သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဦးအောင်မင်း လက်ပန်းတောင်းတောင် သပိတ်စခန်းကို သွားရောက်


ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေးအတွက် ဒေသခံတွေက သပိတ်စခန်းတွေ ဖွင့်ပြီး တောင်းဆိုမူတွေ လုပ်ဆောင်နေတာကို ပြည်ထောင်စုဝန်ကြီး ဦအောင်မင်းနဲ့အဖွဲ့ သောကြာနေ့ကပဲ လာရောက် တွေ့ဆုံသွားခဲ့ပါတယ်။ ဒီလို လာရောက်မှုဟာ အခြေအနေကို လာရောက်စုံစမ်းတာပဲ ဖြစ်တယ်လို့ ပြောပြီး မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ တရုတ်ရဲ့ ကျေးဇူးကို ထောက်ထားဖို့လည်း ဝန်ကြီးက ပန်ကြားသွားပါတယ်။ ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းက မအေးအေးမာ တင်ပြထားပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမိတက်နဲ့ တရုတ်နိုင်ငံက မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်နေတဲ့ လက်ပန်းတောင်း တောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေးအတွက် သပိတ်စခန်း ဖွင့်ထားတဲ့ သံဃာတော်တွေနဲ့ ကျောင်းသားတွေ၊ ဒေသခံတွေ ရှိတဲ့နေရာကို နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လာရောက်ခဲ့ပါတယ်။ သံဃာတော်တွေနဲ့ ဒေသခံတွေကို သူ ပြောသွားခဲ့တာကတော့ -

“နံပတ်တစ်အချက်က ဘာလဲဆိုတော့ ၁၉၈၈ ခုနှစ် တိုင်းပြည်ပျက်တဲ့အခါမှာ စားစရာမရှိဘူး။ စားစရာမရှိတဲ့အခါမှာ တရုတ်ဆီကနေ မူဆယ်လမ်းကြောင်းကနေ သွင်းရတယ်။ မူဆယ်လမ်းကြောင်းကနေ သွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ ရတာ။ အဲဒီကျေးဇူးတွေ သူ့ကို ပြန်ပြီးတော့ ကြည့်ရမယ်။ တပည့်တော်တို့ နယ်စပ်မှာ ထကြွသောင်းကျန်းတဲ့ ဗကပ တွေကို တရုတ်ပြည်ကနေ ထောက်ပံ့ထားတာ၊ ဆန်တွေ ပိုက်ဆံတွေ အကုန်လုံး ထောက်ပံ့တာ။ အဲဒီတော့ ဒီအဖွဲ့တွေ အားလုံးကို တပည့်တော်တို့က လိုက်တိုက်နေရတဲ့ အခါမှာ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘာမှ မလုပ်နိုင်ဘူး။ အဲဒီတော့ ဒီ တရုတ်အစိုးရက နောက်က ထောက်ပံ့ထားလို့။ အကယ်၍ တရုတ်နဲ့ စိတ်ဆိုးသွားရင်၊ အကယ်၍ နယ်စပ်ဒေသတွေမှာ အဲဒီလို ပြန်ပြီးတော့ ဟိုကနေ ထောက်ပံ့ ဒီကနေ့ ထောက်ပံ့တွေ လုပ်လိုက်ရင် တပည့်တော်တို့က စီးပွားရေး လုပ်ဖို့အတွက်ကို နောက်ကို ပြန်လှည့်ကြည့်နေရမယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ မြစ်ဆုံ စီမံကိန်းတောင် တပည့်တော်တို့ကို တရုတ်အစိုးရက အတော် စိတ်ဆိုးနေပြီ။”

ဒေသခံတွေကတော့ လယ်မြေဧကပေါင်း ၇,၈၀၀ ကျော်နဲ့ ရွာ ၄ ရွာ ဆုံးရှုံးမှုအပြင် မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို တရုတ်နိုင်ငံကိုပဲ ပေးနေရတဲ့အတွက် ကျေးဇူးမဆပ်နိုင် တော့တဲ့အကြောင်း လက်ပန်းတောင်းတောင် ဒေသခံတဦးက အခုလို ပြောပါတယ်။

“အခု လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဟာ ရွာ ၄ ရွာပဲ ဦးတည်ထားပေမဲ့ ရွှေ့ရမယ့် ရွာတွေက တွက်ကြည့်တော့ ရွာပေါင်း ၄၀ မကဘူး ရွှေ့ရမယ်။ အဲဒီတော့ ဒီဒေသမှာ ဒီစီမံကိန်း လုံး၀ မရှိသင့်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ကို ကြောက်စရာ မလိုဘူး။ ကိုယ်ထူကိုယ်စနစ်နဲ့ တရုတ်ကို ကျေးဇူးဆပ်လိုက်တာ များလွန်းလို့ ပဲခူးရိုးမကြီးလည်း ကျမတို့ ကုန်ခဲ့ပြီးပြီ။ မြန်မာနိုင်ငံရဲ့ သယံဇာတ ပစ္စည်းတွေလည်း ကုန်ခဲ့ပြီးပြီ။ ကျမတို့ တရုတ်ကို လုံး၀ ကျေးဇူး မဆပ်နိုင်တော့ဘူး။”

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေတဲ့ ဒေသခံတွေကို အကူအညီပေးနေတဲ့ ကျောင်းသား ခေါင်းဆောင် ကိုဟန်ဝင်းအောင်ကတော့ ဦးအောင်မင်း လာရောက်တာဟာ လက်ပန်းတောင်းတောင်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ပါလာတာမျိုးတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ဒီဘက်က ဒေသခံတွေပြောတဲ့ ဒီ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး အဆိုကိုတော့ သူ နားထောင်ပါတယ်။ ဒါပေမဲ့ ဘာတွေ လုပ်ပေးမယ်၊ ညာတွေ လုပ်ပေးမယ်၊ နောက်ဆက်တွဲ ဘာဆိုတဲ့ဟာ ခုချိန်ထိ ဘာမှ ထူးခြားတာ မရှိသေးဘူး။”
လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လက စပြီး လယ်ယာမြေတွေကို သိမ်းယူမှုကို အကြောင်းပြုပြီး ဒေသခံတွေ စတင် ဆန္ဒပြခဲ့ကြတာပါ။ စီမံကိန်းက စွန့်ပစ်ခဲ့တဲ့ မြေဇာတွေကြောင့် ဒေသခံတွေရဲ့ လယ်မြေတွေ ပျက်စီးမှုကို အကြိမ်ကြိမ် တားဆီးခဲ့ပေမဲ့ ဒေသခံ အာဏာပိုင်တွေက လျစ်လျူရှုခဲ့ပြီး အဲဒီဒေသမှာ သွားလာလှုပ်ရှားခွင့်တွေကို ကန့်သတ်တဲ့အနေနဲ့ ပုဒ်မ (၁၄၄) ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းရဲ့ ရှေ့ဘက်မှာ လုပ်နေတဲ့ စံပယ်တောင် ကြေးနီ စီမံကိန်းကြောင့် ဒေသခံတွေရဲ့ သဘာဝရေမြေ ပျက်စီးမှု၊ သောက်သုံးရေ သုံးစွဲလို့ မရတော့တာ တွေကြောင့် ဒေသခံတွေဟာ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ရေးကို တစိုက်မတ်မတ် တောင်းဆိုလာတာ ဖြစ်ပါတယ်။

လက်ပန်းတောင်းတောင်၊ စပယ်တောင် ကြေးနီ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ပြည့်သူ့လွှတ်တော် မှာလည်း အဆိုတင်သွင်းမှုတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့က လုပ်ခဲ့ပါတယ်။ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းကလည်း လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ ပတ်သက်လို့ အချက်အလက် လာရောက် ယူတာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတထံကို ဒေသခံတွေရဲ့ ပြောကြားချက်တွေကို တင်ပြပေးမယ်လို့ ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG