သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပန်းတောင်းမြေသိမ်းမှု မကျေနပ်သူတွေ ထပ်မံဆန္ဒပြ


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေသိမ်းခံ လယ်သမားများက ၎င်းတို့လယ်မြေများကို ပြန်လည်လုပ်ကိုင်ရန် မေလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်က ဆိုင်းဘုတ်ထောင်စဉ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေသိမ်းခံ လယ်သမားများက ၎င်းတို့လယ်မြေများကို ပြန်လည်လုပ်ကိုင်ရန် မေလ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်က ဆိုင်းဘုတ်ထောင်စဉ်။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ဆားလင်းကြီးမြိ့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး မြေယာအသိမ်းခံခဲ့ရတဲ့ ရွာပေါင်း ၁၄ ရွာက ဒေသခံ ၃၀၀ လောက်ဟာ ဒီကနေ့ လက်ပန်းတောင်းတောင်မှာ အစိုးရ ဖွင့်ထားတဲ့ ဆက်ဆံရေးရုံးကို ညှိနှိုင်းဖို့သွားရောက်ခဲ့ပါတယ်။ ပြေလည်မှုမရတဲ့ အတွက် တရုတ်ကုမ္ပဏီဖြစ်တဲ့ ဝမ်ပေါင်ကုမ္ပဏီကို ချီတက်ဆန္ဒပြဖို့သွားရာမှာ ရွှေလှေဆိုတဲ့နေရာမှာ ရဲအင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တာခံခဲ့ရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေပို့ထားပါတယ်။

စစ်ကိုင်းတိုင်းမုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပန်းတောင်းတောင် ကြေးနီးစီမံကိန်းအတွက် လယ်မြေဧကပေါင်း ၇,၈၀၀ ကျော် သိမ်းယူ ခဲ့ပြီးနောက် ကုမ္ပဏီတွေက နစ်နာကြေးပေးခဲ့ပေမဲ့ တန်ရာတန်ကြေးမပေးတဲ့အတွက် ဒေသခံတွေဟာ သူတို့လယ်မြေတွေကနေ ဖယ်ရှားမပေးဘဲ ဆက်လက် လုပ်ကိုင်စားသောက်ခဲ့ကြပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့မှာတော့ စီမံကိန်းကနေ သိမ်းထားတဲ့မြေယာတွေပေါ်မှာ ရဲအင်အားနဲ့ သံဆူးကြိုး လာ ခတ်ရာကနေ ဒေသခံတွေနဲ့တင်းမာမှု ဖြစ်ခဲ့ရတာပါ။ ဒီကိစ္စကိုညှိနှိုင်းဖို့ ဒေသခံ အင်အား ၃၀၀ ကျော်ဟာ လက်ပန်းတောင်းတောင် ဆက်ဆံရေးရုံးကို ချီတက်ခဲ့ရမှာ အောင်မြင်မှု မရခဲ့တဲ့ အကြောင်း ဒေသခံရွာသူတစ်ဦးက ပြောပြပါတယ်။

“သံဆူးကြိုးလာခတ်တာက- သူတို့က ဘယ်လိုလဲဆိုတော့ လျော်ကြေးမယူတဲ့ လယ်ယာမြေပိုင်ရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ မလုပ်ဘဲနဲ့ ရဲအင်အားနဲ့ ပိုင်ရှင်လာရင်လည်း ပိုင်ရှင်ကို ဖမ်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ ရဲအင်အားကို ရှေ့မှာချထားပြီး နောက်က အလုပ်သမားအင်အားတွေနဲ့ သံဆူးကြိုး လာခတ်တာပါ။ အဲဒီအတွက် ကျမတို့က ဆက်ဆံရေးရုံးကို စောစောက တောင်းဆိုတဲ့အချက်တွေကို ဖြည့်ဆီးပေးဖို့ ဆန္ဒပြတောင်းဆိုဖို့ သွားတာပါ။ သွားတဲ့အချိန်မှာ ကျမတို့တောင်းဆိုတဲ့ ၄ ချက်ကို သူတို့က မလိုက်လျောဘူး။”

သူတို့ရဲ့တောင်းဆိုချက်တွေကတော့ လျော်ကြေးယူမထားတဲ့ မြေတွေပေါ်မှာ သံဆူးကြိုးတွေ မခတ်ဖို့၊ ရဲကင်းတွေ နေရာလာမယူဖို့၊ သူတို့စိုက်ပြီးသား သီးနှံတွေကို မဖျက်ဆီးဖို့၊ စုံစမ်းစစ်ဆေးရေးကော်မရှင်က ချမှတ်ထားတာတွေကို လိုက်နာဆောင်ရွက်ဖို့- စတာတွေကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဆက်ဆံရေးရုံးကအပြန် တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီကို ဆန္ဒပြဖို့သွားရာမှာ ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“လမ်းမှာ ကြွေးကြော်သံမတိုင်ဘဲနဲ့ ကျမတို့ ဒေသခံတွေက ငြိမ်းချမ်းစွာနဲ့ ဝမ်ပေါင်ရှေ့အထိ လမ်းလျှောက်ပြီး တက်မယ်ပေါ့။ အဲဒီလို ပြောတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့က ရွှေလှေရွာအဝင်မှာ ရဲအင်အား လုံထိန်း ၅၀၀ ကျော်နဲ့ ကျမတို့ကို ပိတ်ဆို့ထားတယ်ရှင့်။ အုပ်ချုပ်ရေးမှူးကပေ့ါနော်။ ဒေသခံတွေကို ပြန်လွှတ်တယ်။ ကျမတို့က ရှေ့ဆက်လျှောက်လို့ရှိရင် ကျမတို့နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်မှာဆိုတာကို သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာက သူတို့မှာရှိတာလေ။ သူတို့က ရဲအင်အား ၅၀၀ နဲ့ ကျမတို့ ပြည်သူတွေက မမျှတဲ့အတွက် ကျမတို့ နောက်ပြန်ခေါက်လာခဲ့ရတယ်။”

ရဲအင်အား အလုံးအရင်းနဲ့ ပိတ်ဆို့မှုအတွင်း တင်းမာမှုဖြစ်ခဲ့တာ အချိန် ၂ နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခြေအနေမှန် သိရအောင် ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ဒေသခံတွေကို အကူအညီပေးနေသူတစ်ဦးကတော့ ဒေသခံတွေဟာ ဆက်ဆံရေးရုံးကို သွားခဲ့ပေမဲ့ ဖြေရှင်းပေးနိုင်တဲ့သူတွေ မရှိတဲ့အကြောင်းကို ပြောပြပါတယ်။

“…… ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့မှာ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းမရှိဘူး၊ နောက်ပြီးတော့ ဖြေရှင်းလည်း မပေးနိုင်ဘူး။ အမြဲတမ်းပဲ ဒေသခံတွေကို အထက်ကို တင်ပြပေးမယ်၊ စီမံနေပါတယ်လို့ပဲ အမြဲပဲပြောတယ်။”

မြေယာလျော်ကြေး ယူမထားတဲ့ ဒေသခံတွေဟာ စီမံကိန်းအတွက် တိုင်တွေထူတဲ့အခါ သူတို့ လက်ရှိ စိုက်ခင်းတွေကို ဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။ သံဆူးကြိုးတွေ ခတ်ထားပေမဲ့ သူတို့ စိုက်ခင်းတွေဆီက သီးနှံတွေကို သွားရောက် ယူဆောင်ကြရအုံးမှာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“သံဆူးကြိုးခတ်ထားတဲ့ဟာတွေမှာတော့ သွားလုပ်စားလို့ မရဘူး။ ခတ်ထားတဲ့ ယာခင်းတွေက နှမ်းတွေ၊ ပြောင်းတွေစိုက်ထားတာ။ အခုက သံဆူးကြိုး ခတ်ထားတော့ သွားကြည့်လို့ မရဘူးပေါ့။ ဒါပေမဲ့ ကိုယ့်အခင်း၊ ကိုယ့်ယာကို လျော်ကြေးယူမထားတဲ့ တောင်သူလယ်သမားတွေကတော့ သွားကြမှာပဲ။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ လိမိတက်နဲ့ တရုတ် ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့က ပူးပေါင်း ဆောင်ရွက်နေပြီး ဒေသခံတွေရဲ့ မြေယာတွေကို တန်ရာတန်ကြေးမပေးဘဲ သိမ်းယူခဲ့တာတွေ၊ သာသနာ့အဆောက်အုံတွေ ပျက်စီး ဆုံးရှုံးရမယ့် အခြေအနေတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမဲ့ အခြေအနေတွေ အပေါ် ကျေနပ်မှု မရှိတဲ့အတွက် ပြီးခဲ့တဲ့နှစ်က သပိတ်စခန်းတွေ ဖွင့်ပြီး ဆန္ဒထုတ်ဖော်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့တဲ့အတွက် သံဃာအတော်များများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

ဒေသခံတွေကို စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နစ်နာကြေး မယူရင် အဲဒီနစ်နာကြေးတွေကို ဒေသဖွံ့ဖြိုးရေးအတွက် သုံးစွဲမယ်လို့ အစိုးရက သတိပေးချက် ထုတ်ပြန် ကြေညာထားပါတယ်။ ကျေးရွာပေါင်း ၁၄ ရွာက ဒေသခံပြည်သူတွေက နစ်နာကြေးကိုလည်းမယူ၊ သူတို့လယ်မြေတွေကိုလည်း သိမ်းယူမခံတဲ့အတွက် အခုလို တင်းမာမှုတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG