၂၀၂၄ ခုနှစ် အောက်တိုဘာလ နဲ့ နိုဝင်ဘာလအတွင်းမှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး တိုင်းဒေသတွေက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ အရှိန်မြင့်လုပ်ဆောင်လာပြီး အရပ်သားနေအိမ်ကို မီးရှို့ဖျက်စီးမှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီက စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး တိုင်းဒေသတွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မှု အကြိမ် ( ၁၇ ) ကြိမ်ထက်မနည်းရှိခဲ့ပြီး အဲ့ဒီဒေသတွေမှာ ရှိတဲ့ ကျေးရွာပေါင်း (၅၃) ရွာထက်မနည်းက အရပ်သားနေအိမ် အလုံးပေါင်း (၄၁၉) လုံးထက်မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့ပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့က နိုဝင်ဘာလ (၂၂) ရက်နေ့အထိ စစ်ကောင်စီက စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး တိုင်းဒေသတွေက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုက (၄၁) ကြိမ်ထက်မနည်းရှိခဲ့ပြီး ကျေးရွာပေါင်း (၄၂) ရွာက နေအိမ်အလုံးပေါင်း (၃၉၇) လုံးထက်မနည်း ကို မီးရှို့ဖျက်စီးခဲ့ပါတယ်။
စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်စဉ်မှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်ကနေ အရပ်သားပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေလည်း တိုးမြင့်လုပ်ဆောင်လာပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ အတွင်းမှာ စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ (၄၂ ) ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ကနေ စတင်ပြီး စစ်ကောင်စီရဲ့ တပ်မ (၃၃) စစ်ကြောင်းက ဘုတလင်မြို့နယ်အတွင်းမှာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှု၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တာကြောင့် အရပ်သားပြည်သူ (၂၁) ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပါတယ်။
အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်းဒေသအတွင်း ဘုတလင်၊ကန့်ဘလူ၊ကျွန်းလှ၊ရေဦး၊တန့်ဆည်မြို့တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေအပြင် ဖမ်းဆီးသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတပ်တွေက ကန့်ဘလူမြို့နယ် ကျောက်တိုင်နဲ့ ကျီစုရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဘာသာရေးအဆောက်အအုံတွေ အပါအဝင် အရပ်သားနေအိမ် (၄၀၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နဲ့ ထိစပ်နေတဲ့ ကျွန်းလှမြို့နယ်ကိုလည်း စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်ရောက်ပြီး နယ်မြေရှင်းလင်းမှုတွေလုပ်ဆောင်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးမှုနဲ့ ဖမ်းဆီးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ စစ်ကောင်စီက ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် စစ်ကြောင်းထိုးဝင်ရောက် မီးရှို့မှုတွေ လုပ်ဆောင်လာတာကြောင့် ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အောက်တိုဘာလ (၁) ရက်နေ့ကနေ နိုဝင်ဘာလ (၂၂) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသအတွင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် ဘေးလွတ်ရောကို တိမ်းရှောင်နေရတဲ့ အရပ်သားပြည်သူက (၃၈၀၀၀) ထက်မနည်းရှိခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ မကွေးတိုင်းဒေသအတွင်းက ကျေးရွာတွေကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေရှင်းလင်းမှုတွေကို အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ တိုးမြင့်လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ မကွေးတိုင်းဒေသအတွင်းက ပခုက္ကူ ၊ ချောက်၊ မြိုင်၊ မင်းတုန်း၊ ရေစကြို၊ ပေါက် မြို့နယ်တွေနဲ့ ယောဒေသအတွင်းက မြို့နယ်တွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပါဝင် စစ်ကြောင်းထိုးဝင်ရောက်မှုတွေကို စစ်ကောင်စီက အရှိန်မြင့်လုပ်ဆောင်လာခဲ့ပါတယ်။
ချောက်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးလာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ချောက်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်စီးတာကြောင့် အရပ်သားပြည်သူ (၁၀၀၀၀) ခန့်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
နိုဝင်ဘာလအတွင်းမှာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ဆော၊ နဲ့ ထီးလင်းမြို့နယ်တွေက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်စီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
မန္တလေးတိုင်းအတွင်းရှိ မတ္တရာ၊ငါန်းဇွန်နဲ့ မြင်းခြံမြို့နယ်တွေက ကျေးရွာတွေကိုလည်း အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အတူ ကျေးရွာတွေကို စီးနင်းပြီး နယ်မြေရှင်းလင်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ မတ္တရာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်လာပြီး မတ္တရာမြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားသုံး စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ကျေးရွာတွေက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်စီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာတွေက အရပ်သားပြည်သူ (၅၀၀၀) ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်းမှာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေး တိုင်းဒေသအတွင်းရှိ ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်စီးမှုတွေကြောင့် အရပ်သားပြည်သူတွေ နေအိမ်အလုံးပေါင်း ( ၈၁၆) လုံးထက်မနည်း ပျက်စီးဆုံးရှုံးထားရပြီး အရပ်သားပြည်သူ ( ၇၈၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့ကနေ နိုဝင်ဘာလ (၂၂) ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံတပ်တွေက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ (၃၄၇) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အဲ့ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်က (၆၃) ဦးထက်မနည်းပါဝင်နေတာကိုတွေ့ရပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁) ရက်နေ့ကနေ နဲ့ နိုဝင်ဘာလ (၂၂) ရက်နေ့အထိ (၅၃) ရက်တာအတွင်းမှာ စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုပေါင်း အကြိမ် (၄၆၆) ကြိမ်ထက်မနည်း လုပ်ဆောင်ထားပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လ မှာ ထုတ်ပြန်ခဲ့တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာမှာ အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း (၁၀၅,၃၁၄) မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးခဲ့တဲ့ အရပ်သားနေအိမ်အလုံးပေါင်း (၁၀၁,၄၇၄) ရှိတယ်လို့ ဖေါ်ပြထားတာကိုတွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့အထိ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ (၅၉၈၂) ဦးရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်မှုအသင်း(AAPP) က အတည်ပြုကောက်ယူနိုင်တဲ့ စာရင်းကို ဖေါ်ပြထားတာတွေ့ရပါတယ်။
Forum