သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေသစ်အရ အလုပ်သမား ရပိုင်ခွင့်ထိခိုက်ဟု ပြည်ပရောက်ရှေ့နေ့အဖွဲ့ ဝေဖန်


ဥပဒေသစ်အရ အလုပ်သမား ရပိုင်ခွင့်ထိခိုက်ဟု ပြည်ပရောက်ရှေ့နေ့အဖွဲ့ ဝေဖန်
ဥပဒေသစ်အရ အလုပ်သမား ရပိုင်ခွင့်ထိခိုက်ဟု ပြည်ပရောက်ရှေ့နေ့အဖွဲ့ ဝေဖန်

မကြာခင်က မြန်မာအစိုးရသမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေဟာ အလုပ်သမား အခွင့်အရေးတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေသာဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိ အလုပ်သမား အဖွဲ့အစည်းဥပဒေဟာ အခြား တည်ဆဲဥပဒေတွေရဲ့ လွှမ်းမိုးမှုကြောင့် အကောင်အထည်ဖော် အသက်သွင်းဖို့ ခက်ခဲလိမ့်မယ်လို့ ဥပဒေရှုဒေါင့်ကနေ ဝေဖန်သွားပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့အထိ တည်ဆဲဥပဒေဖြစ်ခဲ့တဲ့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေဟာ အခုအစိုးရက ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေထက် အဆများစွာ အလုပ်သမား အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်ပါတယ်။ သမ္မတဦးသိန်းစိန် လက်မှတ်ထိုးပြဌာန်းလိုက်တဲ့ အခု အလုပ်သမားအဖွဲ့အစည်း ဥပဒေထဲမှာတော့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂဥပဒေကို ရုပ်သိမ်းလိုက်ပြီလို့ ဖော်ပြပါတယ်။ တကယ်တော့ အခု ဖျက်သိမ်းလိုက်တဲ့ ဥပဒေကို ၁၉၆၂ ခုနှစ်ကစတဲ့ စစ်အစိုးရကာလတွေ တလျှောက်လုံး အလုပ်သမားတွေ မခံစားခဲ့ရပါဘူး။ ဒါကတော့ စစ်အစိုးရကာလတွေမှာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတယ်ဆိုတဲ့ ဖော်ပြချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ပြောပါတယ်။

အခုလက်ရှိပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေဟာလည်း လက်ရှိတည်ဆဲ ဥပဒေအချို့နဲ့ ညှိစွန်းမှုတွေ ရှိတာကြောင့် အကောင်အထည်ဖော်ဖို့ ခက်ခဲဦးမယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ဗွီအိုအေ မြန်မာပိုင်းကို ပြောသွားပါတယ်။

“၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်များအား ကာကွယ်သည့်ဥပဒေ၊ ၁၉၈၈ ခုနှစ် မတရားအသင်း အသင်းအဖွဲ့များဆိုင်ရာ ဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄)။ အဲဒီပြဌာန်းချက်တွေ ရှိသမျှကာလပတ်လုံး အဲဒီပြဌာန်းချက်တွေက လွှမ်းမိုးထားသမျှ ကာလပတ်လုံး ဒီပြဌာန်းချက်တွေအောက်မှာ လက်ရှိ အလုပ်သမားဥပဒေကို လည်ပတ်ရမယ်လို့ ဆိုနေသမျှ ကာလပတ်လုံး ဒီ အလုပ်သမားဥပဒေဟာ အလုပ်သမားတွေအတွက် ဘာမှလုပ်လို့မရတဲ့ ဥပဒေလို့ ကျနော်တို့က အကြမ်းဖျင်း သုံးသပ်ပါတယ်။”

တည်ဆဲရှိနေတဲ့ ဥပဒေတွေအရကို အခု အသစ်ပေါ်လာတဲ့ အလုပ်သမားအဖွဲ့အစည်း ဥပဒေက တကယ်တမ်း လက်တွေ့ အကောင်အထည်ဖော်ရင် အခက်အခဲ ရှိနေမယ့်သဘောပေါ့။ -

“အခက်အခဲ ရှိယုံတင်မကဘူးခင်ဗျ။ ဒီအလုပ်သမားဥပဒေက ပြည်တွင်းမှာရှိတဲ့လူထုကို လိမ်လည် လှည့်ဖျားဖို့ကော၊ အထူးသဖြင့် နိုင်ငံတကာကို၊ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကိုပါ မျက်လှည့်ပြဖို့လုပ်တဲ့ ဥပဒေဖြစ်တယ်။ တကမ္ဘာလုံးမှာရှိတဲ့ အလုပ်သမား ဥပဒေတွေမှာ ကျနော် လက်လှမ်းမီသလောက်ပေါ့ဗျာ၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်က အတည်ပြုထားတဲ့ ILO Convention 87 မှာ ဆန္ဒပြခွင့်ဆိုတာကို အထူးတလည် ထည့်ရေးစရာကို မလိုဘူး။ အစိုးရပြဌာန်းချက် ဆိုတာကို သေချာပြန်ကြည့်ပါ။ ဆန္ဒပြခွင့်ဟာ အဓိကဆန္ဒပြကြမှာက အလုပ်ရှင်တွေကိုဖြစ်တယ်။ တကမ္ဘာလုံးမှာ လေ့လာကြည့်ပါ။ အလုပ်သမား သမဂ္ဂတိုင်းဟာ ဆန္ဒပြခွင့်ရှိတယ်။ အဲဒါက အလုပ်ရှင်တွေကိုသာမကဘဲနဲ့ သူတို့အခွင့်အရေးကို ဆန့်ကျင်တဲ့ ဘယ်သူ့ကိုမဆို ကန့်ကွက်ဆန္ဒပြခွင့်ရှိတယ်။ အစိုးရကိုလည်း ကန့်ကွက်ဆန္ဒပြခွင့် ရှိတယ်။”

ဒါပေမဲ့ အခု ဥပဒေတစ်ရပ် ထွက်လာပြီး အလုပ်သမားအဖွဲ့အစည်းတွေ အနေနဲ့ တရားဝင် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့ ဥပဒေ ပြဌာန်းချက်ပေါ်လာတော့ အရင်တုန်းက ဖွဲ့စည်းခွင့်မရတာထက်စာရင် အခုလို ဥပဒေတစ်ရပ် အနေနဲ့ တိတိကျကျ ဖွဲ့လို့ရပြီဆိုတဲ့ အခြေအနေကတော့ ပိုပြီးတော့ သူတို့အတွက် ကောင်းမလာနိုင်ဘူးလား။ -

“အဲဒါ ပြဿနာက ဘာလဲဆိုတော့ ဥပဒေ စိုးမိုးရေးပြဿနာ ဖြစ်တယ်။ အခုမှ သူတို့က ဖျက်သိမ်းလိုက်တဲ့ ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေကို ဘာကြောင့် အသက်သွင်း အကောင်အထည်ဖော်လဲ။ ဥပဒေက ရှိနေတာဖြစ်တယ်။ ဥပဒေ မရှိတာမဟုတ်ဘူး။ အခုမှ သူတို့က ဖျက်သိမ်းလိုက်တာဖြစ်တယ်။ ဥပမာတစ်ခု ကျနော် ပြောပြမယ်။ ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေမှာ အလုပ်သမားသမဂ္ဂတွေဟာ သူ့ရည်မှန်းချက်တွေအတွက် သီးခြား ရန်ပုံငွေ တည်ထားခွင့်ရှိတယ်။ ဆိုလိုတာက လွှတ်တော်အမတ်အဖြစ်နဲ့ အရွေးခံတဲ့ကိစ္စတွေမှာတောင်မှ အလုပ်သမား သမဂ္ဂတွေက သူ့ရန်ပုံငွေတွေကို သုံးခွင့်ရှိတယ်။ နိုင်ငံရေးအရ ဆက်စပ်လှုပ်ရှားခွင့် ရှိတယ်။ မူလဥပဒေဟောင်းကို အကောင်အထည် ဖော်လိုက်လို့ရှိရင် အလုပ်သမား သမဂ္ဂတွေဟာ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားတဲ့အဆင့်ကို ရောက်သွားမယ်။ လက်ရှိအစိုးရက ဒါကိုမလိုချင်ဘူး။ အဲဒီတော့ ဒီဥပဒေဟောင်းကို အသက်မသွင်းတော့ဘဲနဲ့ အခု ဥပဒေသစ်ကို ပြဌာန်းလိုက်တယ်။ အဲဒီဥပဒေသစ်ထဲမှာ ပြန်ကြည့်ပါ။ အလုပ်သမားသမဂ္ဂတွေဟာ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းခွင့်၊ အလုပ်ရှင်တွေနဲ့ အရေးဆိုခွင့်၊ အလုပ်ရှင်တွေကို ဆန္ဒပြခွင့် ဒါတွေကိုသာ ဇောင်းပေး ဖော်ပြထားပြီးတော့ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်၊ နိုင်ငံရေးနဲ့ ဆက်စပ်ပါဝင် ပတ်သက်ခွင့်၊ အစိုးရကို ဆန္ဒပြခွင့် ဆိုတာတွေကို ထည့်သွင်းမထားဘူး။ ဆိုတော့ ခုနကရှိထားပြီးသား ဥပဒေဟောင်း၊ ဒီထက် အဆတစ်ရာကောင်းတဲ့ ဥပဒေဟောင်းတွေကို အသက်မသွင်းဘဲနဲ့ ဥပဒေသစ် ဖော်ပြလိုက်တာက ဥပဒေအရ မျက်လှည့်ပြတာ ဖြစ်တဲ့အပြင် ဥပဒေအရ ထိန်းချုပ်ဖို့ကြိုးစားတာလို့ ကျနော်တို့ သုံးသပ်လို့ရတယ်။”

အခု အသစ်ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်းဥပဒေထဲမှာ အဖွဲ့အစည်း ဖွဲ့စည်းခွင့် အလုပ်ရှင်တွေကို သပိတ်မှောက် ဆန္ဒပြခွင့်တွေ ထည့်သွင်းပေမဲ့ အဲဒီမှာ ကန့်သတ်ချက်တွေတော့ တွေ့ရပါတယ်။ အထူးသဖြင့် ဆန္ဒပြခွင့်ဆိုတဲ့နေရာမှာ ဆန္ဒမပြခင် အနည်းဆုံး ၁၄ ရက်ကြိုတင်ပြီး အလုပ်ရှင်နဲ့ သက်ဆိုင်ရာ ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ကို အကြောင်းကြားရမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ဥပဒေနဲ့ဆန့်ကျင်တဲ့ သပိတ်မှောက် ဆန္ဒပြမှုဆိုတာ သတ်မှတ်ထားပြီး ဒါတွေကို ချိုးဖောက်ရင် ဆန္ဒပြအလုပ်သမားတွေကို ငွေဒဏ်ရော ထောင်ဒဏ်ပါ အပြစ်ပေးနိုင်တယ် ဆိုတဲ့အချက်ပါ ပါဝင်ပါတယ်။ တဘက်မှာတော့ အလုပ်သမား သမဂ္ဂတွေအနေနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့တွေနဲ့ ဆက်ဆံခွင့် ပေးထားပါတယ်။ အလုပ်ရှင် အလုပ်သမားပြဿနာမှာလည်း အလုပ်သမား သမဂ္ဂအနေနဲ့ ကိုယ်စားပြုပြီး ပါဝင်ခွင့် ပေးထားတာတွေကို တွေ့ရပါတယ်။

XS
SM
MD
LG