သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်တွေက မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြှူဆွယ်ခံရတာကြောင့် စစ်ပွဲထဲရောက်လာခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် စွပ်စွဲ


မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တပ်ဖွဲ့ဝင်များ (ဇွန် ၂၀၂၄)
မန္တလေးကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) တပ်ဖွဲ့ဝင်များ (ဇွန် ၂၀၂၄)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ကောင်စီဥက္ကဋ္ဌ

– ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။ လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရပါသည်။ အကြမ်းဖက်သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင် တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရပါသည်။ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့ကြပါသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိကြရေး တိုက်တွန်းလိုပါသည်။

ဒါကမှားယွင်းနေပါတယ်။
အချက်အလက်စိစစ်ခြင်း

MNDAA ၊ TNLA ၊ AA အဖွဲ့များက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။

ဒါက မှားယွင်းနေပါတယ်။

စစ်ကောင်စီခေါင်းဆောင်က လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲကို အတင်းအဓမ္မရောက်ရှိစေခဲ့ကြတယ်လို့ ပြောဆိုထားပေမယ့် စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်အာဏာသိမ်းမှုကို အကြမ်းမဖက် ဆန္ဒပြတဲ့နည်းနဲ့ ဆန့်ကျင်ခဲ့ကြပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်ရတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တယ်။ အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုတွေလည်း ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီကလည်း အကြမ်းဖက်ဖြိုခွင်းတာနဲ့ ဖမ်းဆီးထောင်ချတာတွေလုပ်ဆောင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့အထိ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးရတဲ့ အရပ်သားပြည်သူပေါင်း (၅၄၅၃) ထက်မနည်းရှိပြီဖြစ်တယ်လို့ နွေဦးတော်လှန်ရေးကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေကို စာရင်းကောက်ယူနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ (၂၆) ရက် ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ စာရင်းအရ အာဏာသိမ်းချိန်ကနေစပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ ပြည်သူ စုစုပေါင်း (၆၀၄၉) ဦး သေဆုံးခဲ့ရတယ်လို့ AAPP က အတည်ပြုထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကနေစတင်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့အထိ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံရတဲ့ ပြည်သူပေါင်း ( ၂၇၇၄၁) ဦးအထိရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီဇင်ဘာလ (၁) ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်တဲ့နည်းနဲ့ ဆန့်ကျင်မှုကနေ လက်နက်ကိုင် ခုခံမှုကို အစောဆုံးစတင်ခဲ့တာက စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး (၂)လ အကြာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ စတင်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုကို လက်လုပ်တူမီးသေနတ်များဖြင့် ခုခံခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ(၅)ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံစစ်စတင်ကြောင်းကြေညာခဲ့ပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ခုခံမယ့်နည်းလမ်းကို ရွေးချယ်ကြခဲ့တဲ့ လူငယ်တွေနဲ့ တော်လှန်ရေးအင်အားစုများက တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြတဲ့ KNU,KIA,TNLA အစရှိတဲ့ ထိန်းချုပ်ရာ ဒေသများကို သွားရောက်ပြီး စစ်ပညာသင်ယူမှုများနဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းမှုများကို လုပ်ဆောင်ခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ TNLA အတူ မိုးကုတ်၊စဉ်းကူး၊သပိတ်ကျင်း ဒေသတို့မှာ တိုက်ပွဲများဖေါ်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး ( MDY-PDF) ကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ ဖွဲ့စည်းပြီး ၂၀၂၁ ခုနှစ် မေလ (၁၀) ရက်နေ့မှာ TNLA နဲ့ တရားဝင်ဆက်သွယ်ပြီး စစ်ပညာသင်ယူခဲ့တာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်လာခဲ့ပြီး စခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ၂၀၂၄ ခုနှစ် ဇွန်လ (၂၅) ရက်နေ့မှာ စတင်လာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊နောင်ချို၊ကျောက်မဲ၊သီပေါ နဲ့ မန္တလေးတိုင်းအတွင်းက မတ္တရာ၊မိုးကုတ်၊စဉ့်ကူးတို့ကို တိုက်ခိုက်လာခဲ့ကြပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီး ဩဂုတ်လအတွင်းမှာ စစ်ကောင်စီက လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ထံ လက်လွှတ်လိုက်ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး နိုင်ငံတဝန်း လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုများ ပိုမိုးပြင်းထန်လာခဲ့ပြီး နိုင်ငံတဝန်း မြို့ပေါင်း (၈၆) မြို့ထက်မနည်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ထားပါတယ်။

MNDAA နဲ့ TNLA တို့ရဲ့ ထိုးစစ်တွေလျော့ကျသွားပေမယ့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တို့မှာ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA) က မြို့ပေါင်း (၁၂) မြို့အထိ သိမ်းပိုက်ထားပြီး အမ်း၊ဂွ တို့ကိုလည်း မြို့သိမ်းတိုက်ပွဲများ ဖေါ်ဆောင်လျက်ရှိပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ သဝဏ်လွှာအတွင်းမှာ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးစားပွဲဝိုင်းကို လာရောက်ဖို့ ပြောဆိုထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေပြီး သတင်းမီဒီယာများရဲ့ ဖေါ်ပြမှုကို စောင့်ကြည့်မှုအရ ဒီဇင်ဘာလ ပထမ (၁၀) ရက်အတွင်းမှာတင် နိုင်ငံတဝန်း လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု အကြိမ် (၆၁) ကြိမ်ထက်မနည်းရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်း၊လက်နက်ကြီးတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်စီးမှုတွေကြောင့် အရပ်သားပြည်သူ (၅၅) ဦးထက်သေဆုံးပြီး နေအိမ်အလုံးပေါင်း (၄၉၀) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်ကောင်စီခေါင်းဆောင်က MNDAA ၊ TNLA ၊ AA အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်များကြောင့် တိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေပြီး အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရတယ်လို့ သဝဏ်လွှာအတွင်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။ တဖက်မှာလည်း စစ်ကောင်စီက အရပ်သားနေအိမ်နဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ဆက်လက်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စစ်ကောင်စီတပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေကြောင့် အရပ်သားနေအိမ်အလုံးပေါင်း (၁၀၁,၄၇၄) လုံးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data For Myanmar က ဩဂုတ်လအတွင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

သတင်းမီဒီယာတွေရဲ့ ဖေါ်ပြမှုကို လေ့လာစောင့်ကြည့်မှုအရ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံတဝန်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်စီးမှု အကြိမ် (၄၀) ထက်မနည်းလုပ်ဆောင်ခဲ့ပြီး အရပ်သားနေအိမ်အလုံးပေါင်း (၆၀၀) ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ပြောဆိုထားပေမယ့်လည်း လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေ၊ ပြောဆိုမှုတွေကို ဖမ်းဆီးအရေးယူလျက်ရှိပါတယ်။ လူမှုကွန်ယက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ ကို ထောက်ခံအားပေးတဲ့ ရေးသားမှုတွေကြောင့် ဖမ်းဆီးခံရသူ (၁၈၄၀) ဦး ရှိခဲ့တယ်လို့ Data For Myanmar က ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့တယ်လို့ ပြောဆိုထားပေမယ့် တိကျတဲ့ အချက်အလက်မပါဝင်တာကိုတွေ့ရပါတယ်။ တဖက်မှာတော့ စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ( ၁၀) ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း နိုင်ငံအတွင်းက လူငယ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတွေကို အများအပြားထွက်ခွါလာကြပါတယ်။

စစ်အာဏာသိမ်းမှု နဲ့ စစ်အာဏာသိမ်းမှု အပေါ် ဆန့်ကျင်မှုတွေကို အကြမ်းဖက်ဖြေရှင်းမှုတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံတဝန်း လူငယ်အများအပြားက လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လာကြတဲ့ အချက်ကို ဖုံးကွယ်ပြီး မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြှူဆွယ်တာကြောင့် လူငယ်လူရွယ်တွေ စစ်ပွဲထဲရောက်ရှိလာခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင်က အကြောင်းပြထားတာကိုတွေ့ရပါတယ်။

XS
SM
MD
LG