သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအရေးအခင်းကြောင့် အစ္စရေးနဲ့ဟက်ဇ်ဘိုလာ တင်းမာမှုတိုးလာ


Lebanon Israel Palestinians
Lebanon Israel Palestinians

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးစစ်တပ်က ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်တာတွေ စတင် လာချိန်ကစလို့ အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မှာ တင်းမာမှုတွေ ကြီးထွားလာနေပါတယ်။ ဂါဇာမှာ အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေက သူတို့ကို ပဋိပက္ခထဲ ပါဝင်လာအောင် ဆွဲသွင်းရာ ရောက်တယ်လို့ လက်ဘနွန် လက်နက်ကိုင် နိုင်ငံရေးအဖွဲ့ ဟက်ဇ်ဘိုလာ (Hezbollah) က အစ္စရေးကို သတိပေးပြောဆိုထားပါတယ်။ အင်မတန် ရှုပ်ထွေးပြီး အကုန်အကျများမယ့် စစ်ပွဲထဲမှာ လက်ဘနွန်နိုင်ငံ မဖြစ်မနေပါလာရတဲ့အခြေအနေ ဖြစ်လာလိမ့်မယ်လို့ သတိပေးထားပါတယ်။ ဒီအကြောင်း လက်ဘနွန်နိုင်ငံ Beirut မြို့ကနေ Jacob Russell ပေးပို့တဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ဝင်ရောက် တိုက်ခိုက်သိမ်းယူဖို့ အစ္စရေးဘက်က ပြင်ဆင်နေချိန်မှာပဲ ဒါဟာ သူတို့ကို လက်ရှိပဋိပက္ခမှာပါလာအောင် လုပ်နေတာဖြစ်တယ်လို့ လက်ဘနွန် လက်နက်ကိုင် နိုင်ငံရေးအဖွဲ့ ဟက်ဇ်ဘိုလာ (Hezbollah) က ပြောဆိုလိုက်တာပါ။

အစ္စရေးစစ်တပ်နဲ့ ဟက်ဇ်ဘိုလာ တပ်ဖွဲ့တွေကြား နှစ်နိုင်ငံ နယ်စပ်တလျှောက် အပြန်အလှန် တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိသလို ဒီလို နယ်စပ်မှာ တင်းမာမှုတွေ ဖြစ်နေတာကတော့ နှစ်အတော်ကြာနေပါပြီ။

နှစ်ဘက် စစ်ပွဲကြီးဖြစ်တဲ့အဆင့် ပြန်မရောက်အောင် ထိန်းသိမ်းဖို့ စေ့စပ်ညှိနှိုင်းထားတဲ့ စည်းမျဥ်း သတ်မှတ်ချက်တွေကို နှစ်ဘက်လုံးက ခုထိတော့ လိုက်နာနေပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့ဟားမတ်စ် ပဋိပက္ခစတင်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ လက်ဘနွန် နယ်စပ်တလျှောက်မှာလည်း အစ္စရေးနဲ့ တင်းမာမှုတွေပိုဆိုးလာခဲ့ပြီး အကြမ်းဖက်မှုတွေအတွင်း နှစ်ဘက်စလုံး ထိခိုက် သေကြေတာတွေ ရှိခဲ့ပါတယ်။

Mohanad Hage Ali က Carnegie Middle East Center ကပါ။

“အရင် စေ့စပ် ညှိနှိုင်းထားတဲ့ စည်းမျဥ်းတွေနဲ့ ပြီးခဲ့တဲ့ နှစ်ရက်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို နှိုင်းယှဥ်ကြည့်ရင် တင်းမာမှုတွေ ပိုဆိုးလာတာ တွေ့နိုင်ပါတယ်။” “ဒါ့အပြင် အခြေအနေက လက်ရှိ ဘောင်အတွင်းမှာပဲ… ကျနော်တို့ အရင်က မြင်တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှုတွေ တဆင့်တိုး ပိုဆိုး လာတာမျိုး ဆက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက ဒီသတ်မှတ်ချက် စည်းမျဥ်းဘောင်အတိုင်း ဆက်နေသွားမလား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။”

လက်ဘနွန်နိုင်ငံအတွင်းမှာတော့ − ဟက်ဇ်ဘိုလာတွေဟာ တရားမျှတတဲ့ တိုက်ပွဲဘက်ကနေ ခုခံသူတွေ အဖြစ် ထောက်ခံမှု ရထားပါတယ်။ ဟက်ဇ်ဘိုလာ ထောက်ခံသူတဦးက ခုလိုပြောပါတယ်။

“ပါလက်စတိုင်းသား ကလေးငယ်တွေနဲ့ အရပ်သားတွေကို အစ္စရေးက နာကျင်အောင် လုပ်နေတာက အဆင်မပြေပါဘူး။ စစ်ရေးကို စစ်ရေးနဲ့ တုံ့ပြန်ရပါမယ်။”

ဒီလိုမြင်တဲ့သူတွေ ရှိသလို ၂၀၀၆ ခုနှစ် လက်ဘနွန်စစ်ပွဲကို မမေ့နိုင်သေးသူတွေကတော့ အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား နောက်တကြိမ် စစ် ထပ်ဖြစ်မှာကို မလိုလားကြပါဘူး။

“ကျနော်တို့ ကြောက်တာပေါ့ဗျာ။ ကျနော်တို့အိမ်တွေ၊ ကျနော်တို့ရဲ့ တိုင်းပြည်ကို ဖျက်ဆီးပစ်မှာလေ။ ကြုံခဲ့ရတာတွေက လုံလောက်ပါပြီ။ ထပ်မကြုံချင်တော့ပါဘူး။”

အစ္စရေးနဲ့ နောက်တကြိမ် စစ်ဖြစ်လို့ ကြုံရမယ့် ပျက်စီး ဆုံးရှုံးမှုတွေက ထိရှလွယ်တဲ့ လက်ဘနွန် ပြည်တွင်း နိုင်ငံရေး အပေါ်မှာလည်း ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ Carnegie အရှေ့အလယ်ပိုင်း စင်တာက Mohanad Hage Ali က ပြောပါတယ်။

“လက်ဘနွန်နိုင်ငံတွင်း ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့ ၂၀၀၆ အစ္စရေး ဗုံးကြဲတိုက်ခိုက်မှုကြီးလို အခြေအနေတွေ ထပ်ဖြစ်လာရင်တော့ လက်ဘနွန်နိုင်ငံတွင်း အစိုးရ အပြောင်းအလဲတွေပါ ဖြစ်လာနိုင်ပါတယ်။”

ဟက်ဇ်ဘိုလာတွေ ကတော့ တခြား လက်ဘနွန် နိုင်ငံသားတွေရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ စိတ်ဝင်စားပုံ သိပ်မတွေ့ရပါဘူး။ လိုအပ်ရင် တိုင်းပြည်ကို ၂၄ နာရီအတွင်း သိမ်းပစ်လို့ရတယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း ဟက်ဇ်ဘိုလာတပ်မှူးတဦးက ဗွီအိုအေကို ပြောပါတယ်။ ဘေရွတ်မြို့တော်မှာ ပါတီအဖွဲ့ရုံးတွေရှိသလို တခြား အဖွဲ့တွေကို ထောက်ခံသူတွေက တိုက်ခိုက်လာရင် ခုခံဖို့ အသင့်ရှိတယ်လို့ သူက ပြောပါတယ်။

လက်ဘနွန်နိုင်ငံဟာ စစ်ပွဲကာလ နောက်ပိုင်း ပြန်လည် ထူထောင်ရေး ကြိုးစားနေရဆဲဖြစ်သလို၊ လူမှု စီးပွား အကျပ်အတည်း အများအပြားကို ကိုင်တွယ် ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ရေရှည် အကျိုးဆက်တွေကနေ ပြန်လည် ထူထောင်ရေး ကြိုးပမ်းနေတာမှာ ဒီအတွက် လိုအပ်တဲ့ ရန်ပုံငွေကြေးတွေ ရရှိဖို့က ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG