သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံမှု ပူးပေါင်းကြံစည်သူဇေယျာဖြိုး ၅ နှစ်ပြစ်ဒဏ် မလုံလောက်ဟု ဥပဒေပညာရှင်တွေသုံးသပ်


ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်ရာမှာ ပူးပေါင်းကြံစည်ခဲ့သူ ဇေယျာဖြိုး (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)
ဦးကိုနီကိုလုပ်ကြံသတ်ဖြတ်ရာမှာ ပူးပေါင်းကြံစည်ခဲ့သူ ဇေယျာဖြိုး (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)

တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံသူ တရားခံကြည်လင်းနဲ့ အပေါင်း အပါ တရားခံတွေကို သေဒဏ်အပါအဝင် ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရဲ့ အမှုစီရင်ချက်အပေါ် ဆက်လက်ပြီး ပြန်လည်သုံးသပ်ဖို့နဲ့ အကြမ်းဖက်ပုဒ်မတွေနဲ့ပါ တရားစွဲဆိုဖို့ အယူခံဆက်ဝင်နိုင်ရေး ဥပဒေပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ တရားသူကြီးရဲ့ ဒီကနေ့ ဒီစီရင်ချက်မှာ အားနည်းချက်တွေနဲ့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ဆိုတဲ့ ရှေ့နေတွေရဲ့ သုံးသပ်ချက် အမြင်သဘောထားတွေကိုလည်း မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

ရှေ့နေကြီးဦးကိုနီ ကိုလုပ်ကြံသတ်ဖြတ်ခံသူ တရားခံကြည်လင်းနဲ့ အပေါင်းပါ အောင် ဝင်းဇော် တို့ကို တရားသူကြီးက သေဒဏ်ချမှတ် လိုက်ပေမဲ့ နောက်ထပ် တရားခံ တဦး ဖြစ်တဲ့ ဇေယျာဖြိုးကို ပုဒ်မပြောင်းလဲပြီး စီရင်ချက်ချမှတ်လိုက်တဲ့အပေါ်မှာတော့ ကြည်လင်းလက်ချက်နဲ့ အသက်ဆုံးခဲ့ရသူ ကိုနေဝင်းဘက်က တရားဥပဒေအကျိုးဆောင် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သူ ရှေ့နေကြီး ဦးရောဘတ်စန်းအောင်က သူ့အတွက် ပြစ်ဒဏ်ကို တိုးမြှင့်ပေးဖို့နဲ့ ဥပဒေရုံးကနေ တဆင့် အယူခံဆက်တက်သွားမယ်လို့ ပြောပါတယ်။

ဦးကိုနီကိုလုပ်ကြံမှု နောက်ဆုံးစီရင်ချက်ချဖို့ ရုံးထုတ်လာသော တရားခံများဖြစ်ကြတဲ့ အောင်ဝင်းဇော်နဲ့ ကြည်လင်း။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)
ဦးကိုနီကိုလုပ်ကြံမှု နောက်ဆုံးစီရင်ချက်ချဖို့ ရုံးထုတ်လာသော တရားခံများဖြစ်ကြတဲ့ အောင်ဝင်းဇော်နဲ့ ကြည်လင်း။ (ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉)

“ကြည်လင်းကိုတော့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ အရ သေဒဏ်က တခု။ နောက်တခုက ပုဒ်မ ၃၀၂ ၊ ပုဒ်မခွဲ (၂) အရ ထောင်ဒဏ် အနှစ် (၂၀)။ အဲဒါ ကတော့ ကိုနေဝင်းကိုသေစေတဲ့ကိစ္စ၊ နောက် လက်နက်ပုဒ်မနဲ့ပတ်သက်တာကတော့ ၁၉ (ဃ) (စ) အရ ၃ နှစ်စီ ချတယ်။ အောင်ဝင်းဇော်ကိုတော့ သေဒဏ်ချတယ်။ …ဆိုတော့ ကာ ဇေယျာဖြိုးကိုတော့ ၃၀၂ (၁) (ခ)/ ၁၀၉ ကနေပြီးတော့ ရုတ်တရက်ဆိုသလို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၀၁ အရ ပြောင်းပြီးတော့ အမြင့်ဆုံးပေးနိုင်တဲ့ ၇ နှစ်ကို ၅ နှစ်ပဲ ချလိုက်တယ်။ အောင်ဝင်းထွန်းကိုတော့ ၂၁၂ အရ အောင်ဝင်းဇော်ကို သယ်ပေးတဲ့ အတွက် ၂၁၂ အရ ၅ နှစ်ချရမှာကို ၃ နှစ်ပဲချတယ်။ ကျနော်တို့ ဘက်ကတော့ ဇေယျာဖြိုး ကိစ္စနဲ့ပတ်သက်ပြီးတော့ အထက်တရားရုံးတွေကို အဆင့်ဆင့် ပြန်တက်အုံးမှာပါ။ သေဒဏ်ထိုက်တဲ့ပုဒ်မကို ပယ်ဖျက် ပြီးတော့ တရားသေသဘောမျိုး ဆုံးဖြတ်တာကိုလည်း ဥပဒေရုံးကနေတဆင့် ကျနော်တို့ အယူခံဝင်မယ်။ နောက် လတ်တလော ချမှတ် ထားတဲ့ ၂၀၁ အရလည်း ပြစ်ဒဏ်ကိုတိုးမြှင့်ပေးဖို့ ထပ်တက်အုံးမှာပဲ။”

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရဲ့ အမိန့်စီရင်ချက်ချမှတ်တဲ့အပေါ် ကျေနပ် အားရမှုမရှိသလို အမှုသွားအမှုလာအရ လိုအပ်ချက် အားနည်းချက်တွေ များစွာရှိ နေသေးတယ် လို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်က လူ့အခွင့်အရေးရှေ့နေကြီး သိန်းသန်းဦးက သုံးသပ်ပါတယ်။

“အပြည့်အဝသဘောမတူဘူးဗျ။ ဒါက ၃၀၁ (ခ) လူသတ်မှုကို ကြိုတင်ကြံရွယ်ချက်နဲ့ ပူးပေါင်းဆောင်ရွက်ကြတာပဲ။ အကြံတူတခုကို ပူးပေါင်းဆောင်ရွက်ကြတယ်။ တချို့က အမှုအခင်းဖြစ်တဲ့နေရာမှာ ကိုယ်တိုင်အထိ ပါဝင်ဆောင်ရွက်တယ်။ တချို့က နောက် ကွယ်ကနေ ပြီးတော့ ပုဒ်မ ၁၀၉ တို့၊ ၃၄ တို့ ရှိတယ်။ ပါဝင်ပူးပေါင်းကြတယ်။ အဲဒီ လူတွေက ပြစ်ဒဏ်တခုတည်းဖြစ်ရမယ်။ အဲဒီလို ပြစ်ဒဏ်တမျိုးတည်း မဖြစ်တဲ့အတွက် အဲဒီအပေါ်မှာ ကျနော် မကျေနပ်ပါဘူး။ ကျနော် ဥပဒေအရ ပြောတာပါနော်။ လူတွေ မြင်ဖူးတာမဟုတ်ဘူး။ အမှန်တော့ တသားတည်းဖြစ်ရမယ်။ နောက်တချက် ဒါဟာ ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ထပ်မံ အရေးယူဆောင်ရွက်ရမယ့် အမှုဖြစ် ပါတယ်။ အဲဒီရဲ့ပုဒ်မ ၃ (ခ) မှာဖော်ပြထားတဲ့ အကြမ်းဖက်မှုတွေနဲ့ အပ်ကျမတ်ကျ ကိုက်ညီနေတဲ့အတွက် ဒီ ကိုနေဝင်းနဲ့ ဦးကိုနီကို သတ်မှုသက်သက်နဲ့ လုပ်လို့မရဘူး။ ဒါ တိုင်းပြည်ရဲ့ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားသွားအောင်လို့ လူပုံအလယ်မှာ အများပြည်သူ အထိတ်တလန့်ဖြစ်သွားအောင် တမင်တကာ လုပ်ပြတဲ့အမှု ဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုဥပဒေအရ ဆက်လက်ပြီးတော့ ထပ်ပြီးတော့ တရားစွဲဆိုဖို့ ဆောင်ရွက်ရ မယ်လို့ ကျနော် ပြောချင်တယ်။”

ရှေ့နေကြီးဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ နောက်ကွယ်က စေခိုင်းသူအဖြစ် ဖမ်းဝရမ်း အထုတ်ခံထားရပြီး တရားခံပြေးသတ်မှတ်ခံထားရတဲ့ အောင်ဝင်းခိုင်နဲ့ပတ်သက်ပြီး လည်း ထိုက်တန်တဲ့အပြစ်ဒဏ်ချမှတ်နိုင်ဖို့ သက်ဆိုင်ရာက ထိထိရောက်ရောက် ဆက်လက် အရေးယူ ဆောင်ရွက်ဖို့ သင့်တယ်လို့ ဦးရောဘတ်စန်းအောင်ဘက်က ပြောပါတယ်။

“အောင်ဝင်းခိုင်နဲ့ပတ်သက်လို့ကတော့ တရားခံပြေးမှာပဲ ထားခဲ့တယ်။ သူ့ကို ဖမ်းမိမှ ဆိုတဲ့ သဘောပဲရှိတယ်။ နော်။ ဒါပေမဲ့လို့ အောင်ဝင်းခိုင်နဲ့ဇေယျာဖြိုးတို့ ဖုန်းတွေ အကြိမ်ကြိမ် ပြောဆိုဆက်သွယ်ကြတဲ့ မှတ်တမ်းတွေက တရားရုံးမှာပေါ်တယ်။ တရား သူကြီးက အဲဒါကိုတော့ ဖော်ပြတယ်။ ဒါပေမယ့် မသုံးသပ်ဘူး။ နောက် ရဲကလည်း ရဲလုပ်ငန်းကို ကုန်စင်အောင် မဆောင်ရွက်ဘူး။ အဲဒါထက် ပိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့က တင်ပြရမှာပေါ့လေ-ဒီကိစ္စကို။ အဲဒါကြောင့်မို့လို့ ဒီဟာကို နိုင်ငံတော်အဆင့် ကပဲ ဒါကို ပြန်လည်သုံးသပ်ပြီးတော့ လိုအပ်တာကို ဆောင်ရွက်သင့်တယ်လို့ အဲလိုပဲ ကျနော်တို့ကပြောချင်တယ်။”

တရားခံ အဖြစ် စွပ်စွဲခံရသူ အောင်ဝင်းခိုင်လွတ်မြောက်နေသေးတာ ဇေယျာဖြိုးအပေါ် ဥပဒေပုဒ်မ ပြောင်းလဲပြီး အမှုစီရင်ချက်ချမှတ်တဲ့ အပေါ်တရားဥပဒေကြောင်းအရ ဆက်လက် စုံစအါး စစ်ဆေးဆောင်ရွက်သင့်တာတွေ ရှိနေသေးတယ်လို့လည်း ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။

“ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အရ သူပိုင်တယ်ဆိုတဲ့ပစ္စည်းတွေ ချိတ်ပိတ်လို့ ရတာပေါ့ဗျာ။ အဲလိုလုပ်စရာကျန်ပါသေးတယ်။ အခု လောလောဆယ်တော့ အမှုပိတ် လိုက်တာပေါ့ဗျာ။ ပိတ်လိုက်တော့ တရားခံပြေးအမှု။ ဟုတ်ကဲ့။ ဒါကတော့ သေချာတာက ၈၇/၈၈ အရ အမှုဖွင့်လို့ရတယ်ဗျာ။ နောက် အရေးအကြီးဆုံးအချက်ကတော့ ဒီအမှုဟာ ၂၀၁၄ ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ လုံးဝ ငြိစွန်းတယ်ဗျ။ အဲဒီ အချက်အလက်တွေ ရှိတေ့ာ အဲဒီဥပဒေကိစ္စတွေ ကျန်နေသေးတယ်-နော်။ ကျနော်တို့ တိုင်းပြည်မှာ ဒါက အများပြည်သူ အထိတ်တလန့်ဖြစ်အောင် လုပ်တာလေ။ အစိုးရအဖွဲ့ကို တုန်လှုပ်ခြောက်ခြားသွားအောင် လုပ်တာ။ စနစ်တကျ ပူးပေါင်းဆောင်ရွက်တာ။ ငွေကြေး စိုက်ထုတ်ကြတာ။ တရားခံကို လွတ်သွားအောင် လိုက်ပို့ပြီးတော့ ဆောင်ရွက်တာ - စတဲ့ အချက်တွေ ပေါင်းလိုက်ရင် ဒီ အမှုသည် သာမန်လူသတ်မှုတခုနဲ့တင် မလုံလောက်ဘူး။ ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရကို စစ်ဆေး စီရင်ရမယ့် အမှုဖြစ်တယ်- လို့ ကျနော် ပြောချင်ပါတယ်။”

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ ချမှတ်လိုက်တဲ့ အမှုစီရင်ချက်နဲ့ ပတ်သက်ပြီး တရားခံတွေဘက်ကလည်း အယူခံ ဝင်သွားဖို့ ရှိတာမို့ ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး တရားလို/ တရားခံတွေဘက်က အထက်တရားရုံး တရားခွင်အဆင့်ဆင့် ဆက်လက် အယူခံဝင်သွားကြဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG