၂၃၂) ကြိမ်ရှိသည်ကို တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်၌ ၂၀၂၄ ခုနှစ် (၁) နှစ်တာအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း (၇၄၁) ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖေါ်ပြထားသည်။

စစ်အာဏာသိမ်းမှု ကာလအတွင်း (၂၀၂၄) ခုနှစ် (၁)နှစ်တာ ကိန်းဂဏန်းအချက်အလက်များ
စစ်အာဏာသိမ်းမှု ကာလအတွင်း (၂၀၂၄) ခုနှစ် (၁)နှစ်တာ ကိန်းဂဏန်းအချက်အလက်များ

တွေ့ဆုံဆွေးနွေးမှု

BNI - Myanmar Peace Monitor က ဖေါ်ပြထားချက်များနှင့် သတင်းမီဒီယာများ၏ ဖေါ်ပြချက်များကို လေ့လာစောင့်ကြည့်မှုအရ ၂၀၂၄ ခုနှစ် (၁) နှစ် တာအတွင်း နိုင်ငံရေး၊ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ဆက်စပ်သည့် တွေ့ဆုံဆွေးနွေးမှုပေါင်း (၂၂ ) ကြိမ်ခန့်ရှိခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှု (၂၂) ကြိမ် တွင် စစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးမှုက ( ၅ ) ကြိမ်ရှိခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းကြားတွေ့ဆုံဆွေးနွေးမှုက (၇) ကြိမ်ရှိခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ နှင့် K3C ,NUG တို့ (၁) ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ နှင့် NUG တို့ (၁) ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Forum

XS
SM
MD
LG