သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းပစ်ခတ်မှု ဒေသခံတွေ သတင်းစာရှင်းလင်း


လက်ပံတောင်းပစ်ခတ်မှု ဒေသခံတွေ သတင်းစာရှင်းလင်းပွဲ။ (ဧပြီ ၂-၂၀၁၇)
လက်ပံတောင်းပစ်ခတ်မှု ဒေသခံတွေ သတင်းစာရှင်းလင်းပွဲ။ (ဧပြီ ၂-၂၀၁၇)

ပြီးခဲ့တဲ့မတ်လကုန်ပိုင်းက သေနတ်နဲ့ ပစ်ခတ်မူတွေဖြစ်ပွားတဲ့အထိ တင်းမာမူတွေဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့ ဒေသခံတွေက ဧပြီလ၂ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအတိုင်း လိုက်နာမူ မရှိတာ အပါအဝင် ပစ်ခတ်မူတွေ အတွင်းမှာ ရာဘာကျည်ဆန်တွေသာမက ခဲထိပ်ဖူးနဲ့ကျည်ဆန်တွေကိုပါ အသုံးပြုပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် အသုံးပြုမယ့် ကျောက်သယ်ဆောင်တဲ့ ကားတွေကို ဒေသခံတွေက တားဆီးရာကနေ သေနတ်နဲ့ပစ်ခတ်တွေဖြစ်ပွားခဲ့ပြီး တဲ့နောက်မှာတော့ ဒေသခံတွေက သတင်းစာရှင်းလင်းပွဲကို ဧပြီလ၂ရက်နေ့မှာ လုပ်ခဲ့တာပါ။

သူတို့ကို ပစ်ခတ်မူတွေမှာ ရာဘာကျည်ဆန်တွေသာမက ခဲထိပ်ဖူးနဲ့ ကျည်ဆံတွေကိုပါ အသုံးပြုခဲ့ကြောင်း ကျည်ဆန်ခွံတွေကိုပြသပြီး သတင်းစာ ရှင်းလင်းခဲ့တယ်လို့ ဒေသခံတောင်သူတဦးကပြောပြပါတယ်။

“သူတို့ရဲ့ခြောက်လုံးပြူးနဲ့ပြည်သူလူထုကို တည့်တည့်မတ်မတ် ပစ်ပါတယ်ဆိုတာကို ကျမတို့ ရှင်းလင်းပြောကြားခဲ့တယ်။ သူတို့ပစ်ခတ်တဲ့ကျည်ဆန်က ရာဘာကျည်ဆန် တင်မဟုတ်ဘူး။ ခဲအဆိပ်သင့်တဲ့ကျည်ဆန်တွေလည်းပါတယ် အဲ့တာတွေကို သတင်းစာသမားတွေကို ပုံတွေရော ကျည်ဆန်တွေပါ ချပြပြီးတော့ ရှင်းလင်းခဲ့ပါတယ်။”

ဆားလင်းကြီးမြို့နယ်ရဲ့အာဏာပိုင်တွေနဲ့ အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ပြီးခဲ့တဲ့အပတ်က သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ဒေသခံတွေကို ဘက်က လောက်လေးခွနဲ့ စတင်ပစ်ခတ်တာကြောင့် သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်တာလို့ ရှင်းလင်းခဲ့ပြီး ဒေသခံ ၅၀ထက်မနည်းကို ပုဒ်မ၄ခုနဲ့ တရားစွဲဆိုထားတယ်လို့ပြောဆိုထားပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ အတိုင်း ကုမ္မဏီတွေက လိုက်နာမှု မရှိတာကိုလည်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

“ စုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာ အကြံပြုချက်အတိုင်းကို ဝမ်ပေါင်ကုမ္မဏီက ချိုးဖောက်နေတယ်။ အစားထိုးမြေဧက ထောင့်ကိုးရာကို ယနေ့အချိန်အထိ ဖော်ဆောင်ပေးခြင်း မရှိပဲနဲ့ စီမံကိန်းကြီးကို လည်ပတ်နေတယ်။ ဒေါ်စု အစီရင်ခံစာထဲက ကိုယ့်ရဲ့လယ်ယာမြေကို ရောင်းချလိုက ရောင်းချနိုင်တယ်။ မရောင်းလိုကလည်း မရောင်းနိုင်ဘူးလို့ပြောကြားခဲ့တာကိုလည်း ကျမတို့ရှင်းလင်းပြောကြားတယ်ရှင့်။ အဲ့တာကိုမှ သူတို့က ဝမ်ပေါင်ကုမ္မဏီက ကျမတို့မြေယာတွေကို တဧကကို ၁၈သိန်းပေးပြီးတော့ မတရားသိမ်းပိုက်ယူနေတယ်။ ကျမတို့ ကျောက်သယ်တဲ့ဟာကိုလည်း တားချင်လို့တားတာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ အစီရင်ခံစာကို ချိုးဖောက်နေခြင်းအတွက် တားရခြင်းဖြစ်ပါတယ်။ “

တုံရွာ၊ မိုးကြိုပြင် ဆည်တဲ စတဲ့ကျေးရွာကတောင်သူတွေအနေနဲ့ သီးနှံနစ်နာကြေးတောင်းရတာဟာ လုပ်ကိုင်စားသောက်လို့မရအောင် စီမံကိန်းကမြေသိမ်းတာ စွန့်ပစ်မြေစာတွေ ပုံတာတွေ နဲ့ လယ်တွေ ပျက်ဆီးတာတွေကြောင့်ဖြစ်တယ်လို့လည်းပြောသွားပါတယ်။

“ဆည်တဲ မိုးကြိုပြင်ဘက်က ၂၀၁၂ ကတည်းက အဆောက်အဦးတွေ ဆောက် ကတည်းက လုပ်မရဘူး။ ကျမတို့ ဆုံတောကျတော့ ၂၀၁၄ကတည်းကနေ သွပ်ဆူးကြိုးတွေ ကာသွားတဲ့အတွက် လယ်ယာမြေတွေကို စိုက်ပျိုးလို့ လုံးဝမှ မရသည့်အတွက် အဲ့တော့ ကျမတို့ တောင်သူလယ်သမား ဆိုတာက တောင်သူ လယ်ယာမြေကို အမှီပြုပြီးတော့ မှီခိုစားသောက်နေရတာ။”

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမူရှိဖို့ နဲ့ဒေသခံတွေ သဘောမတူပဲ ဒီစီမံကိန်းကို မလုပ်ဖို့ ဒေသခံတွေရဲ့မြေယာတွေသိမ်း ပြီး လုပ်ဆောင်နေတဲ့ စီမံကိန်းကို ဒေသခံတွေရဲ့ကန့်ကွက်မူတွေ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲတွေ လူအခွင့်ရေးအဖွဲ့တွက ဝေဖန်မှုတွေရှိနေပေမဲ့ လက်ရှိအစိုးရသစ် လက်ထက်မှာ ဖြေရှင်းပေးနိုင်တာတွေ အားနည်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကုန်ပိုင်းတုန်းကတော့ ဆားလင်းကြီးပြည်သူလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းသိန်းဇော်က လွတ်တော်မှာ လက်ပံတောင်းအရေးနဲ့ ပတ်သက်လို့တင်ပြဆွေးနွေးရာမှာ စုံကော် အစီရင်ခံစာအတိုင်း ဒေသခံတွေအတွက် စိုက်ပျိုးလုပ်ကိုင်လို့ရမယ့်မြေယာဧကတွေကို ပြန်ပေးဖို့ကိုလည်း တင်ပြခဲ့တယ်လို့ပြောပါတယ်။

“သူတို့က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံတွေကို ၈၈ ရာခိုင်နှုန်း လုပ်ပြီးပါပြီလို့ ပြောနေတယ် ၊ ကျန်တဲ့ဟာတွေကတော့ အခု လုပ်လို့မရသေးဘူး နောက်မှ လုပ်မယ်လို့ပြောနေတယ်။ အဲဒီတော့ ကျနေ်ာက ဘာပြန်ပြောသလဲဆိုတော့ ဧက ၁၉၀၀ စိုက်ပျိုးမြေလျော်ပေးမယ်ဆိုတာက ဒီမြေဧက ၁၉၀၀ က ဘာမှ သုံးလို့မရလို့ မြေသြဇာညံ့လို့ မြေလွှတ်တွေ ဖြစ်နေတာ အဲဒါကို ဘယ်သူမှ မပိုင်တဲ့မြေဆိုပြီးတော့ ကုမ္ပဏီ က ခင်ဗျားတို့ ဒါယူကြဆိုပြီးတော့ လက်ညှိးထိုးပြောလိုက်သေးတယ်။ ကျနော်တောင် ဟိုနေ့က ပြောလိုက်သေးတယ်၊ ဒီဟာက လေနဲ့ပေး လေနဲ့ယူတဲ့သဘောမျိုးပဲလို့။

လက်ပံတောင်းတောင်ကိစ္စကတော့ တင်းမာမူတွေဖြစ်တာ ၆နှစ်ခန့်ရှိပြီဖြစ်ပေမဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ကတော့ ဖြေရှင်းဖို့အခက်အခဲရှိနေတာကြောင့် ဒီ်ကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကို တင်ပြီး ဆုံးဖြတ်ရမယ်လို့ လည်း စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက လွှတ်တော် ကိုယ်စားလှယ်တွေကပြောပြကြ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG