သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှု လူငယ်အများစုတက်တက်ကြွကြွ ပါဝင်


ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၁)
ရန်ကုန်မြို့က စစ်အာဏာဆန့်ကျင်ဆန္ဒပြပွဲမြင်ကွင်း။ (ဖေဖော်ဝါရီ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံ နေရာအနှံ့ ပျံ့နှံ့လာနေတဲ့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာနေတာ တွေ့ရပါတယ်။ ဆန္ဒပြလှုပ်ရှားမှုတွေ အဓိက ပေါ်ပေါက်နေတဲ့ ရန်ကုန်မြို့က အချက်အချာနေရာ တချို့က လူငယ်တွေကတော့ အနာဂတ်အတွက် ရည်ရွယ်ပြီး ပါဝင်လာကြတာလို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေက လူငယ်တချို့ရဲ့ အသံတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က စုစည်းတင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေ သာမက နေရာတော်တော်များများမှာပါ ပေါ်ပေါက်လာနေသလို၊ ဒီလှုပ်ရှားမှုမှာ လူငယ်တွေရဲ့ အသံတွေ၊ မျှော်မှန်းချက်တွေကိုလည်း ပိုကြားလာရပါတယ်။ ဆန္ဒပြပွဲတွေ အဓိကဖြစ်ပွားနေတဲ့ ရန်ကုန်မြို့က လှုပ်ရှားမှုတွေမှာ ပါဝင်နေသူ လူငယ်တဦးဖြစ်တဲ့ ကိုရဲသီဟကတော့ ဒီအချိန်ဟာ အနာဂတ်အတွက် ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းရမယ့်အချိန်လို့ ပြောပါတယ်။

“ဒီအချိန်မှာ ကျနော်တို့ကိုယ်တိုင် ရုန်းထွက်မှရမှာ ဖြစ်လို့ ကျနော်တို့ကိုယ်တိုင် အခုအချိန် အလုပ်မသွားဘူး ကျနော်တို့ အစိုးရဝန်ထမ်းတွေရဲ့ CDM ကို ဝန်းရံတဲ့အနေနဲ့ ကျနော်တို့ ပုဂ္ဂလိက ဝန်ထမ်းတွေကိုယ်တိုင်က အလုပ်မလုပ်တော့ဘဲနဲ့ ထွက်လာတာပါ။ ဝန်းရံပေးတဲ့သဘောမျိုးပါ။ ဒီအချိန်မှာ ကျနော်တို့လူငယ်တွေ မစည်းလုံးရင် နောက်တကြိမ် လုံးဝမရှိတော့ဘူး။ ကျနော်တို့ တသက်လုံး ကျွန်ခံရလိမ့်မယ် နောက်တကြိမ်။”

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင်ပြီး အစိုးရသစ် ဖွဲ့စည်းရမယ့် အချိန်မှာပဲ စစ်တပ်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို အကြောင်းပြ အာဏာသိမ်းခဲ့တဲ့အတွက် လူထုကြားမှာ မကျေနပ်မှုတွေနဲ့အတူ အုံကြွမှုတွေ ပေါ်ပေါက်နောတပါ။ ရန်ကုန်မြို့ ဆန္ဒပြပွဲက ကျောင်းသူတဦးကလည်း စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အနာဂတ်မဲ့မှာကို စိုးရိမ်တာကြောင့် ပူးပေါင်းပါဝင်လာတာလို့ ပြောပြပါတယ်။

“စစ်အာဏာရှင်အစိုးရကို လုံးဝလက်မခံနိုင်ပါဘူး။ လူတွေကို brainwash လုပ်တဲ့ကိစ္စမျိုး မနေ့ကလို သတင်းအမှားတွေ တက်လာတာမျိုး လုံးဝလက်မခံနိုင်ပါဘူး။ ညီမတို့ အနာဂတ်တွေလည်း ပျက်သုန်းသွားတယ်လို့ ထင်တယ်၊ စစ်အစိုးရ အုပ်ချုပ်မယ် ဆိုရင်ပေါ့... အဲဒါကြောင့် ဒါကိုလုံးဝဆန့်ကျင်ပါတယ်။”

ဆန္ဒပြပွဲတွေမှာ လူငယ်တွေရဲ့ ပါဝင်မှုတွေ အားကောင်းလာတဲ့အပေါ်မှာလည်း ကျေနပ်မိတယ်လို့ လူငယ်လှုပ်ရှားသူ နောက်တဦးဖြစ်တဲ့ ကိုသီဟကိုကိုက ပြောပါတယ်။

“လူငယ်တွေက လုပ်နိုင်စွမ်းတွေရှိတယ်၊ ခွန်အားတွေကောင်းတယ်။ အဲဒီတော့ လူငယ်တွေကပဲ ဦးဆောင်ပြီးတော့ အစစအရာရာကို လုပ်ရမယ်လို့ထင်တယ်။ အဲဒါအတွက်ကြောင့် အခုကြည့်လိုက်မယ်ဆိုရင် လူငယ်တွေပဲ ရှိနေတာတွေ့ရမှာပါ။ အဲဒါကြောင့်မို့ လူငယ်တွေ အများစုပါဝင်တဲ့ လူငယ်ဆန္ဒဖော်ထုတ်ပွဲလို့တောင် ပြောလို့ရပါတယ်။”

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံဝန်ထမ်းတွေ အပါအဝင် အနုနည်းနဲ့ အာဏာဖီဆန်ဖို့ ဆန္ဒပြကန့်ကွက်ဖို့ တိုက်တွန်းမှုတွေနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲမှာတော့ တက်ကြွလှုပ်ရှားသူတွေ သာမက အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းတွေ၊ အလုပ်သမားတွေလည်း ပါဝင်လာကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG