သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့က တနင်္ဂနွေနေ့ညဦးပိုင်းကျင်းပနေတဲ့ ဂီတပွဲတော်တခုမှာ ပစ်ခတ်မှုဖြစ်တာကြောင့် အခုနောက်ဆုံးသိရှိချက်အရ လူ ၅၀ ထက်မနည်းသေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရ ရှိတဲ့ အကြောင်း Las Vegas မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ ဂီတပွဲ ကျင်းပရာနေရာနဲ့ လမ်းပဲခြားတဲ့ Mandalay Bay ကာစီနိုရဲ့ ၃၂ ထပ်ကနေ တိုက်ခိုက်သူက နေရာယူ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရဲက သတင်းထောက်တွေကို ပြောပါတယ်။

အခုလို ဂီတပွဲတော်မှာ ပစ်ခတ်မှုဖြစ်နေတဲ့အချိန်မှာပဲ ဖြစ်နေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာရှိနေတဲ့ Wynn ဟိုတယ်ကနေ အလုပ်ပြန်လာခဲ့သူ Las Vegas ဒေသခံ ကိုနေလင်းကို လမ်းတလျောက် ရဲလုံခြုံရေးတွေ ထူထပ်စွာ ချထားတာကို မြင်တွေ့ခဲ့ရတဲ့ သူကြုံတွေ့ခဲ့ရတဲ့ Las Vegas ရဲ့ လုံခြုံရေးအခြေအနေနဲ့ Las Vegasမှာနေထိုင်သူတွေ စိုးရိမ်နေကြတဲ့ အနေအထားတွေကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစဖြေပါတယ်။

ကိုနေလင်း။ ။ သူတို့ဖြစ်တာက ၁၀ နာရီ ၁၀ မိနစ် လောက်မှာဖြစ်တယ်လို့ပြောတယ်။ ပြေးလွားနေတဲ့ အချိန်ပေါ့။ အဲဒီလို ပြေးလွားနေတဲ့ အချိန်မှာ ကျနော်ကလည်းပြန်လာတာ။ ကျနော်က ပြန်လာတော့ ၁၀ နာရီခွဲလောက်ပေါ့နော် ကျနော်အလုပ်ကပြန်လာတာ။ အဲဒီတော့ ပြန်လာတော့ ကျနော်တို့ security officer ကျနော်တို့ ဟိုတယ်မှာလည်း ရှိတယ်။ သူကကျနော့်ကိုပြောတယ် ဟိုမှာ active shooting ရှိတယ်တဲ့Mandalay Bay ဘက်မှာဖြစ်နေတယ် သတိထားပြီးသွားလို့ပြောတယ်၊ အဲဒါနဲ့ ကျနော်တို့လည်းပြန်လာတယ် ။ ကျနော်တို့ သွားတဲ့နေရာက Las Vegas ဘူတာဘက်ကိုသွားတာမဟုတ်ဘူး ၊ အဲဒါကိုကျော်ပြီးတော့ ဟိုင်းဝေး I-50 ကိုဝင်တာ I -50 northbound က ပိတ်ထားတယ်။ ပိတ်ထားပြီး ကားတွေအကုန်လုံးလည်းပြည့်ကျပ်နေပြီ ရဲက northbound အ၀င်တွေ အထွက်တွေကို ပိတ်ထားတာပေါ့နော် ပြန်လာတဲ့အချိန် သတင်းတွေလည်းကြားတာပေါ့လေ၊ ကျနော့်သားကလည်း ကျနော့်ကို ဖုန်းဆက်တယ်၊ အဲဒီဘက်မှာ shooting ဖြစ်တယ် အဖေမသွားနဲ့ပေါ့နော် ၊ အဲဒါ ကျနော်လည်း မသွားဘူးပေါ့နော်။ သူလည်း အဲဒီဘက်က ပြန်လာတယ်၊ ကျနော်လည်း ပြန်လာတယ်။ အိမ်ရောက်တော့ သတင်းတွေမှာလည်းပါနေပြီ ပစ်တာတွေလည်း ကြားနေရတယ်။ ပစ်တဲ့ scene တွေလည်း ပြနေတယ်ပေါ့နော်။

မဆုမွန်။ ။ ဟုတ်ကဲ့ အကိုက Las Vegas ဘယ်မှာအလုပ်လုပ်နေတာလဲ

ကိုနေလင်း။ ။ Wynnဟိုတယ်မှာပါခင်ဗျ။

မဆုမွန်။ ။အခုဖြစ်သွားတဲ့နေရာနဲ့က ဘယ်လောက်လောက်များဝေးသလဲ။ အဲဒီနေရာက ဒီလို ဂီတပွဲတော်တွေ ၊ နောက်ပြီး လူစုလူဝေးနဲ့ လုပ်တဲ့အခမ်းအနားတွေ လုပ်လေ့ရှိသလားအကို ၊ အဲဒီအခြေအနေတွေလည်းပြောပြပါ။

ကိုနေလင်း။ ။ဟုတ်ကဲ့ အခုက Mandalay Bay ဆိုတာ တောင်ဘက်ကျတာပေါ့နော် Las Vegas တောင်ဘက် ကျနော်တို့က တော့ မြောက်ဘက်နည်းနည်းရောက်တယ်။ ဘယ်လောက်လောက်ဝေးသလဲဆိုရင်တော့ မှန်းကြည့်ရင် ၃ မိုင်လောက်ဝေးမယ် ထင်တယ် ကျနော်ခန့်မှန်းချေပြောတာနော်။ ပစ်တဲ့လူကတော့ Mandalay Bay ဟိုတယ်ကနေပစ်တာ ၊ ၃၂ ထပ်ကနေလို့ပြောတယ်။ concert လုပ်နေတာက အဲဒီအရှေ့ဆိုတော့ ပြောရင် မျက်စောင်းထိုးလောက်ကျတာပေါ့နော် အဲဒီလို ပစ်တယ်လို့ ပြောတယ်။

မဆုမွန်။ ။အဲဒီတော့ အခုလို အကိုပြန်လာတဲ့အချိန်မှာ လုံခြုံရေးတွေလည်း လမ်းမှာ တလျောက်လုံးတွေ့ခဲ့တယ်ဆိုတဲ့အခါကျတော့ Las Vegas မှာရှိနေတဲ့ လူတွေအနေနဲ့ ဒီလောလောဆယ် ပစ်ခတ်မှုလည်းဖြစ်သွားတယ်၊ဆိုတော့ အကိုယ့်အနေနဲ့ ဘယ်လောက်အထိ စိုးရိမ်မှုရှိပါသလဲ။

ကိုနေလင်း။ ။ဟုတ်ကဲ့စိုးရိမ်တာပေါ့ ကျနော်တို့ကတော့ ဒီဟာ Tourist တွေအများကြီးလာနေတဲ့အချိန် နောက်ပြီး concert လုပ်နေတဲ့အချိန်ကို ပစ်တာခင်ဗျ ။ အားလုံးက စိုးရိမ်တယ် လူတိုင်းလည်း တယောက်နဲ့ တယောက်မေးနေကြတာခင်ဗျ “မင်းဘယ်လိုလဲ ၊ အဆင်ပြေလား”ဆိုပြီးတော့ Text တွေပို့ပြီးတော့ မေးနေကြတာခင်ဗျ ဟိုတယ်တွေက ဘယ်လိုလဲဆိုတော့ အားလုံး lock down လုပ်လိုက်တယ် အပြင်ကလူလည်း အထဲမ၀င်ရဘူး၊ အတွင်းကလူလည်း အပြင်မထွက်ရဘူး။ စိုးရိမ်ကြတာပေါ့ အကုန်လုံးက ။ ပထမပြောတာက ပစ်တဲ့နေရာတွေ အများကြီးဖြစ်တယ်လို့ပြောတာကို။ ဒါပေမယ့် နောက်တော့ ရဲမှူးပြောတာကတော့ ၁ နေရာတည်က ပစ်တာပါ ၊ တခြားနေရာတွေ မရှိပါဘူး။ ဆိုတော့ နည်းနည်း စိုးရိမ်တာ ကျသွားတာပေါ့နော် ဒါပေမယ့် ပထမပြောတော့ ၂ ယောက်သေတယ်၊ နောက်တော့ တဖြေးဖြေးများလာတယ်။ machine gun နဲ့ ပစ်သလိုပစ်တယ်။

မဆုမွန်။ ။ ကိုနေလင်း Las Vegas မှာနေတာ ဘယ်လောက်လောက်များကြာပြီလဲ ။

ကိုနေလင်း။ ။ကျနော်က ၂၀၀၁ ကဆိုတော့ ၁၆ နှစ်ရှိပါပြီ။

မဆုမွန်။ ။အခုလိုမျိုး အစုလိုက်အပြုံလိုက် ဒီဂီတပွဲတော် လုပ်နေတဲ့အချိန်မှာ အပေါ်ကနေ ပစ်တဲ့ဟာမျိုး ဒီလောက်ကြီးကြီးကျယ်ကျယ် ဖြစ်တာ ကြုံခဲ့ဖူးလားအကို။

ကိုနေလင်း။ ။မကြုံဖူးပါဘူး၊ တခါမှ မကြုံဖူးပါဘူး။ အရင်ကတော့ နည်းနည်းပါးပါးလေးတွေရှိတာပေါ့ခင်ဗျ ဒီလို Mass shooting ကတော့ တခါမှ မကြုံဖူးပါဘူး။ အားလုံး shock ဖြစ်တယ် ကျနော်တို့အားလုံး။

မဆုမွန်။ ။အကိုတို့ မနက်ပိုင်းကျရင် အလုပ်သွားတာတို့ လာတာတို့ ဘယ်လိုများ အခုလက်ရှိ Las Vegas ရဲ့ ရဲဌာနဘက်ကရော လုံခြုံအောင်လုပ်ထားပေးမယ်လို့ထင်ပါသလား သူတို့ တယောက်ကလည်း လွတ်နေတယ်လို့ ပြောထားတာလည်းရှိတော့လေ။

ကိုနေလင်း။ ။ဟုတ်ကဲ့ အမျိုးသမီးကတော့ လွှတ်နေတယ် ခုနက ကားနံပတ်တွေရော၊ ဓါတ်ပုံတွေရော TV မှာလာတယ်၊ သူ့ကိုအကြောင်းကြားဖို့ တွေ့ရင် ။ အရှေ့မှာတော့ ရဲတွေအများကြီးပဲ ကျနော်တို့ ဟိုတယ်၊ ၀င်တာရောထွက်တာရော ကိုရှာတယ်။ နဂိုကတည်း ကလည်း လုပ်တယ်။

မဆုမွန်။ ။အခုအကိုနောက်ဆုံးပြန်လာတဲ့အချိန်မှာရော လမ်းမှာ လုံခြုံရေးအခြေအနေ ဘယ်လိုရှိသလဲအကို။

ကိုနေလင်း။ ။street ပေါ်မှာတော့ အများကြီးပဲပေါ့နော် ဖြစ်တာကတော့ Mandalay Bay လမ်းဘက်မှာဖြစ်တယ်။ ကျနော်တို့တော့ အလယ်လောက်မှာပေါ့နော်။

မဆုမွန်။ ။အခု ဒီလိုဖြစ်သွားတဲ့အပေါ်မှာ အကိုလည်း Las Vegas ရဲ့ ဒေသခံတယောက်အနေနဲ့ပေါ့နော် အခုလို အကြမ်းဖက်တိုက်ခိုက်မှု အထူးသဖြင့်ဒီလို ဂီတပွဲတော်မှာ ပစ်ခတ်မှု ဖြစ်တဲ့အပေါ် ဒေသခံတယောက်အနေနဲ့ ဘယ်လိုခံစားရပါသလဲ၊ ဘယ်လိုပြောချင်တာ ရှိပါသလဲ ဒီတိုက်ခိုက်မှုအပေါ်မှာ။

ကိုနေလင်း။ ။ကျနော်တို့ ဒီဲမြို့က အားလုံးသိတဲ့အတိုင်း ဧည့်ခံဖို့ ။ ဒီလိုမျိုးအကြမ်းဖက်တိုက်ခိုက် ခဲ့တယ်ဆိုရင်တော့ အားလုံးအတွက် ဘယ်ကောင်းမလဲ သိတဲ့အတိုင်း ဒီမှာနေတဲ့လူတွေအတွက်လည်းမကောင်းဘူး ၊ လာတဲ့လူတွေ အတွက်လည်းမကောင်းဘူး။ အားလုံးစိတ်မကောင်းဖြစ်တာပေါ့၊ လူတိုင်းက တော်တော်လေးဝမ်းနည်းနေကြတယ်၊ Las Vegas မှာ။

Las Vegas ဒေသခံ ကိုနေလင်းကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG