သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းပြောင်းရွှေ့ခံ ရွာသားတွေ ရဲ တိုင်ချက်ဖွင့်


ပြောင်းရွှေ့ခံရွာသားနှစ်ထောင်ကျော် ဆားလင်းကြီး ရဲစခန်းမှာ အမှုလာဖွင့်နေကြစဉ်
ပြောင်းရွှေ့ခံရွာသားနှစ်ထောင်ကျော် ဆားလင်းကြီး ရဲစခန်းမှာ အမှုလာဖွင့်နေကြစဉ်
စစ်ကိုင်းတိုင်း မုံရွာခရိုင်အတွင်းမှာ ရှိတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက်
လယ်မြေ သိမ်းဆည်းခံရတာ၊ ရွာတွေ ပြောင်းရွှေ့ခံရတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
အပေါ် မကျေနပ်လို့ ဆန္ဒပြနေကြတဲ့ ရွာပေါင်း ၂၆ ရွာက ဒေသခံတွေဟာ ဒီကနေ့
အောက်တိုဘာလ ၈ ရက်နေ့ မှာတော့ ကြေးနီစီမံကိန်းတာဝန်ရှိသူတွေနဲ့
အာဏာပိုင်တွေ ကို စတင် အမှုဖွင့် တိုင်ကြားလိုက်ပြီဖြစ်ပါတယ်။
ဆားလင်းကြီးမြို့နယ် ရဲစခန်းမှာ လူအင်အား ၂၀၀၀ကျာ် ကနေ မြန်မာဝမ်ပေါင်း ကုမ္မဏီ၊ မြန်မာစီးပွားရေးဦးပိုင်း လီမီတက် နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ စီမံကိန်းတာဝန်ရှိသူတွေကို အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အဓိက တရားစွဲဆိုခဲ့တာကတော့
လယ်မြေတွေ အဓမ္မသိမ်းယူမှု၊ လက်နက်ကိုင်ခြိမ်းခြောက်မှုတွေနဲ့ အမှုဖွင့်ခဲ့တာပါ။
အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နေ့လည် ၁နာရီကျော်ကစပြီး လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံရတဲ့ ကျေးရွာတွေ လယ်မြေသိမ်း ခံထားရတဲ့ ကျေးရွာတွေက ဒေသခံအင်အား ၂၀၀၀ကျော်ဟာ ဆားလင်းကြီး မြို့နယ် ရဲစခန်းကို လာရောက်အမူဖွင်ခဲ့တာပါ။ ဆည်တဲရွာက ရွာသူ မရီဝင်း ပြောပြတာက

“တရုတ်ဝမ်ပေါင်ကုမ္မဏီနဲ့ မြန်မာဦးပိုင်လီမိတက်တို့က ကျေးရွာသူ ကျေးရွာသားများရဲ့ လယ်ပေါ်ကို ရေစာတွေပုံခြင်း၊ အဆောက်အဦးများကို ဆောက်ခြင်း၊ အဲ့တာတွေကို လယ်သမားများ သွားရောက်တားတဲ့ အခါကျတော့ ဆဲရေးခြင်း၊ မဖွယ်မရာပြုခြင်းတို့ကို အဲ့တာက တချက်၊ တရားစွဲတာ။ နောက်ပြီးကျတော့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မြန်မာကုမ္မဏီ ဦးပိုင်တာဝန်ခံ ဦးမြင့်အောင် ခိုင်းစေချက်အရ ဘာမှမသိတဲ့ ဆည်တဲ၊ ဝက်မှေး၊ ကန်တော၊ ဇီးတောရွာတွေကို ၁၄၄ ပုဒ်မချထားတာ တချက်၊ နောက်တချက်ကျတော့ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမိတက်မှ ဦးမြင့်အောင်၊ ဦးကျော်သက်မိုး၊ ဦးအောင်ကျော်ကျော်တို့က မိမိလယ်ယာမြေတွေထဲကို မတရားကျူးကျော်သိမ်းပိုက်တာကို အထက်ပါသုံးဦးကို တရားစွဲဆိုခြင်း၊ အဲ့သုံးချက်ပါ အမ။

ရဲစခန်းကတော့ သိပ်အထူးအထွေတော့ မပြောဘူး။ သူတို့က ဒီတိုင်တန်းချက်ကို လက်ခံလိုက်တယ်လို့ပဲ ပြောတယ်။ သူတို့ တိုင်တန်းချက်ကို လက်ခံသည်၊ လက်မခံသည် အဖြေကို မနက်ဖြန် ညနေ လေးနာရီမှာ ဖြေမယ်လို့ ပြောပါတယ်။”

ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ပတ်သတ်ပြီး လက်ပန်းတောင်အရေး လုပ်ဆောင်နေသူ ကျောင်သားခေါင်းဆောင် ကိုဟန်ဝင်းအောင်က အခုလိုပြောပါတယ်။

“ စက်တင်ဘာလ ၂၈ရက်နေ့က နိုင်ငံတော်သမ္မတကြီးက သတင်းမီဒီယာတွေနဲ့ပြောတဲ့အခါမှာ ဒီရွာတွေ မရွှေ့ပြောင်းချင်ရင်လည်း မရွှေ့ပြောင်းဖို့နဲ့ နေရာတွေသတ်မှတ်ပြီး နေပါစေဆိုပြီး သူညွန်ကြားခဲ့ပါတယ် ပြောတယ်။ အဲ့သလို ညွန်ကြားချက် ရှိပါရက်နဲ့ ဆားလင်းကြီးမြို့နယ်ဦးဇော်မိုးအောင်က ပုဒ်မ ၁၄၄ကို သူ တာဝန်ခံ ထုတ်ပြန်တယ်။ ၈လပိုင်း ၂၀ရက်နေ့က ဦးပိုင်ကနေပြီးတော့ ဒီရွာတွေကို မဖြစ်မနေ ရွှေ့ပြောင်းရမယ် လို့ ပြောတဲ့အတွက် ဒါဟာ တကယ့်ကို ပြည်ထောင်စု အစိုးရ ရဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ အာဏာ အလွဲသုံးစား လုပ်ပြီးတော့ ကျေးရွာတွေကို ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်။ စာတွေဝေတယ်။ ရွာသားတွေက ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးကို အမှုဖွင့်တာပါ။"

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ရပ်တန့်စေချင်တာကတော့ ရှေ့ကလုပ်ခဲ့တဲ့ စံပယ်တောင် ကြေးစင်တောင် စီမံကိန်းတွေရဲ့ အကျိုးဆက်တွေကြောင့်ဆိုပြီး ဒေသခံတွေက ဆိုပါတယ်။

“ကျမတို့ ဆန္ဒကတော့ လက်ပန်းတောင် ကြေးနီတောင် စီမံကိန်းကြီး ချက်ခြင်းရပ်ပေးဖို့ပဲ။ သူတို့ကတော့ ဒီလက်ပန်းတောင် ကြေးနီစီမံကိန်းကြီး ရပ်မပေးဘူးဆိုရင်တော့ ကျမတို့ကလည်း ရပ်ဆိုင်းတဲ့အချိန်အထိ ဆန္ဒ ဖော်ထုတ်ပြရမှာပဲ သူတို့ကို။ အခုလောလောဆယ်ကတော့ ကျမတို့က ကြေးနီတောင်နဲ့ စံပါယ်တောင်ကို ကြည့်ပြီးတော့လေ ဒီလက်ပန်းတောင်ကြီးကို ဘယ်နည်းနဲ့မှကို မလုပ်စေချင်ပါဘူး။ ချက်ခြင်းကိုပဲ ရပ်ဆိုင်းစေချင်ပါတယ်။

တကယ်လို့များ အမတို့ဖြစ်နိုင်လို့ရှိရင် ဒီကြေးစင်တောင်ရယ် စံပါယ်တောင်ရယ်ကို လာပြီးတော့ စုံစမ်းစေချင်ပါတယ်။ လေတင်နဲ့လေအောက်ကို မနေနိုင်ပါဘူး။ အက်ဆစ်အနံ့တွေက ပြန့်နေလို့ပါ။ စပါယ်တောင်၊ ကြေးနီတောင် နားနေတဲ့ ရွာနားနီးချင်းတွေဆို တော်တော်လေးကို ကျန်းမာရေး ထိခိုက်နေပါတယ်။ အခုကင်ဆာရောဂါဖြစ်နေတယ်။ သေတဲ့သူလည်း ၁၅ဦးလောက်တော့ ရှိသွားပြီ။ အခုလောလောဆယ် ကလေးတွေလည်း အကြောတွေ မသန်မစွမ်းတာတွေ တချို့လည်း အောက်ပိုင်းသေးပြီး ခေါင်းကြီးတာတွေ ဒါမျိုးတွေလည်း ဖြစ်နေပါတယ်။”

မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်က ဒုတိယတာဝန်ခံ ကိုသော်ဇင် ကတော့ ဒေသခံတွေ ကို အကူအညီပေးခဲ့ပြီး ရဲစခန်းထိ လိုက်ပါ သွားရောက်ခဲ့ပါတယ်။ ရဲစခန်းရှေ့မှာ ညနေထိ ရွာပေါင်း ၁၄ ရွာက လူအင်အား ၂၀၀၀ကျော် လာရောက်နေပြီး ဆက်လက်လာနေဆဲဖြစ်တယ်လို့ဆိုပါတယ်။

“ဟုတ်ကဲ့။ အခု ရဲစခန်းရှေ့မှာတော့ လူနှစ်ထောင် ကျော်လောက် ရှိတယ်ခင်ဗျ။ လူနှစ်ထောင် ကျော်ကျော် လောက်က အခုကျနော်တို့ တရွာချင်း တရွာချင်းအလိုက်၊ တရားစွဲဆိုမှုတွေ ပြုလုပ်နေတယ်။ လက်မှတ်တွေ ထိုးတယ်။ ဒီအမှုဆက်ဖွင့်တယ်ပေါ့။ အမှုဆက်ဖွင့်တဲ့အခါကျတော့ တိုင်ကြားစာကိုတော့ လက်ခံပါတယ်။ လောလောဆယ် အမှုအားဖြင့် ကျနော် ဖွင့်ပေးလို့ရမရ ဆိုတာတော့ ကျနော်ပြန်ပြီးတော့ တိုင်ပင်ရဦးမယ်။ ပြန်ကြည့်ရဦးမယ်ပေါ့။ ပြန်ကြည့်ရဦးမယ်ဆိုတာက မနက်ဖြန်ကို လေးနာရီပြန်ချိန်းထားတယ်။ ဘယ်အမှု၊ ဘယ်အမှုကတော့ စွဲလို့ရတယ်။ ဘယ်အမှု၊ ဘယ်အမှုကတော့ စွဲလို့မရဘူး။ လူတအုပ်လုံးကြီးကိုတော့ လက်မခံဘူး။ တရွာကို ငါးယောက်လောက်ပဲ အမှုလက်ခံတယ်။ တရွာကို ငါးယောက်လောက်ဆိုတာကလည်း တရွာချင်း၊ တရွာချင်း လက်ခံတာပါ။ ၁၄ရွာရှိသွားပြီ။ လာနေတဲ့သူတွေလည်း ရှိသေးတယ်ခင်ဗျ။”

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကိုတရုတ်ကုမ္မဏီဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္မဏီ်နဲ့ မြန်မာ စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမီတက်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီစီမံကိန်း ကနေ ဒေသခံ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းယူခဲ့ပြီး ရွာပေါင်း၄ရွာကို ဖယ်ရှားခိုင်း ခဲ့တာ ဖြစ်ပါတယ်။ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီ ကတော့ ဒီစီမံကိန်းကို ရပ်တန့်မှာမဟုတ်ဘူး ဆိုပြီး မကြာသေးခင်ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
XS
SM
MD
LG