သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာမြို့နယ်မှာ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးကြောင့် တိုက်ပွဲဖြစ်


မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေစဉ် (မတ် ၁၃-၁၆၊ ၂၀၂၃)
မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းရှိရွာများ မီးလောင်နေစဉ် (မတ် ၁၃-၁၆၊ ၂၀၂၃)

စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေး တင်းမာ နေတာကြောင့် ဒီကနေ့ နိုဝင်ဘာ ၂၆ရက်ကစပြီး အသွားအလာတွေ ကန့်သတ်ဖို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ကြေညာထားတာပါ။မန္တလေးတိုင်းနဲ့ကပ်လျက် စစ်ကိုင်းတိုင်းမှာ လည်း စစ်ဘေးဒုက္ခသည်တွေရှိတဲ့နေရာတွေကို စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက စစ်ရေးနောက်ဆုံးအခြေအနေတွေ စုစည်းပြီး ရန်ကုန်ကသတင်းပေးပို့ထားတာကို မဆုမွန် တင်ပြထားပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ် ဘက်ကတန်ပြန်ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာ ရက်သတ္တပတ် ၁ ပတ်ကျော် လာပါပြီ။ စစ်တပ်အပြင်စစ်ကောင်စီတပ်ဘက်ကနေ ပြည်သူ့စစ်တွေနဲ့ အင်အားအများအပြား ထိုးစစ်ဆင်လာတာကြောင့် ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က နောက်ဆုတ်ပေးလိုက်ရသလို ကျေးရွာ အချို့ကို စစ်တပ်ဘက်က ပြန်လည် စိုးမိုးထားတဲ့တယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်ထဲက သီတင်းတပတ်နီးပါး ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီးမြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"မြို့နယ်ရဲ့ အနောက်တည့်တည့်နေရာကနေ မန္တလေးအထိက သူတို့ စိုးမိုးနယ်မြေဖြစ်သွားပြီ။ ကျနော်တို့ နေရာတွေအကုန်စွန့်လွှတ်ခဲ့ရတယ်ပေါ့။ စိုးမိုးထားတဲ့နယ်မြေတွေကို စကစ ထိုးစစ်ဆင်လာတယ်။ ပြီးတော့ အထိုင်ချတဲ့စခန်းတွေ၊ စခန်းငယ်တွေပေါ့။ စကစ အင်အားနဲ့ ထိုးစစ်ဆင်လာတာကြောင့် အဲ့ဒါတွေကို ဆုတ်ခွါပေးခဲ့ရတဲ့ အနေအထားတွေရှိနေပါတယ်။ သုံးဆယ်ပေးကျေးရွာတို့ဘာတို့ဆို စကစ အထိုင်ချပြီးတော့မှ တော်လှန်ရေးတပ်တွေဘက်ကပြန်လည်ရယူထားတဲ့နေရာမျိုးတွေ ဆိုရင်လည်း သုံးဆယ်ပေးကျေးရွာတို့ဘာတို့ဆို စကစ ဘက်က ပြန်လည်သိမ်းဆည်းတဲ့ အခြေအနေတွေ ဖြစ်လာပြီပေါ့နော်။"

မတ္တရာမြို့နယ်ထဲမှာ စစ်တပ် စစ်ကြောင်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေအပြင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့က ခုခံတိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ MPDF ရဲ့ တာဝန်ရှိသူတွေကို မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြားတာ မရှိသေးပေမယ့် တိုက်ပွဲအခြေအနေအရ အတိုးအဆုတ် ပုံစံဖြစ်နေတာလို့ MPDF ပြောခွင့်ရက သတင်းဌာနတွေကို ဖြေကြားထားပါတယ်။

တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားသေဆုံးတာတွေလည်းရှိခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂၆ရက်ကစလို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း လမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် သွားလာမှုတွေကို ယာယီကန့်သတ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ မတ္တရာမြို့အနောက်ခြမ်း သုံးဆယ်ပေးရွာနဲ့ ဧရာဝတီမြစ်သာခြားတဲ့ စစ်ကိုင်းမြို့ဘက်မှာဆိုရင်လည်း နိုဝင်ဘာ ၂၃ ရက်ကစလို့ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာပါ။ ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်မှာဆိုရင် မတ္တရာမြို့အနောက်ခြမ်းနဲ့ ကပ်လျက်မှာရှိတဲ့ စစ်ကိုင်းမြို့နယ်ထဲက တလိုင်းရွာကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

စစ်ကိုင်းမြို့နယ်ထဲက တလိုင်းကျေးရွာမှာ မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် စစ်ကိုင်းဘက်ကို တိမ်းရှောင်လာတဲ့စစ်ဘေးရှောင်တွေရှိပြီး လေကြောင်းပစ်ခတ်တာကြောင့် ဘေးလွတ်ရာ နေရာတွေဆီကို ထပ်မံတိမ်းရှောင်နေရတယ်လို့ဒေသခံတဦးက အခုလို ပြောပါတယ်။

"၂၃ တို့ ၊ ၂၄ တို့ကနေစပြီး စစ်ကိုင်းကနေပြီးတော့ ပဒူကို၊ ပဒူမှာက အထိုင်ရှိသေးတယ်လေ။ အဲ့ကနေ စပြီးထိုးတာပဲ။၂၄-၂၅ ထိုးတယ်။ ၂၆ ဒီနေ့ကျတော့ 35နဲ့ လာပစ်သွားတယ်။ စစ်ရှောင်ပြည်သူတွေက အများကြီးပဲရှိတာလေ။ အဲ့တလိုင်းမှာက မတ္တရာဘက်က စစ်ရှောင်တွေကော အများကြီးနေတာလေ။ အဲ့ရွာလေးကို ၃ ကြိမ်။ ဒီနေ့ လာပစ်သွားသေးတယ်။ သူတို့ အခုလောလောဆယ် ထိခိုက်မှုတွေ ဘာတွေက မသိရသေးဘူး။ တောတွေထဲ ထွက်ပြေးတဲ့သူက ပြေး။ အဲ့ဒါမျိုးတွေရှိတယ်လို့တော့ ကြားတယ်။"

တလိုင်းကျေးရွာဟာ စစ်ကိုင်း၊ ဝက်လက်၊ မတ္တရာ ၃ မြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကျေးရွာဖြစ်ပြီး စစ်ဘေးရှောင်တွေခိုလှုံတဲ့နေရာတခုလည်းဖြစ်သလို ၂၀၂၃ ခုနှစ် ဧပြီလ ၈ ရက်ကလည်း တလိုင်းရွာကို စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေကြရသလို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေက အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အဲ့ဒီ့ဒေသတွေဟာ ကာကွယ်ရေးတပ်တွေရှိနေတဲ့ဒေသတွေဖြစ်တဲ့အတွက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်ဆိုတာကို သတင်းထုတ်ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG