သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းကြေးနီစီမံကိန်း ကျောက်သယ်ထုတ်လုပ်မှု ပိတ်ပင်


လက်ပံတောင်းကြေးနီစီမံကိန်း ကျောက်သယ်ထုတ်လုပ်မှု။
လက်ပံတောင်းကြေးနီစီမံကိန်း ကျောက်သယ်ထုတ်လုပ်မှု။

သေနတ်နဲ့ ပစ်ခတ်မှုတွေဖြစ်ပွားတဲ့အထိ တင်းမာမူတွေဖြစ်ပွားခဲ့ပြီး ၂ရက်အကြာ မှာတော့လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ အသုံးပြုတဲ့ကျောက် ကျောက်သယ်ဆောင်တဲ့ ကားတွေကို ကျောက် ထုတ်လုပ် သယ်ယူခွင့် ခွင့်ပြုချက်မရပဲ သယ်ဆောင် ထုတ်ယူမူတွေ လုပ်တာကြောင့်ဆိုပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ညွန်ကြားချက်အရ ကျောက်သယ် ထုတ်လုပ်မူတွေကို အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာသတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လုပ်ငန်းခွင်သုံးကားတွေ ကျောက်သယ်ဆောင်တဲ့ ကားတွေကို ဖေဖေါ်ဝါရီ ၂၁ရက်နေ့ကတည်း ဒေသခံတွေက တားဆီးထားပြီး ထွက်ခွာခွင့်မပေးတာကြောင့် အစိုးရပိုင်း ကတာဝန်ရှိသူတွေက လာရောက် ညှိနှိုင်းပေးခဲ့ရတဲ့အထိ တင်းမာမူဖြစ်ခဲ့တာပါ။

အဲ့ဒီလိုဖြစ်ခဲ့ပြီ်း တလကျော်ကြာတဲ့အချိန် မတ်လ၂၄ရက်နေ့ သောကြာနေ့ကတော့ ကျောက်သယ်ဆောင်တဲ့ ကားတွေကို ဒေသခံတွေက တားဆီးရာကနေ နှစ်ဖက်တင်းမာမူဖြစ်ပြီး သေနတ်တွေနဲ့ပစ်ခတ်မူတွေဖြစ်ခဲ့ပါတယ်။

ဒီအတွက် တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းမူတွေကို ပျက်ပြားစေတယ် ဆိုပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရ ဲ့ညွန်ကြားချက်အရ ကျောက်သယ်ထုတ်လုပ်မူတွေကို မတ်လ ၂၆ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်ကပြောပါတယ်။

“တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ပိတ်တာပါ။ နဂိုကတည်းကလည်း ပြသနာတွေတက်ပြီး ကျနော်တို့ ညှိနှိုင်းမှုတွေ လုပ်ခဲ့ရတာကိုး။ ၂၅ရက်နေ့က တိုင်းဒေသကြီးအစိုးရရုံးမှာလေ။ ဒေသခံတွေက ကားအစီးရေ ၄၊ ၅၀၀ ကို တနေ့ ခြောက်ခေါက်လောက်ဆွဲတော့ ၂၅၀၀၊ ၃၀၀၀ လောက် အသွားအပြန်ပေါ့။ ဒီလမ်းကြီးက ဒေသခံတွေမှာ ပိတ်ဆို့ပြီးတော့ နွားတိုက်လိုက်၊ ပေါင်တွေကို ကျောက်တွေက လာ မှန်လိုက်နဲ့ ကျိုးလိုက် နောက် ဆိတ်တွေ သွားတိုက်လိုက် အဲ့လိုပြသနာတွေနဲ့ကြုံကြိုက်ရတယ်နော်။ ကျန်တဲ့ အများပြည်သူ ခရီးသွားတဲ့သူတွေသည် ပုသိမ်မုံရွာလမ်းမှာ ပိတ်ဆို့မှုတွေရော နောက် ရွာက ထွက်တဲ့အခါမှာ ရွာသူရွာသားတွေက ဒီကားတွေက ဝေါ၊ ဝေါ နဲ့ဆိုတော့ ဘာပဲပြောပြော စိုးရိမ်ကြောင့်ကြမှုတွေနဲ့ ပွတ်တိုက်တာတွေနဲ့ဆိုရင် ဒီအတိုင်း မဖြစ်ပါဘူးလို့ ပြောပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ဒါကို မဆွဲသင့်ဘူးပေါ့။”

ပြီးခဲ့တဲ့ရက်က ဒေသခံတွေနဲ့လုံခြုံရေးရဲဝန်ထမ်းတွေကြားမှာ သေနတ်တွေနဲ့ပစ်ခတ်တာ ၊လေးခွတွေနဲ့ ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး နှစ်ဖက်ဒဏ်ရာရခဲ့တာပါ။ ဒီထဲမှာကျေးရွာသား ၁၀ဦးခန့်ကတော့ ရာဘာကျည်များ ထိမှန်ခဲ့ပါတယ်။ ဒီအတွက် ဒေသခံတွေက မတ်လ ၂၅ရက်နေ့က သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်ခဲ့ရာကနေ ကျောက်သယ်ကားတွေကို အကန့်အသတ်မရှိ ပိတ်သိမ်းလိုက်တဲ့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကြောင့် သူတိုရဲ့သပိတ်စခန်းကိုလည်း မတ်လ ၂၆ရက်နေညနေမှာ ရုပ်သိမ်းခဲ့တယ်လို့ပြောပါတယ်။

“ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းရဲ့လက်မှတ်ပါတယ်။ အဲ့တာကြောင့် သပိတ်စခန်းကို ခေတ္တ ခဏ ယာယီရုပ်သိမ်းလိုက်တာပါ။

ဒေသခံတွေ တောင်းဆိုတာကတော့ ကြေးနီ စီမံကိန်းကြောင့်နစ်နာရတဲ့ သီးနှံလျော်ကြေးကိစတွေနဲ့ မြေယာနစ်နာကြေးကိစ္စတွေကို ဖြေရှင်းပေးဖို့အတွက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို တောင်းဆိုထားတာပါ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် မဖြစ်နိုင်ဘူးလို့ ဒေါက်တာသိန်းနိုင်ကဆက်ပြောပြပါတယ်။

“ သီးနှံ နစ်နာကြေးကိစ္စကတော့ ပုဒ်မ ၃၇ (က) နောက် ဖွဲ့စည်းပုံ ၂၀၁၂ လယ်ယာမြေဥပဒေ နည်းဥပဒေ (၆၆) ၂၀၁၇ အရတော့ ဒါ ပြည်ထောင်စုက ပြဌာန်းထားတာ။ ဒီမြေယာသည် နိုင်ငံတော်အကျိုးဌာ ကာလဒေသပေါက်ဈေး သိမ်းလို့ရတယ်ဆိုတော့ ဒါပြည်ထောင်စုအဆင့်ကနေ ဆုံးဖြတ်ရမယ်။ ပြည်ထောင်စုလွှတ်တော်ကို တင်ပြီး ဆုံးဖြတ်ရမယ် ဒါ သမ္မတရဲ့လုပ်ပိုင်ခွင့်ဆိုတော့ ဒီတိုင်းအနေနဲ့တော့ ဘာမှ လုပ်လို့မရဘူး။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြမူတွေဖြစ်ပွားခဲ့တာပါ။ ၅နှစ်ကျော်ကြာခဲ့ပါပြီ။ အကြိမ်ပေါင်း ၃၀၀ထက်မနည်း ဆန္ဒပြခဲ့ပြီး သေနတ်နဲ့ပစ်ခတ်လို့ လူသေဆုံးရတဲ့အထိဖြစ်ပွားခဲ့ရတဲ့ ကြေးနီစီမံကိန်းဟာ ဒေသခံတွေရဲ့ကန့်ကွက်မှုတွကို ဆက်တိုက်ကြုံနေရတာပါ။

ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နိုင်ငံတကာ လူအခွင့်ရေးအဖွဲ့ကြီးဖြစ်တဲ့ (Amnesty International) က ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာတော့ လက်ပံတောင်း ကြေးနီ စီမံကိန်းကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ နဲ့ လူအခွင့်ရေး ချိုးဖောက်မူတွေ ရှိနေတယ်လို့ဖော်ပြထားတာပါ။ ဒီ့အတွက်လက်ပံတောင်းတောင် ကြေးနီတူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ အတွက် လူ့အခွင့်အရေး အဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG