သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက တိုင်းပြည်ကို ဖျက်ဆီးနေတယ်လို့ စစ်ခေါင်းဆောင်အပြစ်တင်ထား


နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း တက်ရောက်အမှာစကားပြောကြားနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇန်နဝါရီ ၁၇၊ ၂၀၂၅)
နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအတွင်း တက်ရောက်အမှာစကားပြောကြားနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇန်နဝါရီ ၁၇၊ ၂၀၂၅)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ကောင်စီဥက္ကဋ္ဌ

KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်နယ်အတွင်းနေထိုင်တဲ့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်တယ်။

ဒါက မှားယွင်းနေပါတယ်။
အချက်အလက်စိစစ်ခြင်း

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့ ကယားပြည်နယ်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာအတွင်းမှာတော့ KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့အပါအဝင် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်နယ်အတွင်းနေထိုင်တဲ့ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက ကိုယ့်ဒေသကိုယ်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်တယ်လို့ ထည့်သွင်းအပြစ်တင်ထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ( ၁၀ ) ရက်နေ့ ကချင်ပြည်နယ်နေ့ သဝဏ်လွှာအတွင်းမှာတော့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နဲ့ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး ဆင်းရဲဒုက္ခများစွာကြုံတွေ့နေကြရတယ်လို့ ထည့်သွင်းအပြစ်တင်ထားပါတယ်။

ဒါက မှားယွင်းနေပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်ပနိုင်ငံတွေကို မကြာခဏစွပ်စွဲအပြစ်တင်ပြောဆိုလေ့ရှိပြီး စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် နိုင်ငံတဝန်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာတဲ့အချက်ကို လျစ်လျူရှုထားတာကို တွေ့ရပါတယ်။

အလားတူ စွပ်စွဲမှုမျိုးကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းမှာ ပြောဆိုဖူးပြီး စစ်ကောင်စီကို လက်နက်ကိုင်တိုက်နေတဲ့ အဖွဲ့အစည်းတွေဟာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တွေကိုဖျက်ဆီးနေပြီးစစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ သတင်းမီဒီယာတွေက အားပေးအားမြှောက်ပြုနေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောခဲ့ဖူးပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာလည်း နိုင်ငံပျက်စီးအောင် နိုင်ငံသားတွေက လုပ်ဆောင်နေပြီး ဒေသပျက်စီးအောင် ဒေသခံအကြမ်းဖက်သမားများကသာ လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အပြစ်တင်ပြောဆိုဖူးပါတယ်။၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာပေးပို့ရာမှာလည်း MNDAA ၊ TNLA ၊ AA အဖွဲ့များက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့တယ်လို့ ထည့်သွင်းစွပ်စွဲခဲ့ပါသေးတယ်။ ဒီပြောဆိုမှုအပေါ် VOA က အချက်အလက်အခြေပြုပြီး ဆန်းစစ်ထားပါတယ်။

ဒေသပျက်စီးအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက လုပ်ဆောင်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုနေပေမယ့်လည်း တဖက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားကျေးရွာနေအိမ်တွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေနဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာတွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ဇန်နဝါရီလ (၁၈) ရက်နေ့အထိ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဖေါ်ပြချက်ကို လေ့လာစောင့်ကြည့်မှုအရ ဒီ (၁၈) ရက်တာအတွင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားပြည်သူ နေအိမ်အလုံးပေါင်း ( ၃၆၃ ) လုံး ထက်မနည်း ပျက်စီးထားပြီးဖြစ်ပါတယ် (၁၈) ရက်တာအတွင်းမှာ စစ်ကောင်စီက အရပ်သားပစ်မှတ်တွေအပါအဝင် လေကြောင်းတိုက်ခိုက်မှု ( ၃၁) ကြိမ်ထက်မနည်း လုပ်ဆောင်ထားတာတွေ့ရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့မှာ အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၄၀) ကျော်သေဆုံးပြီး (၅၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ကယားပြည်နယ်နေ့သဝဏ်လွှာပေးပို့ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ကယားပြည်နယ်အတွင်းမှာ ပါဝင်တဲ့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူသုံးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်က ကချင်ပြည်နယ်နေ့ သဝဏ်လွှာပေးပို့ခဲ့ပြီး တရက်အကြာ ဇန်နဝါရီလ (၁၁) ရက်နေ့မှာ ကချင်ပြည်နယ် တနိုင်းမြို့နယ်က စန်လွန်ရွှေမှော်ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

စာရင်းကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ (၁၀၈ ) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

တော်လှန်ရေးအင်အားစုများ နဲ့ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲများအပါအဝင်၊ စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် အရပ်သားပြည်သူတွေ နေရပ်စွန့်ခွါထွက်ပြေးမှုတွေလည်း ဆက်လက်ကြုံတွေ့နေတာတွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ (၁၈) ရက်နေ့အတွင်းမှာ အရပ်သားပြည်သူ (၁၅၀၀၀) ကျော် နေရပ်စွန့်ခွါထွက်ပြေးရပြီး အညာဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အများဆုံးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲများ ကျယ်ပြန့်လာပြီး စစ်ကောင်စီက စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ မြို့တွေလည်း လျော့နည်းလာတာကိုတွေ့ရပါတယ်BNI - Myanmar Peace Monitor က ဖေါ်ပြထားချက်အရ မြိုပေါင်း (၉၅) မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားနိုင်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ထားချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်( PDF) တို့က စစ်ကိုင်းတိုင်းအတွင်း မြို့ (၅) မြို့ နဲ့ မန္တလေးတိုင်းအတွင်းမှာ မြို့ (၃) မြို့ကို သိမ်းပိုက်ထားတယ်လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လက်နက်စွန့်ကြဖို့ စစ်ကောင်စီခေါင်းဆောင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ နိုင်ငံတဝန်း စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေကြား လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်တာကိုတွေ့ရပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁ ရက်ကနေ ၁၈ ရက်အထိ ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲဖြစ်ပွားမှုအကြိမ်အရေအတွက်
၂၀၂၅ ဇန်နဝါရီ ၁ ရက်ကနေ ၁၈ ရက်အထိ ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲဖြစ်ပွားမှုအကြိမ်အရေအတွက်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ကနေ ဇန်နဝါရီလ (၁၈) ရက်နေ့အထိ နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲပေါင်း ( ၁၄၅ ) ကြိမ် ထက်မနည်းဖြစ်ပွားထားပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တိုက်ပွဲများ မဖြစ်ပွားသလောက် ရှိခဲ့တဲ့ ဧရာ၀တီတိုင်းအတွက်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) မဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲများ စတင်ဖြစ်ပွားလာတာကိုတွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်အနေနဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာအပါအဝင် တိုင်းရင်းသားပြည်နယ်တွေရဲ့ ပြည်နယ်နေ့ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာတွေအတွင်းမှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောဆိုထားသလို တဖက်မှာလည်း နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အပြစ်တင်စွပ်စွဲမှုတွေ လုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

XS
SM
MD
LG