သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း နှစ်ပတ်လည် ဆန္ဒပြ


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်ဆန္ဒထုတ်ဖော်ပွဲ၊ ရန်ကုန်တွင်ပြုလုပ်စဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃) သတင်းမှတ်တမ်း- ကိုအောင်ရဲမောင်မောင် (VOA)
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်ဆန္ဒထုတ်ဖော်ပွဲ၊ ရန်ကုန်တွင်ပြုလုပ်စဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၃) သတင်းမှတ်တမ်း- ကိုအောင်ရဲမောင်မောင် (VOA)
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြိုနယ်အတွင်းက လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုခဲ့ကြတဲ့ သံဃာတော်တွေ နဲ့ ဒေသခံတွေ အပေါ် အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ နှစ်ပတ်လည်နေ့အဖြစ် ကျင်းပရာမှာ လုံခြုံရေး အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ကြုံခဲ့ရပါတယ်။ သံဃာတော်တွေ အပါအဝင် ဆန္ဒပြသူ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကြတဲ့ အထိ ဖြိုခွင်းခံခဲ့ရပေမဲ့လည်း မကျေနပ်ကြတဲ့ ဒေသခံတွေရဲ့ ဆန္ဒပြပွဲတွေ မကြာခဏ ပေါ်ပေါက်နေဆဲဖြစ်တဲ့ လက်ပံတောင်း စီမံကိန်း နောက်ဆုံး အခြေအနေကိုတော့ ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့နှစ် နိုဝင်ဘာလ ၂၉ရက်နေ့က မီးလောင်ဗုံးနဲ့ ဖြိုခွဲခံရတဲ့ သံဃာတော်တွေနဲ့ လက်ပံတောင်းတောင်ကြးနီစီမံကိန်း ဆန့်ကျင်ကန့်ကွက်နေကြ တဲ့ ဒေသခံပြည်သူတွေဟာ တနှစ်ပြည့်တဲ့နေ့မှာပဲ ဆန္ဒထုတ်ဖော်မူတွေ ဆက်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းကို ဆက်လုပ်နေတဲ့ အတွက် မိုင်းခွဲတဲ့ ဒဏ်ကြောင့်သာသနိက အဆောက်အဦးတွေ အက်ကွဲလာပြီး လယ်တီသိမ်က စိန်ဖူးတော်မြေခခဲ့ကြောင်း ဒီ့အတွက် စိန်ဖူးတော်ပြန်တင်ဖို့ ကြိုးစားခဲ့ရာမှာ ရဲတွေနဲ့ အာဏာပိုင်တွေက ပိတ်ပင်တားဆီးမူလုပ်ခဲ့တယ်လို့ ဆရာတော် ဦးဝိမလက မိန့်ပါတယ်။

"သာသနိကအဆောက်အဦးမှာ လယ်တီမှာ စိန်ဖူးတော်ပြုတ်ကျတယ်။ စိန်ဖူးတော် ပဲ့သွားတဲ့အတွက် အဲ့ဒီ့အတွက် ဦးဇင်းတို့ ဦးဝဏ္ဍသိဒ္ဓိ ဦးဆောင်ပြီးတော့ စိန်ဖူးတော် အသစ် တင်ဖို့ သွားတာပါ။ အဲ့တာကို တားဆီးပိတ်ပင်တာပါ။ အာဏာပိုင်အဖွဲ့အစည်းကတော့ အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းရယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရယ်က ဦးဇင်းတို့ကို ပိတ်ဆို့တာပါ။

နေ့လည်ပိုင်းမှာတော့ သိမ်းဆည်းထားတဲ့မြေယာတွေနဲ့ ပတ်သက်လို့ နစ်နာမူတွေ အတွက် ဒေသခံ အင်အား ၁၀၀ကျော်နဲ့ အတူ သံဃာတော်များက လက်ပန်တောင်းတောင် မိုးကြိုပြင်ရွာမှာတော့ ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ခဲ့ကြပါတယ်။ တောင်းဆိုချက် ၁၀ချက် ကို တောင်းဆိုခဲ့ကြောင်း ဒေသခံ ဆရာတော် ဦးဝဏ္ဍသိဒ္ဓိကပြောသွားပါတယ်။

"တောင်းဆိုချက်ကတော့ ၁၀ချက်တောင်းဆိုတယ်လေ။ မီးလောင်ဗုံးနဲ့ပစ်တဲ့ ကိစ္စတွေ၊ အမြန်ဆုံးဖော်ထုတ်ပေးဖို့၊ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ခွင့်ပြုချက်အတိုင်း လုပ်ဆောင်ပေးဖို့ ဆိုတာတွေပေါ့လေ။ ကျေးရွာတွေ ကို ဒေသခံရွာသူရွာသား သဘောမတူဘဲ ရွှေ့ပြောင်းဖို့ စီစဉ်တဲ့ကိစ္စ၊ မလုပ်ဖို့ တောင်းဆိုချက် ၁၀ချက်နဲ့ လုပ်ဆောင်လိုက်တယ်။ အကြမ်းဖက်ဝါဒ ချုပ်ငြိမ်းရေးရယ် နောက် ပုဒ်မ ၁၄၄ဖျက်သိမ်းပေးရေး၊ဆိုတာတွေလည်းပါတယ်။ "

ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာလ ၂၉ရက်နေ့မှာ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက မီးလောင်ဗုံးနဲ့ ဖြိုခွဲခဲ့တဲ့အတွက် သံဃာ အတော်များများ မီးလောင်ဒဏ်ရာများရရှိခဲ့ပါတယ်။ ဒီ့နောက် လက်ပံတောင်း အရေးကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စစ်ဆေးမူ လုပ်ခဲ့ပြီး အကြံပြုချက်တွေကို အကောင်အထည်ဖော်တဲ့ ကော်မတီ ကိုပါ ဖွဲ့စည်းထားတာပါ။

တနှစ်သာကြာသွားပေမဲ့ စီမံကိန်းကြောင့် သိမ်းဆည်းထားတဲ့လယ်မြေတွေကို တန်ရာတန်ကြေး နစ်နာကြေးမရတဲ့ အတွက် ဒေသခံတွေက တောင်းဆိုနေ ဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးပြီးနောက် အကြံပြုထားချက်တွေကို ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော် ဖို့တောင်းဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ၁၄ရက်နေ့ကတော့ လက်ပံတောင်းတောင် မိုးကြိုးပြင် တောင် ရွာဘက်မှာ ဒေသခံတွေရဲ့ စိုက်ခင်းတွေကိုဖြတ်ကာ အာဏာပိုင်တွေက ရွာထိပ်မှာ ရဲကင်းတွေ တည်ဆောက်ထားပြိး ရွာအဝင်အထွက် စစ်ဆေးမေးမြန်းမူတွေ လုပ်ခဲ့တာပါ။ ဒီ့အတွက် ကြေးနီတောင် စီမံကိန်းကိုစောင့်နေတဲ့ ရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမူတွေဖြစ်ပြီး ရဲတွေကသေနတ်နဲ့ ပစ်ခတ်မူတွေကြောင့် လူ ရဦးထိခိုက် ဒဏ်ရာများ ရရှိခဲ့သလို ဒေသခံတွေက လောက်လေးဂွတွေနဲ့ပစ်ခတ်မူကြောင့်ရဲ ၈ဦး လည်း ဒဏ်ရာများရရှိခဲ့ပါတယ်။

လက်ပံတာင်း ကြေးနီစီမံကိန်းကို မြန်မာစီးပွားရး ဦးပိုင်နဲ့ မြန်မာဝမ်ပေါင်တို့ ပူးပါင်းလုပ်ဆေင်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ လယ်မြေဧကပေါင်း ၇၈၀၀ကျော် သိမ်းယူခဲ့ပြီး ရွာပေါင်း ၄ရွာကို ဖယ်ရှားခိုင်းခဲ့တာကြောင့် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်မူများဖြစ်လာခဲ့ပါတယ်။

ဒါကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သံဃာတော်တွေနဲ့ ဒေသခံတို့ ဒီကနေ့ ဆန္ဒပြခဲ့တဲ့အကြောင်း မအေးမာ သတင်းပေးပို့ခဲ့တာပါ။

ဒါနဲ့တဆက်တည်းပဲ ရန်ကုန်မှာလည်း ဒါဇင်နဲ့ချီ ဆန္ဒပြသူတွေဟာ တရုတ်သံရုံးရှေ့ကို ချီတက်ပြီး ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ လက်ပံတောင်းကြေးနီစီမံကိန်း ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့မှု မှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ အပါအဝင် တောင်းဆိုချက် တချို့ကို တောင်းဆိုခဲ့ကြပြီးတော့ တရုတ်အလံကိုလည်း မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

"ဟုတ်ကဲ့။ ဒီနေ့ နေ့လည် ၂နာရီက စပြီးတော့ မြို့တော်ခမ်းမရှေ့ကနေပြီးတော့ တရုတ်သံရုံးရှေ့ကို ဆန္ဒပြ လမ်းလျောက်ထွက်ကြတယ်ဗျ။ လူဦးရေ အယောက် ၃၀လောက် ပါတယ်ခင်ဗျ။ အဓိက ကြွေးကြော်သံတွေကတော့ တရုတ်ဝမ်ပေါင် ကုမ္ပဏီထွက်သွားရေးတို့၊ ပုဒ်မ ၁၈ဖျက်သိမ်းရေးတို့ နောက် မီးလောင်ဗုံးသုံးပြီးတော့ ဖြိုခွင်းခဲ့တာ တစ်နှစ်ပြည့်ပြီ ဆိုပေမဲ့ လက်ရှိအချိန်အထိ အစိုးရက တရားခံတွေကို ဖော်ထုတ်အရေးယူတာမရှိသေးဘူးဆိုပြီး အဲ့တာတွေကို ဖော်ထုတ်အရေးယူပေးရေး၊ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ တရုတ်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ကြတယ်။
ဆန္ဒပြသူတွေ တရုတ်အလံကို မီးရှို့နေကြစဉ်။
ဆန္ဒပြသူတွေ တရုတ်အလံကို မီးရှို့နေကြစဉ်။

" အဲ့လို ဆန္ဒဖော်ထုတ်လာကြပြီး တရုတ်သံရုံးရောက်တဲ့အခါမှာတော့ ရဲဦးရေ ငါးဆယ်လောက်က ဆန္ဒပြသူတွေ တရုတ်သံရုံးရှေ့မရောက်အောင် လမ်းထိပ်မှာ ပိတ်ပြီးတော့ တားတယ်ဗျ။ အဲ့တာနဲ့ ဆန္ဒပြသူတွေက ပါလာတဲ့ တရုတ်နိုင်ငံရဲ့ အလံကို ထုတ်ပြီးတော့ မီးရှို့ပြီးတော့ ဆန္ဒဆက်ပြပြီး လမ်းဖွင့်ပေးဖို့ တောင်းဆို တယ် ခင်ဗျ။ အာဏာပိုင်တွေဘက်က လမ်းဖွင့်ပေး တာတော့ မရှိဘူးပေါ့။ ညနေ ငါးနာရီခွဲ၊ ခြောက်နာရီလောက်အထိ သူတို့ သံရုံးရှေ့က လမ်းမှာ ထိုင်ပြီးတော့ ငြိမ်းချမ်းစွာဆန္ဒပြပါတယ်။ အဲ့ဒီ့အချိန်မှာ အာဏာပိုင်တွေက ထိုင်ပြီးတော့ လူစုခွဲပေးဖို့ ပြောပေမဲ့လည်း သူတို့က လမ်းဖွင့်ဖို့ပဲ တောက်လျောက်တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ညနေလောက်ကျတော့ ဆန္ဒပြတာတွေ ရုပ်သိမ်းမယ်ဆိုပြီးတော့ လူစုခွဲပြီးတော့ ပြန်သွားကြတယ်ခင်ဗျ။ "

ဆန္ဒပြသူတွေဟာ အခုလိုဆန္ဒပြဖို့အတွက် အာဏာပိုင်တွေဆီမှာ ကြိုတင်ခွင့်ပြုချက်မတောင်းခဲ့ဘူးလို့လည်း သိရပါတယ်။
ဒါကတော့ ရန်ကုန် တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့ကြတဲ့အခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်ကို မေးမြန်းတင်ပြထားတာပါ။
XS
SM
MD
LG