သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းအရေး သေချာဆောင်ရွက်ဖို့ အစိုးရကော်မရှင်ကို ဆန္ဒပြတောင်းဆို


Latpadaung copper mine protest match, September 29, 2013 photo by activists
Latpadaung copper mine protest match, September 29, 2013 photo by activists
လက်ပံတောင်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီက လက်ပံတောင်းကြေးနီစီမံကိန်း အရေးဆောင်ရွက်တဲ့နေရာမှာ သိသိသာသာ ဆောင်ရွက်မှု မရှိတဲ့အတွက် ဒေသခံတွေက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေကို တကျော့ပြန်စတင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ လက်ပံတောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တချို့ကလည်း အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီရဲ့ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမှု မရှိဘူးဆိုပြီး ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ လက်ပံတောင်းအရေး သတင်းရယူထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင်ဒေသမှာ ကြေးနီစီမံကိန်းကို အောက်တိုဘာလ ၁ ရက်နေ့မှာ ပြန်လည် စတင်လုပ်ဆောင်တော့မှာကို ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာပါ။ လက်ပံတောင်းစီမံကိန်း ပြန်လည်စတင်မှာကို မလိုလားတဲ့ ဒေသခံ ၁၀၀၀ လောက်က စီမံကိန်းလုပ်ဆောင်နေတဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီနားမှာ စက်တင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၃ နာရီကနေ ၅ နာရီအထိ ဆန္ဒပြခဲ့တယ်လို့ လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသခံတွေ အနေနဲ့ ဒီကနေ့မှာ တစ်ကျော့ပြန် ဆန္ဒထုတ်ဖော်တာဟာ လက်ပံတောင်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ရတဲ့ ကော်မတီက လက်ပံတောင်း-ကြေးနီစီမံကိန်း အရေးဆောင်ရွက်တဲ့နေရာမှာ သိသိသာသာ လုပ်ဆောင်တာမရှိတဲ့အတွက် ဖြစ်တယ်လို့ ကိုဟန်ဝင်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်တွေကို ၆ လအတွင်းမှာ လက်ပန်းတောင် လုပ်ငန်းကော်မရှင်က အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိဘဲနဲ့ မြေသိမ်း ယာသိမ်းနဲ့ ပြည်သူကို တောက်လျှောက်လိမ်လည်ပြီးတော့ ဖိနှိပ်လာတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ အဓိက-ကတော့ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ တင်ပြချက်တွေဖြစ်တဲ့ လယ်တီသိမ်ကို ရွှေ့ပြောင်းပေးရေး၊ စာချုပ်သစ်ကို ချုပ်ဆိုပြီး ပြည်သူကို ချပြနိုင်ရေး၊ အစားထိုး မြေဧရိယာဖော်ဆောင်ပေးရေး အစရှိတဲ့အချက်တွေကို တခုမှ လုပ်ဆောင်ပေးခြင်းမရှိဘဲနဲ့ ၆ လအတွင်းမှာ ပြည်သူလူထုရဲ့ လယ်တွေကို သိမ်းတာတွေ၊ ပုဒ်မ ၁၄၄ ထုတ်တာတွေသာ လုပ်လာတဲ့အတွက် ၆ လအတွင်းမှာ ပြည်သူလူထုရဲ့ ခံစားသည်းခံတာတွေကို ဘောင်ကျော်လာတဲ့အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်တယ်။”

လက်ပံတောင်းတောင်အနီးမှာရှိတဲ့ ဇီးတော၊ ဆည်တဲရွာဟောင်းဘက်မှာလည်း လက်ပံတောင်းတောင် ကန့်ကွက်ဆန္ဒပြသူတွေကို စောင့်ကြည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်အင်အားကိုလည်း အာဏာပိုင်တွေက တောက်လျှောက် တိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်က တင်ပြထားတဲ့ လက်ပံတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်သင့်တဲ့ အချက်တွေကို အကောင်အထည်ဖော်ရေးကော်မတီက ပွင့်လင်းမြင်သာမှု မရှိဘူးလို့ လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

“တကယ်တန်းတော့လည်း အကောင်အထည်ဖော်တဲ့ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေက ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ကြောင့် ဒီကနေ့ ဒီကိစ္စတွေ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။ ကျမတို့ ကော်မရှင်အနေနဲ့ကတော့ ပြီးပြည့်စုံတဲ့ အစီရင်ခံစာတရပ်ကို တင်သွင်းပြီးသွားပါပြီ။ အဲဒီတော့ အကောင်အထည်ဖော်ရေး ကော်မတီကလည်း ဒီအစီရင်ခံစာကြောင့် ပေါ်ပေါက်လာခဲ့ရတဲ့ကော်မတီလည်းဖြစ်တယ်။ ဒီအစီရင်ခံစာမှာပါတဲ့ အချက်တွေကို ကော်မတီအနေနဲ့က ဆက်လက်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆက်လက်ဆောင်ရွက်တဲ့နေရာမှာလည်း ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိဖို့လည်း လိုပါတယ်။ ဘယ်အချက်တွေကိုတော့ ဆောင်ရွက်နေတယ်။ ဘယ်အချက်တွေကိုတော့ ဘယ်လိုလုပ်မယ်ဆိုတာလည်း ပြည်သူလူထုကို ယခုအချိန်အထိ ပွင့်ပွင့်လင်းလင်း ချပြထားတာ ဘာမှ မရှိပါဘူး။”

လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်က သမ္မတကို အစီရင်ခံစာ တင်ပြခဲ့တဲ့အထဲမှာ လက်ပံတောင်းတောင်ဒေသမှာ ရှိတဲ့ လယ်တီ ဆရာတော်ဘုရားကြီးရဲ့ သိမ်ကျောင်းကို ထိန်းသိမ်းဖို့ ပါရှိခဲ့ပေမဲ့လည်း အမှန်တကယ်မှာတော့ လယ်တီဆရာတော်ကြီးရဲ့ သိမ်ကျောင်းကို ထိန်းသိမ်းမှု လုံးဝမရှိဘူလို့လည်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ လက်ပံတောင်းတောင ်ကြေးနီတူးဖော်ရေး လုပ်ငန်းတွေ ပြန်လည် စတင်တော့မှာ ဖြစ်တဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့မှာပဲ မန္တလေးမြို့က လူထုနဲ့ သံဃာတော်တွေဟာ လက်ပံတောင်းတောင်ဒေသ လယ်တီဆရာတော်ဘုရားကြီးရဲ့ သိမ်ကျောင်းကို ထိန်းသိမ်းဖို့ မုံရွာမြို့အထိ လမ်းလျှာက်ချီတက် ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

ခြေလျင်လမ်းလျှောက် ဆန္ဒထုတ်ဖော်နေတဲ့သူတွေကို အခုလို လမ်းလျှောက်တာ ဟာ ဥပဒေနဲ့မကိုက်ညီလို့ ရပ်တန့်ပေးဖို့ လမ်းခရီး တစ်လျှောက်မှာ အာဏာ ပိုင်တွေတားဆီးပေမဲ့ ဆန္ဒထုတ်ဖော်သူတွေကတော့ ခရီးဆက်နေတယ်လို့ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးစန္ဒာသီရီက မိန်ု့ပါတယ်။

လက်ပံတောင်း စီမံကိန်းနဲ့ပတ်သက်တဲ့ မြန်မာစီးပွားရေး ဦးပိုင်လိမီတက်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့အကြား အသစ်ပြန်လည်ချုပ်ဆိုတဲ့ စာချုပ်တွေမှာ ပြည်သူတွေသိအောင် ပွင့်ပွင့်လင်းလင်း ချပြပြောဆိုတာတွေ လုံးဝ မလုပ်ဘူး လို့လည်း ဒေါ်ခင်စန်းလှိုင်က ဝေဖန် ပြောဆိုပါတယ်။
အစိုးရ အာဏာပိုင် အများအပြားနဲ့ ဖွဲ့စည်းထားတဲ့အစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကတော့ သူတို့အနေနဲ့ လုပ်ငန်း တွေ ဆောင်ရွက်တဲ့နေရာမှာ ပွင့်ပွင့်လင်းလင်းဆောင်ရွက်ခဲ့တဲ့အကြောင်း ကော်မတီရဲ့အတွင်းရေးမှူး ဦးတင်မြင့်က ပြောပါတယ်။

“အကောင်အထည်ဖော်ရေး ကော်မတီအနေနဲ့ ဆောင်ရွက်ချက်တွေကို သတင်းတွေ ထုတ်ပြန်ပေးပါတယ်။ တဘက်က ပြောတာလည်း ပြောတာပဲ၊ သို့သော်လည်း ကျနော်တို့ဘက်ကတော့ အားလုံးပွင့်လင်းစွာနဲ့ပဲ ဆောင်ရွက်ပါတယ်။ နောက်တစ်ခါ ဘာသာ၊ သာသနာနဲ့ ပတ်သက်ပြီးတော့ လည်း ကျနော်တို့ ဆောင်ရွက်ပေးနေတဲ့ သာသနိကအဆောက်အဦးများ ရွှေ့ပြောင်းခြင်းနဲ့ -- အဖွဲ့ဆိုပြီးတော့ ဒါတွေဟာ ဒေသခံလူထုပါ ပါပြီးတော့ အားလုံး ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ လုပ်နေတာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလတုန်းကတော့ ဒီဒေသမှာ စီမံကိန်းတွေ လုံးဝရပ်ဆိုင်းပေးဖို့ ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်းဆိုခဲ့ကြတာကို ဒေသအာဏာပိုင်တွေက ဖော့စ်ဖရပ်ပါတဲ့ မီးလောင်ဗုံးတွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့တာပါ။

အဲဒီလို ကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာတော့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သတ်တဲ့ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဒေါ် အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးနောက်မှာတော့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တစ်ရပ်ကို အများပြည်သူကို ချပြခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ လုပ်ငန်း ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပေးခဲ့တာပါခင်ဗျာ။
XS
SM
MD
LG