သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်း ကြေးနီ ထုတ်လုပ်မှု မေလ ပြန် စတင်မည်


ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြနေတဲ့ ဒေသခံများနဲ့ ရဲလုံခြုံရေးများ။
ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြနေတဲ့ ဒေသခံများနဲ့ ရဲလုံခြုံရေးများ။

လက်ပံတောင်းကြေးနီ စီမံကိန်းနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ အကြီးအကျယ် ကြုံခဲ့ပြီးတဲ့နောက် ၂၀၁၃ ခုနှစ်က စလို စာချုပ် အသစ် ပြန်လည် ချုပ်ဆိုခဲ့ရာမှာ၊ အခုတော့ ပထမဆုံးအကြိမ် အဖြစ် ကြေးနီ ထုတ်လုပ်ရေး ကို လာမယ့် မေလမှာ စတင်တော့မှာဖြစ်ပါတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြု ချက်တွေကို အပြည့်အဝလိုက်နာမှု မရှိသေးတာမို့ လာမယ့် လွှတ်တော်မှာ အရေးပေါ် အဆို တင်ပြသွားမှာဖြစ်တယ်လို့ လက်ပံတောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေးနဲ့ သိမ်းဆည်းထားတဲ့ မြေယာတွေပြန်ပေးရေးအတွက် ဒေသခံတွေဟာ ၃နှစ်ကျော်ကြာ ဆန္ဒပြတောင်းဆိုနေပေမဲ့ မကြာခင် မေလမှာ ကြေးနီထုတ်လုပ်ရေး စတင်တော့မယ် ဆိုပြီး မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr.Dong Yunfei က ပြောဆိုလိုက်ပါတယ်။

" အရင်တုန်းက မထုတ်သေးဘူးလေ။ အရင်တုန်းက ကျနော်တို့က တည်ဆောက်ရေး ကာလမို့လို့ တည်ဆောက်ရေးလုပ်ငန်းတောင် မပြီးသေးလို့ အဲ့တာ ထုတ်လို့မရဘူး။ အခုက ၂၀၁၆ မေလပေါ့နော်။ မေလမှာ ပြီးအောင် ကျနော်တို့ ကြိုးစားနေပါတယ်။ မေလကျလို့ရှိရင် ကြေးနီကို ပြန်ထုတ်ဖို့ မျှော်လင့်တာပေါ့နော်။"

စီမံကိန်းအတွက် သိမ်းယူထားတဲ့မြေယာတွေ ပြန်ရရေး အတွက် ၃နှစ်ကျော်ကြာတဲ့ အထိ အကြိမ်ပေါင်း၂၉၀ကျော် ကန့်ကွက် ဆန္ဒပြတောင်းဆိုနေ တဲ့ ဒေသခံတွေ ကတော့ စီမံကိန်း ဖျက်သိမ်းပေးရေး အပါအဝင် အချက် ၁၂ချက် ကို တောင်းဆို ထားပါတယ်လို့ အခုလိုပြောပါတယ်။

" လူသတ်မြေသိမ်း ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေး၊ မတရား သိမ်းဆည်း ထားသော လယ်ယာမြေများ ပြန်လည်ရရှိရေး၊ ဒေါ်ခင်ဝင်းအား ပစ်သတ်လိုက်သော လူသတ်တရားခံကို အမြန်ဆုံး ဖမ်းဆီး အရေးယူပေးရေး၊ မီးလောင်ဗုံးတရားခံ အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရေး ခုနှစ်ချက်ပေါ့။"

ဒေသခံတဦးကလည်း အခုလိုပြောပါတယ်။

"ဒီကုမ္ပဏီကြီး ရှိနေသရွေ့ ဒေသခံတွေအတွက် ဆိုးကျိုးတွေပဲ ရမှာမို့ ကျမတို့ကတော့ မြေယာ ကို ဒီ့ပြင်ဟာ ဘာနဲ့မှ မလဲနိုင်ဘူး။ ကိုယ့်မြေယာ ပဲ တောသူတွေ က ဒါပဲ လုပ်စား တတ်တာမို့ မြေယာ ကိုတော့ ရောင်းဖို့ရာ လုံးဝ စိတ်ကူးမရှိဘူး။ တကယ်လို့ နောက်မင်းတက်လာလို့ ဒီအတိုင်းပဲဆို တနှစ်စာ၊ တနှစ်စာ လျော်ကြေးတောင်းသွားမယ်။"

နှစ်၃၀ စာချုပ်နဲ့ မြန်မာအစိုးရထံကနေ ၂၀၁၃-ခုနှစ်တုန်းက စာချုပ်အသစ်ချုပ်ထားပြီး ဌားရမ်းထားတာဖြစ်လို့ မြေယာ ပြဿနာတွေဟာ အစိုးရနဲ့ သက်ဆိုင်တယ် ဆိုပြီး မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောဆိုလိုက်ပါတယ်။

"ဒီတခုလုံးက အစိုးရဆီက ကျနော်တို့က ဌားထားတာလေ။ ဦးပိုင်ကုမ္ပဏီက အစိုးရဆီက ဌားတာ။ ကျနော်တို့က ဦးပိုင်ဆီက ပြန်ဌားတာ။ အဲ့ဒီ့တော့ ဒီမြေကိစ္စနဲ့ပတ်သက်လို့က အစိုးရနဲ့ အစိုးရနဲ့ပတ်သက်တဲ့အလုပ်ပဲ။ အစိုးရဆီက ဌားထားတာလေ။ စီမံကိန်းပြီးတဲ့အထိ ဌားထားပါတယ်။ အဲ့တာကြောင့် မြေယာနဲ့ ပတ်သက်တဲ့ကိစ္စက အစိုးရ ဆီကို သွားပြီးတော့ ညှိနှိုင်းဖို့ လိုတာပေါ့နော်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာကိုလည်း လိုက်နာခဲ့တဲ့ အကြောင်း ကိုလည်း မြန်မာဝမ်ပေါင် ကုမ္ပဏီဘက်ကတော့ အခုလို ပြောဆိုခဲ့ပါတယ်။

" ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကေ်ာမတီက ၂၀၁၃ ၃လပိုင်းလောက် အစီရင်ခံစာ ထွက်လာတယ်လေ။ အဲ့ဒီ့အစီရင်ခံစာထဲမှာ အကြံပြုချက် တော်တော်များများ ပါပါတယ်။ အဲ့ဒီ့အစီရင်ခံစာ ထွက်ပြီး တဲ့နောက် ပိုင်းပေါ့နော်။ အဲ့ဒီ့အတိုင်း အစိုးရအနေနဲ့ ဒီအကြံပြုချက် အကောင် အထည်ဖော် ကော်မတီပေါ့နော် အဲ့ဒီ့အထဲမှာ ပြည်ထောင်စု ဝန်ကြီးလေးပါးပေါ့နော်။ ဒုဝန်ကြီး ခြောက်ပါးလောက်ပေါ့နော်။ အဲ့လိုမျိုး ခွဲပြီးတော့ ညွှန်ချုပ်တို့ ဒုညွှန်ချုပ်တို့ အဲ့လိုပါတဲ့အခါကျတော့ ကျနော်တို့ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည် အကြံပေးတဲ့ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပါတယ်။"

ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်လည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်ကတော့ ကုမ္ပဏီတွေဟာ အစီရင်ခံစာကို အပြည့်အဝ လိုက်နာမှု မရှိတဲ့ အတွက် ပြည်သူလူထု ကျေနပ်မှု မရှိဘူးဆိုရင် လွှတ်တော်မှာ ဆက်လက်တင်ပြသွားမယ်လို့အခုလိုပြောသွားပါတယ်။

" စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့အချက်တွေပေါ့နော်။ ကျမတို့ လယ်ယာမြေလျော်ကြေး အဓိက ကတော့ လယ်ယာမြေလျော်ကြေးပေးဖို့ သီးနှံလျော်ကြေးပေးဖို့ရာ နောက်ပြီးတော့ ဒေသတွင်းမှာ ရှိတဲ့ ဒေသခံပြည်သူ လူထုကို အလုပ်ကိုင်အခွင့်လမ်းတွေ ပေးဖို့ရာ ဒါတွေကတော့ အခုအချိန်အထိ ဒါတွေဟာ အဆင်မပြေသေးတာကို ကျမတို့ တွေ့ရတယ်။ နောက်တခုက ဒီအစီရင်ခံစာအပေါ်မှာ ပါတဲ့ အချက်တွေ အကုန်လုံးကို အပြည့်အဝ လိုက်နာပြီး အကောင်အထည်ဖော်တာ မတွေ့ရဘူး။

ပြည်သူလူထုရဲ့အသံဆိုတာ ကျမတို့ လွှတ်တော်ကိုယ်စားလှယ်တွေက အမြဲတမ်း နားထောင်နေရတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ပြည်သူလူထုတွေ ကျေနပ်တာ မရှိဘူး။ ပြည်သူလူထုတွေအတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်။ တောင်းဆိုမှုတွေ ရှိနေသေးတယ် ဆိုရင် ပြည်သူလူထု အတွက် ကျမတို့ လွှတ်တော်ထဲကနေ ကျမတို့မှာ ပြောဖို့ရာ တာဝန်ရှိတယ်။ အခုလို အခြေအနေမျိုးအတိုင်း ဆက်ပြီးတော့ လုပ်နေဦးမယ်ဆိုရင်တော့ ဒီဒေသရဲ့ အေးချမ်း တည်ငြိမ်ရေးနဲ့ ဒီဒေသမှာ ရှိတဲ့ ပြည်သူလူထုတွေရဲ့ ဘဝလုံခြုံရေး တရားဥပဒေ စိုးမိုးရေးတွေဟာ ဒီလိုပဲ ထိခိုက်နေမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် တခြားနိုင်ငံတွေက လာရောက်ရင်းနှီးမြှပ်နှံမယ့်သူတွေအတွက်ပါ အနှောင့်အယှက်တွေ ဖြစ်နိုင်တယ်လို့ ကျမကတော့ ဒီလိုပဲမြင်တယ်။ တကယ်လို့ အဲ့ဒီ့လိုမှ မလုပ်ဘူးဆိုရင်တော့ ကျမတို့က ပြည်သူလူထုတွေရဲ့အသံတွေအတွက် လွှတ်တော်ထဲကနေ ဆက်ပြီး ပြောကြရဦးမှာပဲ။

စီမံကိန်းဟာ ပွင့်လင်းမြင်သာဖို့ လိုအပ်နေသလို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ပညာရှင် ဦးဝင်းမျိုးသူကတော့ အခုလို သုံးသပ်ပါတယ်။

"အဲ့ဒီ့မှာ အရေးကြီးဆုံးကတော့ ဒီသတ္တုလုပ်ငန်းကို ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိအောင် စီမံခန့်ခွဲရေး ကော်မတီကို သေချာဖွဲ့ဖို့လိုတယ်။ သဘာဝ ပတ်ဝန်းကျင်ဟာ ပျက်ပြီးသွားရင် ထပ်ခါ ထပ်ခါ ပျက်တဲ့အခါကျတော့ ပိုပြီးတော့ ပြန်ပြင်တဲ့ ကိစ္စမှာ အဖတ်ဆည်လို့မရအောင် ဆုံးသွားခဲ့မှာ ကျနော်တို့ ကြောက် တယ်ပေါ့နော်။ အဲ့ဒီ့တော့ အခုလောလောဆယ် ကျနော်တို့ အစိုးရ အပြောင်းအလဲဖြစ်နေတဲ့ ကာလမှာ သက်ဆိုင်ရာဌာနတွေကလည်း စနစ်တကျ ဝင်ရောက်စစ်ဆေးနိုင်ဖို့ အကန့်သတ်တွေဖြစ်နေတဲ့အခါကျတော့ သတ္တုတွင်း လုပ်ငန်းဟာ မလုပ်သေးတာ ကောင်းပါလိမ့်မယ်လို့တော့ ကျနော်ထင်တယ်။"

၂၀၁၂ခုနှစ်က စီမံကိန်းကို ကန့်ကွက်ဆနပြသူတွေတွေကို နှိမ်နင်းခဲ့တာကြောင့် သံဃာအပါး၁၀၀ခန့်ဟာ မီးလောင်ဒဏ်ရာတွေရခဲ့တာပါ။ ဒီ့အတွက် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ရေးကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီစီမံကိန်းကို အရင်တုန်းက ကုမ္ပဏီ ၂ခုဖြစ်တဲ့မြန်မာ ဝမ်ပေါင်းကုမဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမီတက်တို့ကသာ အကျိုးအမြတ်ခွဲဝေယူခဲ့ပြီး အစီရင်ခံစာထွက် အပြီးမှာတော့ာ စာချုပ်ပြန်လည် ချုပ်ဆိုကာ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေး ဦးပိုင်က ၁၉ ရာခိုင်နှုန်းနဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီက ၃ဝ ရာခိုင်နှုန်း အကျိုးအမြတ် ခွဲဝေယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG