သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မှာ မီးရှို့မှုတွေ ဖြစ်ပွား


Oakland, Kaliforniya
Oakland, Kaliforniya
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အဓိကရုဏ်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ် လုပ်ဆောင်နေတဲ့ကြားကပဲ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း တင်းမာမှုတွေ ထပ်မံဖြစ်ပေါ်ခဲ့ရာက ဒီကနေ့မနက် အစောပိုင်းမှာ နှစ်ဘက် အပြန်အလှန် အိမ်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana မြန်မာနိုင်ငံ က ပြန်သွားပြီး နောက် တနေ့မှာ အခုလို ဆူပူမှုတွေ ထပ်ဖြစ်တာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံကို ၆ ရက်ကြာသွားရောက်ပြီး ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာခဲ့တဲ့ လူ့အခွင့်အရေးကိုယ်စားလှယ် Tomas Ojea Quintana က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေကို သီးခြား စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စုံစမ်းဖို့ အဆိုပြုချက်ကို မြန်မာအစိုးရဘက်က ပယ်ချလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်းအတွင်း ဇွန်လတုန်းက လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ရာက နှစ်ဘက် သေ ဆုံးမှုတွေနဲ့ အပျက်အဆီးတွေ အတော်များခဲ့ပြီး အခြေအနေတွေ ဆိုးရွားလာတာကြောင့် သမ္မတ ဦးသိန်းစိန်က ဇွန်လ ၈ ရက်နေ့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ ဒုသမ္မတ စိုင်းမောက်ခမ်းကိုယ်တိုင် ရခိုင်ပြည်နယ်ကိုသွားပြီး အခြေအနေတွေကို ၂ ရက်ကြာ လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့မှာ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပွားပြီး မနေ့ကတော့ အိမ်တွေ အပြန်အလှန် မီးရှို့တဲ့အထိ အခြေအနေတွေ ပြန်လည် ဆိုးရွားလာခဲ့တာပါ။

ကျောက်တော်မြို့မှာ မနေ့ကနဲ့ ဒီကနေ့ ဖြစ်ပျက်ခဲ့တဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဒေသခံ တဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဂုပ္ပီထောင့်မှာ မီးရှို့တဲ့ဥစ္စာတွေ ဖြစ်ပါတယ်။ သူတို့ဟာသူတို့ ရှို့တာတွေလည်း ပါပါတယ်။ ဒီဘက်က ရှို့တာလည်း ပါရင် ပါနိုင်ပါတယ်။ ပြီးတော့ ဂုပ္ပီထောင့်ကနေ ကိုယ့်ဖာသာကိုယ် အပေါက်ဝမှာ မီးရှို့ပြီးတော့ ပြေးပါတယ်။ ပြီးတော့ --- တွေမှာ ဖြစ်ပါတယ်။ သူတို့က ရခိုင်ပိုင် ဆန်စက်တလုံးကို ဖျက်ဆီးတာရဲ့ အစွန်းလောက်ပဲ တန်ဖိုးရှိပါတယ်။ စပါးတင်း ၂ ထောင်နီးပါးနဲ့ ဆန်အိတ် ၁၀၀ လောက်ရှိတဲ့ ဆန်စက်ကို မီးရှို့ဖျက်ဆီးပြီးတော့ ဆန်စက်တလုံးနဲ့ ဆန်စက်ပါ ပစ္စည်း အကုန်လုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ အဲဒါ ဒီမနက် ၄ နာရီလောက်မှာ ဖြစ်တဲ့ကိစ္စပါ။ ”

နိုင်ငံတကာ သတင်းမီဒီယာတွေမှာတော့ ကျောက်တော်မြို့မှာ အခုနောက်ဆုံး ဖြစ်သွားတဲ့ အခြေ အနေတွေကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဖော်ပြနေကြပေမယ့်လည်း အဲဒီ သတင်းတွေ မမှန်ကန်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အခုချိန်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက် လာပြီဖြစ်တဲ့အတွက် အခြေအနေတွေ ပြန်လည် တည်ငြိမ်မှု ရှိလာနေပြီလို့ အဲဒီ ဒေသခံက ဆက်ပြောပြပါတယ်။

“ဂုပ္ပီထောင့် ဖြစ်တဲ့ ကိစ္စကိုတော့ ထိန်းသိမ်းပေးဖို့ ၃၇၈ နဲ့ ၃၇၅ ရယ်၊ တပ်ရင်းမှူး နှစ်ယောက်လုံး ဦးဆောင်ပြီးတော့ ရောက်လာပါတယ်။ ရဲတပ်ဖွဲ့တွေလည်း ပါပါတယ်။ မနေ့က ဖြစ်တာနဲ့ ဘယ်လောက်မှ မကြာပါဘူး၊ တပ်က အဲဒီကို ရောက်လာပါတယ်။ တပ်ရင်း ၂ ရင်း ပေါင်းလိုက်ရင် လူ ၃၀ လောက် ပါပါတယ်။ ရဲတပ်ဖွဲ့က ၁၀ ယောက်လောက် ပါပါတယ်။ အကုန်လုံး ၄၀ လောက် ပါပါတယ်။ အဲဒီမှာ ကျေးရွာအုပ်စုရေးမှူးတွေကို ခေါ်ပြီးတော့ သေချာ စစ်ဆေးဆောင်ရွက်နေပါတယ်။ အဲဒါတွေကို အထက်က pressure ပေးပြီးတော့ မရမက ဖမ်းဖို့၊ ဆီးဖို့ ဆိုပြီး ပြောပါတယ်-တဲ့။ ဖမ်းရမယ်၊ ဆီးရမယ်၊ ဒါကို ဖော်ထုတ်ရမယ်-အဲလိုမျိုးလုပ်တယ်လို့ ပြောပါတယ်။ အဲဒီလိုမျိုး ကုလားအိမ်တွေကို မီးရှို့တဲ့ ကိစ္စနဲ့ပတ်သက်လို့ စိစစ်ဆောင်ရွက်ပြီးတော့ ဦးအောင်လှတင် ဆန်စက် မီးရှို့ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ဘာမှ စီစဉ်ဆောင်ရွက်ခြင်း မရှိပါဘူး။”

ကျောက်တော်မြို့ ဒေသခံတဦး ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ကိုယ်တိုင် လေ့လာဖို့ ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ပြန်သွားပြီး နောက်တနေ့မှာပဲ ကျောက်တော်မြို့မှာ အခုလို အခြေအနေတွေ ပြန်လည် တင်းမာလာတာလဲ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနား မြန်မာပြည်က ပြန်မထွက်ခွာခင် ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဘက် ဆူပူမှုတွေကို သီးခြား စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ အကြံပြု တင်ပြခဲ့တာနဲ့ ပတ်သက်လို့တော့ ရခိုင်ပြည်နယ်အဓိကရုဏ်းနဲ့ ပတ်သက်လို့ အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှသိန်းက ပယ်ချလိုက်ပါတယ်။

“ကျနော့် Remark ကတော့ပေါ့ဗျာ။ ဒါနဲ့ပတ်သက်လို့ ကော်မရှင်ဖွဲ့ပြီးတော့ စစ်ဖို့ပေါ့။ ကျနော်တို့ အမြင်ကတော့ ဖွဲ့စရာ မလိုအပ်ဘူးခင်ဗျ။ ဒါက ရခိုင်ဒေသရဲ့ ကိစ္စလောက်ပဲဖြစ်ပါတယ်။ ကျနော်တို့ကတော့ အဲလိုပဲ မြင်ပါတယ်။ ”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်း ဝိုင်း အမြင်အမျိုးမျိုးနဲ့ တုံ့ပြန်နေကြတာပါ။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက အစိုးရရဲ့ တုန့်ပြန်မှု နှေးကွေးတဲ့အတွက် အခြေ အနေတွေ ပိုပြီး ဆိုးသွားခဲ့တယ်လို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေသလိုပဲ ကမ္ဘာ့မူဆလင်ဘာသာဝင် အများဆုံး တိုင်းပြည်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက သမ္မတ Susilo Bambang Yudhoyono ကလည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက စုံစမ်း စစ်ဆေးရေးအဖွဲ့တွေ ဝင်ရောက် လေ့လာခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်ထံ စာရေး တောင်းဆို ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ် သတင်းစာတွေမှာ ရေးသား ဖော်ပြနေကြတာပါ။

ရခိုင်ပြည်နယ်အတွင်း အဓိကရုဏ်းတွေ ပိုမိုဆိုးရွားလာအောင် သွေးထိုး လှုံဆော်ပေးမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ INGO နိုင်ငံတကာ NGO အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူ ဝန်ထမ်း ၉ ဦးကို လက်ရှိမှာ ရုံးတင် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်း ပြောပြပါတယ်။

“ဖမ်းထားတဲ့လူတွေထဲမှာ တချို့က ဘူးသီးတောင် တရားရုံးမှာ အမှုရင်ဆိုင်တဲ့အတွက်ကြောင့် ဘူးသီးတောင်မှာ ချုပ်တယ်ပေါ့ဗျာ။ စစ်တွေမှာလည်း တရားစွဲထားတဲ့ဟာလည်း ရှိပါတယ်။ အဲဒီမှာတော့ INGO က တယောက် ရှိတယ် ခင်ဗျ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၅၃/က ၊ ပုဒ်မ ၅၀၅/ဂ နောက်- ဥပဒေနဲ့ဆန့်ကျင်တဲ့ နည်းဥပဒေမှာပါတဲ့ ပုဒ်မ ၁၄၈ - အဲဒါတွေနဲ့ပါပဲံ။ အဲဒီ လူ့မှုအသိုင်းအဝိုင်း ၂ ခုကို ဒေါသတွေထွက်အောင်၊ မလိုမုန်းတားဖြစ်အောင်၊ ခိုက်ရန်ဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ ဟာပါ။ သူတို့ဆီကနေ တွေ့ထားတဲ့ အထောက်အထားတွေကတော့ သူတို့က မူဆလင်တွေကို လှုံ့ဆော်ပြီးတော့ ဒီ အရေးအခင်းကို ဖြစ်အောင် လုပ်တယ်ဆိုပြီးတော့ အဲဒီအထောက်အထားတွေပေါ်မှာ မူတည်ပြီးတော့ တရားစွဲထားတာ ဖြစ်ပါတယ်။ သူတို့က မြန်မာနိုင်ငံသားတွေ ပဲလား ဆိုတော့ သူတို့က အကုန်လုံး မူဆလင်တွေချည့်ပဲ၊ အဲဒီလူတွေက။”

အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ဥက္ကဌ ဦးလှသိန်း ပြောပြခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဆူပူမှုတွေနဲ့ အဓိကရုဏ်းတွေကြောင့် နှစ်ဘက် သေဆုံးသူ အရေအတွက်ဟာ ၇၇ ဦး ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်တဲ့ တရားဝင် စာရင်းဇယားတွေ မှာ ဖော်ပြထားပါတယ် ခင်ဗျား။
XS
SM
MD
LG