သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်သူဒေါ်ခင်ဝင်း သေဆုံးမှု လူ့အခွင့်အရေးကော်မရှင် အစီရင်ခံဖို့ ပြင်ဆင်


စစ်ကိုင်းတိုင်းအတွင်းက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေး ဒေသခံပြည်သူနဲ့ရဲလုံခြုံရေးတွေကြား ပဋိပက္ခအတွင်း သေနတ်ဒဏ်ရာနဲ့ သေဆုံး ခဲ့ရတဲ့ ဒေါ်ခင်ဝင်းအမှုကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ ကွင်းဆင်းစုံစမ်းမှု အဆုံးသတ်ပြီဖြစ်ပြီး နိုင်ငံတော်သမ္မတကို တင်ပြတော့မှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သေဆုံးသူဒေါ်ခင်ဝင်းအမှု မျှတတဲ့တရားစီရင်မှုရစေဖို့ ရဲစခန်းမှာ အမှုဖွင့်ထားသလို ပုဒ်မ ၁၄၄ ချိုးဖောက်မှု ခြံစည်းရိုးဖျက်မှုအပါအဝင် ပုဒ်မမျိုးစုံနဲ့တရားစွဲခံနေရတဲ့ လက်ပံတောင်း တောင်သူချို့ရဲ့အမှုတွေကို မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့ကလည်း ဆောင်ရွက်နေပါတယ်။ လက်ပံတောင်းတောင်အရေး ဆန္ဒပြသူအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အခြေအနေအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း လျော်ကြေးမယူထားတဲ့ တောင်သူ လယ်သမားတွေရဲ့ လယ်မြေကို ခြံစည်းရိုးခတ်တဲ့အပေါ် ဒေသခံပြည်သူတွေက တားဆီးကြရင်းရဲလုံခြုံရေးတွေနဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ တင်းမာမှုတွေဖြစ်ချိန် ဦးခေါင်းမှာ သေနတ်ဒဏ်ရာရပြီးတော့ မိုးကြိုးပြင်ရွာသူ တောင်သူဒေါ်ခင်ဝင်းသေဆုံးခဲ့ရတာပါ။ ဒီအမှုနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း ရှိ-မရှိ အထူးစုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ကွင်းဆင်းသက်သေစစ်ဆေးချက် ယူခဲ့တာ ဇန်နဝါရီလ (၃) ရက်နေ့မှာ အဆုံးသတ်ပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောပါတယ်။

“ကျနော်တို့ကော်မရှင်ကတော့ အဖွဲ့တဖွဲ့လွှတ်ပြီး စုံစမ်းစစ်ဆေးတာပေါ့ဗျာ။ စုံစမ်းစစ်ဆေးတဲ့အဖွဲ့ကတော့ ကျနော်တို့သိသလောက် ၃ ရက်နေ့မှာပြီးသွားပြီလေ။ စစ်တာကတော့ ဦးဇော်ဝင်း၊ နောက် ဒေါက်တာဉာဏ်ဇော်၊ ဦးစိုးဖုန်းမြင့်တို့ သုံးဦး၊ ကျနော်တို့ ကော်မရှင်လူကြီးသုံးဦး။ သူတို့ဖွဲ့ပြီးတော့သွားစစ်တာပါ။ အဓိကကတော့ ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ပတ်သက်လို့ ဘယ်လိုဖြစ်ပွားသလဲ၊ လူ့အခွင့်အရေး ထိခိုက်နစ်နာမှု ရှိသလားဆိုတဲ့အချက်ကို စစ်ဆေးတာပါ။”

လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးချက်တွေကို နိုင်ငံတော်သမ္မတထံ သမ္မတရုံးကတဆင့် တင်ပြအစီရင်ခံမှာဖြစ်ပြီး အများပြည်သူ သိရှိနိုင်အောင် သတင်းထုတ်ပြန်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဒုဥက္ကဋ္ဌက ပြောပါတယ်။

“ကွင်းဆင်းစစ်ဆေးတာတွေကိုတော့ နိုင်ငံတော် သမ္မတရုံးကို တင်ပြပါမယ်။ ပြီးရင် ကျနော်တို့ရဲ့အင်တာနက်ကနေပြီးတော့ ပြည်သူကိုလည်း ကျနော်တို့ သတင်းထုတ်ပြန်ပါမယ်။”

ဒီလိုလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုအဆုံးသတ်တဲ့နေ့ဇန်နဝါရီ (၃)ရက်နေ့မှာ ဒေါ်ခင်ဝင်းအမှုကို ဆားလင်းကြီးရဲစခန်းမှာ သက်ဆိုင်ရာ မိသားစုက အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ ဒီအမှုကို ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့က ရှေ့နေကြီး ဦးသိန်းသန်းဦးက တိုင်ကြားမှုရဲ့နောက်ဆုံးအခြေအနေ အခုလိုရှင်းပြပါတယ်။

“နောက်ဆုံးအခြေအနေထိကတော့ ကျနော်တို့ကို အကြောင်းမကြားသေးပါဘူး။ ဒါပေမယ့် အဖြေပေးရမှာပါ။ မပေးလို့မရဘူးလေ။ ဒေါ်ခင်မာအေးက တရားလိုလုပ်ပီးတော့ ဖွင့်တာပေါ့။ လူသတ်မှုနဲ့ဖွင့်တာ။ ကျနော်တို့က သေမှုသေခင်းလို့ ပြောရအောင်က ဘယ်သူသတ်လို့သတ်မှန်းမသိတဲ့ အနေအထားမျိုး မဟုတ်ဘူးလေ။ ….. အခုဟာက သေနတ်နဲ့ပစ်သတ်တာ မြင်နေရတာကို။ ဘယ်သူတွေပစ်တယ်ဆိုတာလည်း ရွာသားတွေ မြင်တဲ့ သက်သေအထောက်အထားတွေရှိတော့ ဒါတွေ စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတာပေါ့။ ပြည်သူတယောက်ကပထမသတင်းတရပ် ဖွင့်လှစ်တယ်ဆိုရင် အဲဒီ --- ကို ဖွင့်ပေးရမှာပဲ။ ဒီတိုင်ချက်အတိုင်း စုံစမ်းစစ်ဆေးဖို့ လိုတယ်၊ မလိုဘူးဆိုတာက နောက်တပိုင်းပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ကတော့ ရွာသားတွေဆီက ထွက်ချက်တွေကို စုစည်းပြီးတော့ သူတို့ဖြစ်ချင်တဲ့ သူတို့ဆန္ဒအတိုင်း ကျနော်တို့က တင်ပေးလိုက်တာပဲ။ သူ့ခေါ်စစ်ရင်လည်း အမှန်တိုင်း အကုန်ပြောနိုင်ပါတယ်။ အဲဒိအမကြီးက။”

မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ဥပဒေအကျိုးဆောင်ရှေ့နေတွေဟာ ဇန်နဝါရီလ ၃ ရက်နေ့က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းနယ်မြေ အနီးက မိုးကြိုးပြင်ရွာနဲ့ ဆည်တဲရွာနဲ့ အနီးနားကရွာတွေကသူတွေဆီ သွားရောက်ခဲ့ပြီး ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေ ကို စုံစမ်းမေးမြန်းခဲ့ပြီး မျက်မြင် သက်သေတွေ အပေါ်စစ်ဆေးချက်တွေနဲ့ လုံလောက်တဲ့ သက်သေခံပစ္စည်းတွေကိုလည်း စုဆောင်းထားရှိတယ်လို့ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

“သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဥပဒေကြောင်းအရ ဆက်သွားစရာတွေ ပြင်ပြီးသားပါ။ ကျနော်တို့မှာ အထောက်အထားတွေ ရှိပါတယ်။ ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေ ရှိပါတယ်။ ဆရာဝန်ဆေးစစ်ချက်တွေရှိတယ်။ ဒဏ်ရာရတာကို ပစ်ထားတာ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်တာ လက်ကိုင်ဖုန်းနဲ့ရိုက်ထားတဲ့ ဗွီဒီယိုမှတ်တမ်းတွေ ရှိတယ်၊ ဓာတ်ပုံတွေရှိတယ်။”

ဒေါ်ခင်ဝင်းအမှုအပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ ခြံစည်းရိုးခတ်ထားတာကို ဖျက်ဆီးမှုအပါအဝင် ပုဒ်မ ၁၄၄ ချိုးဖောက်မှုစတဲ့ အမှုပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ အမှုတွေကိုလည်း လိုက်လံဆောင်ရွက်ပေးမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ပြောပါတယ်။

“တရုတ်ကုမ္ပဏီကနေပြီး ရွာသားတွေ သံဆူးကြိုးခိုးတယ်ဆိုပြီးတော့ တရားစွဲထားတာ ၇၀ ကျော် ရှိတယ်။ အဲဒါလည်း ပြည်သူလူထုဘက်က ကာကွယ်ပြီးတော့ ကျနော်တို့လိုက်မှာပါ။ နောက်ထပ် သူတို့ မတရားစွဲအုံးမှာတွေ အများကြီးပဲ။ အဲဒါတွေအတွက်လိုက်မယ်။ တဘက်က ခုနက လူသတ်မှုနဲ့ပတ်သက်တဲ့အပိုင်းကို ကျနော်တို့ ပံ့ပိုးမယ်။ ပြီးတော့ ပြည်သူတွေရဲ့နစ်နာမှုအတွက် ကုစားနိုင်တာတွေ ရသမျှ နစ်နာကြေးတောင်းတာတို့၊ နောက် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးဗျ။ အဲဒါကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ဆက်တက်မလို့။”

အခုလို လက်ပံတောင်းတောင်အရေး ဒေသခံပြည်သူတွေနဲ့ ရဲလုံခြုံရေးကြား တင်းမာမှုတွေဖြစ်နေချိန်မှာပဲ ဒေသခံပြည်သူတွေနဲ့အတူ ဆန္ဒတူ တက်ကြွ လှုပ်ရှားသူတွေက ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးတွေမှာလည်း ဆန့်ကျင်ဆန္ဒပြပွဲတွေပြုလုပ်နေချိန်ဖြစ်ပါတယ် ဒီဆန္ဒပြပွဲတွေကို ဦးဆောင်တဲ့ တက်ကြွလှုပ်ရှားသူအချို့လည်း ဖမ်းဆီးထိန်းသိမ်းခံနေရသလို အာဏာပိုင်တွေဘက်က လိုက်လံဖမ်းဆီးမှုရှိလို့ တိမ်းရှောင်နေရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

XS
SM
MD
LG