သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြှုပ်မိုင်းနဲ့ ဗုံးကြောင့် မြန်မာနိုင်ငံတွင်း မသန်စွမ်းဦးရေတိုးလာ


မြန်မာမှာ မြေမြှုပ်မိုင်း သုံးစွဲမှုတိုးလာ
မြန်မာမှာ မြေမြှုပ်မိုင်း သုံးစွဲမှုတိုးလာ

မြေမြှုပ်မိုင်းနဲ့ ဗုံးဆံတွေကြောင့် မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ တိုးလာနေတယ်လို့ ပဋိပက္ခနဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတွေက ဒီဇင်ဘာလ ၃ ရက်နေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ သတိပေးလိုက်ပါတယ်။

စစ်ပွဲပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ မသန်စွမ်းဦးရေ သိသိသာသာ တိုးလာနေတယ်လို့ မြေမြှုပ်မိုင်းအသုံးပြုမှု ဆန့်ကျင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ကရင်နဲ့ ကရင်နီဒေသကို အခြေခံပြီး ကောက်ယူထားတဲ့ စာရင်းတချို့အရဆိုရင် ၂၀၂၁ မတိုင်ခင်က အဲဒီဒေသတွေမှာ မသန်စွမ်းဖြစ်မှုက ၄.၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အခု ၂၀၂၃-၂၀၂၄ မှာ ၈၀.၄ ရာခိုင်နှုန်းအထိ ဖြစ်ပွားနှုန်း တက်လာတာပါ။ ထက်ဝက်လောက်က မြေမြှုပ်မိုင်းကြောင့်ဖြစ်ပြီး ကျန်တဲ့မသန်စွမ်းဖြစ်မှုတွေက သေနတ်ကျည်မှန်တာ၊ လက်နက်ကြီးထိမှန်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

အလားတူအခြေအနေကို ပဋိပက္ခဖြစ်ပွားနေတဲ့ ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ ကချင်နဲ့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်တွေမှာလည်း တွေ့နေရတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံဟာ ကြောက်စရာကောင်းလောက်တဲ့ မြေမြှုပ်မိုင်းရဲ့ အန္တရာယ်နဲ့ ကြုံနေရပြီလို့ မတူပီမြို့နယ်ရဲ့ သပိတ်နဲ့ CDMခေါင်းဆောင် ဆရာခိုင်ဆာက ဗွီအိုအေကို ပြောပါတယ်။ အကြောင်းကတော့ စစ်ကောင်စီကလည်း မြေမြှုပ်မိုင်းကို အဓိကသုံးစွဲနေသလို တော်လှန်ရေး အင်အားစုတွေကလည်း စစ်ကောင်စီကိုတန်ဖြန်ဖို့ မြေမြှုပ်မိုင်းကို သုံးနေတာကြောင့်လို့ ဆရာခိုင်ဆာက ပြောပြပါတယ်။

" နွေဦးတော်လှန်ရေးကာလ အစပိုင်းမှာ local PDF တွေ၊ EAO တွေကို စစ်ကောင်စီတွေက ထိုးစစ်ဆင်တဲ့ပုံစံ တွေ့တဲ့အခါမှာ အဲဒီဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တွေက သူတို့ရဲ့ စခန်းပတ်လည်မှာ စစ်ကောင်စီ ထိုးစစ်ဆင်နိုင်တဲ့ လမ်းကြောင်းတွေမှာ မြေမြုပ်မိုင်းတွေကို မြှုပ်ထားတာတွေ့ရတယ်။ ပြန်မဖြုတ်နိုင်တဲ့ အနေအထားတွေရယ် မေ့သွားတဲ့ အနေအထားတွေရယ် ဥပမာ မြေမြှုပ်မိုင်းကို ထောင်ထားတဲ့ တပ်ဖွဲ့ဝင်က သေဆုံးသွားရင် မြှုပ်တဲ့နေရာတွေ မသိတဲ့အခါကြတော့ ပြန်မဖြုတ်သွားတဲ့ အပိုင်းတွေရှိတယ်။ အဲဒီမှာ တော်တော်လေး ပြည်သူလူထုကို ထိခိုက်တာ တွေ့ရတယ်။"

တချို့နေရာတွေမှာ ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်း မသင့်မြတ်တဲ့အခါမျိုးမှာလည်း မြေမြှုပ်မိုင်းတွေကို အပြန်အလှန် အသုံးပြုနေကြတယ်လို့ သူကပြောပါတယ်။ တချို့နေရာတွေမှာ စစ်ကောင်စီရဲ့ မိုင်းတွေ ကျန်ရှိနေသလို လက်လုပ်မိုင်းတွေလည်း အများအပြား ရှိနေပါတယ်။ ဒါတွေကို သေချာ အလေးထားပြီး သုံးသပ်ဖို့လိုကြောင်း ဆရာခိုင်ဆာက ပြောပါတယ်။

"ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မြေမြှုပ်မိုင်းအပေါ်မှာ အသုံးပြုမှုပုံစံတွေ၊ မူဝါဒတွေ သူတို့က ပြန်လည်သုံးသပ်ပြီး စနစ်တကျနဲ့ အသုံးပြုဖို့ အတော်လေးအရေးကြီးလာတယ်လို့ မြင်တယ်။ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ပြည်သူလူထု ထိခိုက်မှုမရှိအောင် သူတို့ ကာကွယ်ရေးတပ်ဖွဲ့တွေ ကိုယ်တိုင်က စနစ်တကျ အသုံးပြုတတ်ဖို့ သင်တန်းတွေပေးဖို့ လိုသလို တပ်တွင်းမှာလည်း အတော်လေး စည်းနဲ့ကမ်းနဲ့ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။"

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ရဲ့ အခုနှစ် ဆောင်ပုဒ်ကတော့ "အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ အနာဂတ်ဖြစ်ဖို့ မသန်စွမ်းသူတွေရဲ့ ဦးဆောင်မှုကို မြှင့်တင့်ပေးကြစို့" ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ ဗုံးတွေကြောင့် မြန်မာနိုင်ငံအနှံ့မှာ လူသေဆုံးမှုနဲ့ အရပ်သားထိခိုက်မှုတွေ များလာနေပါတယ်။ ၂၀၂၃မှာ မြေမြှုပ်မိုင်းတွေကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၁,၀၅၂ ယောက် ထိခိုက်၊ သေဆုံးခဲ့ပါတယ်။ အဲဒီအထဲမှာ ၂၀ရာခိုင်နှုန်းက ကလေးတွေဖြစ်တယ်လို့ UNICEF က နိုဝင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အာဖဂန်နစ္စတန်နဲ့ ဆီးရီးယားလို နိုင်ငံတွေကို ကျော်တက်ပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်၊ သေဆုံးရသူအများဆုံး စာရင်းထဲကို ဝင်ခဲ့တာပါ။

ဒေသတွင်းမှာတော့ မြန်မာ၊ လာအို၊ ဗီယက်နမ်နဲ့ စင်္ကာပူနိုင်ငံတွေဟာ မိုင်းအသုံးပြုမှု တားမြစ်ထားတဲ့ နိုင်ငံတကာ စာချုပ်တွေကို ဒီနေ့အထိ လက်မှတ်ရေးထိုးထားတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG