သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး သံအမတ်ဟောင်း တဦးကို အဆိုပြု


သံတမန်ဟောင်း ဦးကျော်တင့်ဆွေ
သံတမန်ဟောင်း ဦးကျော်တင့်ဆွေ

နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် သံတမန်ဟောင်း ဦးကျော်တင့်ဆွေကို လျာထားတဲ့ အကြောင်း အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုပါတယ်။ ဝါရင့်သံတမန်ဟောင်းလည်းဖြစ် အာဆီယံအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေးဆိုင်ရာ မြန်မာ ကိုယ်စားလှယ် အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးကျော်တင့်ဆွေကို လွှတ်တော်က အတည်ပြုရင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ဖွဲ့စည်းတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံတို့မှာ ထိပ်တန်း တာဝန်တွေ ထမ်းဆောင်ဖူးတဲ့ ဦးကျော်တင့်ဆွေ အပေါ် ဘယ်လိုသုံးသပ်ကြလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အတွက် ဖွဲ့စည်းဖို့ လွှတ်တော်က အတည်ပြုလိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဝါရင့်သံတမန်ဟောင်း ဦးကျော်တင့်ဆွေကို လျာထားတဲ့ အကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ ဦးကျော်တင့်ဆွေကို လျာထားပါတယ်။ သူကအရင်တုန်းက သံအမတ်ပေါ့။ သံအမတ်ဘဲ။ ဒါပေမယ့် သံအမတ် အငြိမ်းစား ဖြစ်နေတာကြာပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလက်ပံတောင်းတောင် အရေးအခင်း ကော်မရှင်မှာ အလုပ်တွဲလုပ်ခဲ့ဖူးတယ်။ အလုပ်တွဲလုပ်ကြည့်တာမှာ မူတည်ပြီးမှ ဦးကျော်တင့်ဆွေရဲ့ အရည်အချင်းကိုသိလို့ အခု ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ အတိုင်ပင်ခံရုံး ဝန်ကြီးအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။ လွှတ်တော်ကို နာမည်စာရင်းပေးပြီးပြီ သောကြာနေ့မှာ အတည်ပြုမယ်ခင်ဗျ။”

ဦးကျော်တင့်ဆွေဟာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ ရာထူး အဆင့်ဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး အရင် မြန်မာ စစ်အစိုးရလက်ထက်မှာ ထိပ်တန်း သံတမန်အဖြစ်အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလ သမဂ္ဂ ဌာနချုပ်မှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ်နဲ့ရော အမြဲတမ်းကိုယ်စားလှယ် အဖြစ်နဲ့ပါ ဆယ်စုနှစ် တခုနီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး အဲဒီကာလက မြန်မာစစ်အစိုးရ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်ခံနေရမှုတွေကို ကုလသမဂ္ဂမှာ တောက်လျှောက် ခုခံပြောဆိုခဲ့ရသူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံလူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အဖြစ် ၂၀၀၉ ခုနှစ်မှာ စစ်အစိုးရက ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မြန်မာဆိုင်ရာ ကိုယ်စားလှယ် အဖြစ် သူနဲ့တွေ့ဆုံခွင့် တောင်းခဲ့ကြတဲ့ အခွင့်အရေးလှုပ်ရှားမှု အရပ်ဘက် အဖွဲ့အစည်းတွေကတော့ ဦးကျော်တင့်ဆွေဟာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ လက်တွန့်ခဲ့သူလို့ ဆိုပါတယ်။ Equality Myanmar ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌဖြစ်တုန်းကရော၊ အာဆီယံအစိုးရများ ကေ်ာမရှင်မှာ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ အရပ်ဘက် လူမှုအဖွဲအစည်းတွေ အနေနဲ့ တွေ့ဆုံပြီးတော့ မြန်မာ့အရေးရော၊ အာဆီယံအရေးရော တွေ့ဖို့အတွက် တရားဝင်တောင်းဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ ဒါပေမယ့် ပြန်လည်ပြီးတော့ တုံ့ပြန်မှုတွေ တစုံတရာမှ မရရှိခဲ့ဘူး။ အဲဒီတော့ ကျနော်တို့ သူ့ရဲ့ လုပ်ဆောင်မှုပိုင်းမှာ အရင်တုန်းက အမြဲတမ်းကျနော်ပြောပါတယ် လူ့အခွင့်အရေးလုပ်ဆောင်မယ့်သူ၊ အာဆီယံမှာ မြန်မာကိုယ်စားပြုလုပ်ဆောင်မယ့်သူက မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားမှုတွေသာမကပဲနဲ့ အာဆီယံအတွင်းမှာ လူ့အခွင့်အရေး လှုပ်ရှားတဲ့သူတွေကို လုပ်ဆောင်တွေ့ဆုံသင့်တယ်ဆိုတဲ့ အချက်နဲ့ ကျနော်တို့က တောင်းဆိုပေမယ့် တွေ့ဆုံမှုမရှိတဲ့အပိုင်းမှာ ကျနော်တို့ အားမလိုအားမရ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံရဲ့ လူ့အခွင့်အရေးကော်မရှင် ကြားထဲမှာကတော့ ဒီလူ့အခွင့်အရေးတွေ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သံတမန်နည်းအရ ပြောဆိုမှုကောင်းတယ်ဆိုတဲ့ နာမည်ကောင်းတော့ ကျနော်တို့ကြားရပါတယ်။ ဘယ်လောက်အထိပဲ သံတမန်နည်းအရ ကောင်းကောင်း ပြည်သူလူထုရဲ့အသံတွေ ဆန္ဒတွေကို တွေ့ဆုံဖို့အတွက် အာသီသ အနေနဲ့တော့ ကျနော်တို့အတွက် တဘက်မှာ အားနည်းတယ်လို့ပဲ ထောက်ပြချင်ပါတယ်။”

လူထုရဲ့ မဲဆန္ဒနဲ့ အာဏာ ရလာတဲ့ အစိုးရသစ် လက်ထက်မှာတော့ သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ စောင့်ကြည့်ကြရဦးမှာ ဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

" အဲဒါကတော့ ကျနော် တွက်ရခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တချို့က ဒီ အစိုးရ အပေါ် မူတည်ပြီး ပြောင်းလဲသွားခဲ့တယ်။ အရင်တုန်းက စစ်အာဏာရှင်ဘက်က လုပ်လာပြီး အခုမှ ဒီမိုကရေစီ အော်တဲ့သူတွေလည်း ရှိလာတော့ ကျနော်တို့ ကြိုတင်ခန့်မှန်းရ ခက်ပါတယ်။ ဘယ်အပေါ်မှာ ကျနော်တို့က တိုင်းတာနိုင်မလဲ ဆိုတော့ သူ့တာဝန် ရရှိတဲ့ အချိန် အခုလိုမျိုး ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီဘက်ကို အားသာနေတဲ့ အစိုးရ နောက် ပြည်သူလူထုတွေရဲ့ ပါဝင်မှုကို အသိအမှတ်ပြုလာတဲ့ ဒီလိုမျိုး အခြေအနေမျိုးမှာ သူဘယ်လောက်ထိ လုပ်ဆောင်မှု ရှိမလဲ၊ ဘယ်လောက်အထိ ကျနော်တို့ အသံကို နားထောင်မလဲ၊ နိုင်ငံတကာ သံတမန်ရေးရာ ဆွေးနွေးတဲ့ အချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ လူတွေရဲ့ အသံနဲ့ ဆန္ဒကို ဘယ်လောက်ထိ အလေးထားမလဲ အဲဒီအပေါ်မှာ တော်တော် သတိထားပြီး စောင့်ကြည့် ရမှာတော့ သေချာပါတယ်ခင်ဗျ။"

လွှတ်တော်က အတည်ပြုမယ်ဆိုရင်တော့ ဝါရင့်သံတမန်ဟောင်း ဦးကျော်တင့်ဆွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာမှာပါ။

XS
SM
MD
LG