သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း တင်းမာမှု ပြည်ထောင်စုအစိုးရ ကွင်းဆင်း စစ်ဆေးမည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တင်းမာမှုတွေဖြစ်ပွား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တင်းမာမှုတွေဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေကြောင့် တင်းမာမှုတွေ ကြီးထွားလာနေတဲ့အတွက် ပြည်ထောင်စု အစိုးရကိုယ်တိုင် ကွင်းဆင်းစစ်ဆေးဖို့ စီစဉ်နေပါတယ်။ ကြေးနီစီမံကိန်းက စွန့်ပစ်မြေစာတွေကို လျော်ကြေးမယူပဲ သိမ်းထားတဲ့ မြေနေရာတွေမှာ စွန့်ပစ်နေတယ်ဆိုပြီး ဒေသခံတွေ ဒီကနေ့အထိ ကန့်ကွက်နေတဲ့အတွက် အာဏာပိုင်တွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံနေရတာပါ။ အကြောင်းစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေနဲ့ ကြုံနေရစဲဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ယင်မားပင်ခရိုင်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဟာ ဒေသခံတွေသဘောမတူပဲဆက်လုပ်နေတာကြောင့် တင်းမာမူတွေဆက်ဖြစ်နေပြီး ပြဿနာတွေဖြစ်ပေါ်နေတဲ့အတွက် မကြာခင်မှာ ပြည်ထောင်စုအစိုးရ ကိုယ်တိုင်းကွင်းဆင်းကြည့်တော့မှာဖြစ်ပါတယ်။

ဒေသခံတွေကတော့နေစဉ်ဆိုသလို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန်ကွက်တားဆီးနေပေမယ့် စီမံကိန်းကတော့ ဆက်လုပ်နေစဲပဲလို့ ဆိုပါတယ်။ ဒီအတွက် လက်ပံတောင်းအရေးကိုဖြေရှင်းပေးဖို့ အတွက် လွှတ်တော်ကိုယ်စားလှယ် တွေကိုလည်း တင်ပြတောင်းဆိုထားတာပါ။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကတော့ ဒီကိစ္စဟာပြည်ထောင်စုအစိုးရကိုင်တွယ်မဲ့ကိစ္စဖြစ်လို့ မကြာခင်မှာပြည်ထောင်စု ဝန်ကြီးနဲ့ အတူ လက်ပံတောင်းဒေသပြဿနာကိုဖြှေရှင်း ဖို့ သွားရောက်မှာဖြစ်ကြောင်း VOA ကိုအခုလိုပြောသွားပါတယ်။

“အဲဒါက ပြည်ထောင်စုအစိုးရ ကိုင်တာလေ။ သူလာမှာ တို့သူနဲ့လိုက်ရမှာ။ သူ့စေခိုင်းချက် သူ့ညွှန်ကြားချက် အတိုင်း ဆရာတို့က လုပ်ရမှာလေ။ ဒါကြောင့်သူကိုသောင့်နေတာ သူလာမှ သူ့ညွှန်ကြားချက် အတိုင်းဆက်လုပ်မှာ အခုတော့ ဘာလုပ်မယ်ဆိုတာ မပြောနိုင်သေးဘူးလေ။ သူက ဘာလုပ်ခိုင်းမလဲမသိဘူး၊ ဘာမှ အကြံပြုထားတာလည်း မရှိသေးဘူး။ တွေ့တဲ့အခါကျမှ ပြည်ထောင်စုအစိုးရ ညွှန်ကြားတဲ့အတိုင်း ကျနော်တို့ တိုင်းဒေသကြီးအစိုးရက လုပ်ပေးရမှာလေ။ ပြည်ထောင်စုအစိုးရ သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးအုန်းဝင်း သူလာမှာ။ ၉ ရက်နေ့ရောက်မလား ၁၀ ရက်နေ့ရောက်မလားဆိုတာတော့ မသိသေးဘူး။ အဲဒီကျမှ သူနဲ့တွေ့ပြီး ဆက်လုပ်ရမှာလေ။”

လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့နစ်နာကြေး လျော်ကြေး မယူထားတဲ့ ဒေသခံတွေဟာ သူတို့မြေယာတွေ ပေါ်ကို ကြေးနီင်္စီမံကိန်းက စွန့်ပစ်မြေစာတွေ လာရောက်ပုံနေတာကြောင့် ကန့်ကွက်တားဆီးရင်းနဲ့ ၂ရက် ဆက်တိုက် ဆိုသလို လက်နက်ကိုင်ထားတဲ့ ရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမူတွေဖြစ်နေတာပါ။

ဒီနေ့မှာတော့ ဒေသခံတွေကို စီမံကိန်းနယ်ထဲကို ဝင်ရောက်တားဆီးလိုမရအောင် နည်းအမျိုးမျိုးနဲ့ တာဆီးပြီး စီမံကိန်းကို ဆက်လုပ်နေတယ်လို့ ဒေသခံဆရာတော် ဦးအာလောကက မိန့်ပါတယ်။

“သူတို့တူးထားတဲ့ နေရာရှိတယ်ပေါ့ဗျာ အဲဒီထဲကို ဘလိတ်ဓါးတို့၊ သံဆူးကြိုးတို့ချထားတယ်။ ပုလင်းကွဲတွေ နောက်လူထုတွေတက်မလာနိုင်အောင် မှန်ကွဲတွေ၊ ပုလင်းကွဲတွေချထားတယ်ပေါ့ဗျာ။ ဒါပေမယ့် လူထုကတော့ မတရားလုပ်ထားတဲ့အတွက် ဒေသခံလူငယ်တွေအဲဒီကိုသွားပြီးတော့ တားကြတယ်ခင်ဗျ။ ဒီနေ့ပိုပြီးတော့များတယ် ၊ များတယ်ဆိုတာက စနစ်တကျပုံစံမျိုးနဲ့ လူထုလုံးဝတက်မလာနိုင်အောင် သူတို့ကလုပ်ထားတယ်။ ရဲတွေလည်း တိုးချထားတယ်ပေါ့ဗျာ။ ဒေသခံတွေ ထွက်ပြီးတော့ တားတဲ့အချိန်အခါမှာတော့ ခဏနောက်ဆုတ်သွားတယ်ပေါ့နော်။ သူတို့ကတော့ ဒီခြံစည်းရိုးတွေ ကပ်တဲ့အချိန်တုန်းကလည်း ဒီလိုပဲ လူထုက တက်လာလိုက်၊ နောက်ဆုတ်လိုက် နောက်တခါပြန်လုပ်လိုက် ၊ ညမှာလူထုတက်မလာခင် လုပ်လိုက် ၊ ဒီလိုနဲ့ပဲလုပ်ပြီးတော့ သွားတာပဲဗျ။”

အစိုးရသစ် လက်ထက်မှာ ပွင်းလင်းမြင်သားမူရှိဖို့ နဲ့ဒေသခံတွေ သဘောမတူပဲ ဒီစီမံကိန်းကို မလုပ်ဖို့ မြေယာတွေသိမ်း လုပ်နေတဲ့ စီမံကိန်းကို ကန့်ကွက်မူအရှိန် က တစထက်တစမြင့်တက် လာပေမယ့် ကုမ္ပဏီတွေဘက်က ညှိနှိုင်းဆွေးနွေးမူတွေ မရှိတဲ့အတွက် တင်းမာမူတွေ ဆက်ဖြစ်နေတာပါ။ လယ်မြေပြန်ရရေးအတွက် အကြိမ်ပေါင်း ၂၉၀ ထက် မနည်း ဆန္ဒပြခဲ့တဲ့ လက်ပံတောင်းဒေသခံတွေဟာ အစိုးသစ်လက်ထက်အထိ သူတို့ မြေယာပြန်ရရေး ကိုသာ တောင်းဆိုသွားမယ်လို့ပြောဆိုထားတာပါ။ မြန်မာဝမ်ပေါင် ကုမ္ပဏီကတော့ မြန်မာအစိုးရထံကနေ ၂၀၁၃ ခုနှစ်တုန်းက စာချုပ်အသစ်ချုပ်ထားပြီး ဌားရမ်းထားတာဖြစ်လို့ မြေယာ ပြဿနာတွေဟာ အစိုးရနဲ့ သက်ဆိုင်တယ် လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ က VOA ဆက်သွယ်မေးမြန်းစဉ် မှာ ပြောဆိုထားတာပါ။

ကန့်ကွက်ဆန္ဒပြမူတွေအများအပြားကြံနေရတဲ့စီမံကိန်းဟာ သေနတ်တွေပစ်ခတ်မူတွေနဲ့ လူသတ်မူတွေဖြစ်တဲ့အထိ ပြဿနာတွေလည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းကတော့ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြသူတွေကို နှိမ်နင်းခဲ့တာကြောင့် သံဃာအပါး ၁၀၀ ခန့် ဟာ မီးလောင်ဒဏ်ရာတွေ ရခဲ့တာပါ။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ရေး ကော်မရှင် ဖွဲ့စစ်ဆေးခဲ့ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ ဒီစီမံကိန်းကို အရင်တုန်းကတော့ ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွာရေး ဦးပိုင်ကုမ္ပဏီလိမီတက် တို့ကသာ အကျိုးအမြတ် ခွဲဝေယူခဲ့ပြီး အစီရင်ခံစာထွက်အပြီးမှတော့ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ်ခွဲဝေယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG